သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီလမ်း သွားလာမှုကန့်သတ်ချက် KNU ဖြေလျှော့


MYANMAR/KNU
MYANMAR/KNU

[[Zawgyi/Unicode]]

ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒူးပလာယာခရိုင်ထဲမှာ ယာဉ်အသွားအလာ လုံးဝ မလုပ်ဖို့ ကေအန်ယူတပ်မဟာ (၆) က တားမြစ် ထားတာကို အခုတော့ လျှော့ပေါ့ပြီး မနက် ၆ နာရီကနေ ညနေ ၇ နာရီအထိ သွားခွင့်ပြုလိုက်ပါတယ်။ အာရှလမ်းမကြီးပေါ်က ကော့ကရိတ်-မြဝတီလမ်းတလျှောက်နဲ့ မြဝတီ-ဝေါ်လေလမ်းတလျှောက် ယာဉ် တွေ ဖြတ်သန်းသွားလာမှုကို မတ်လ ၂၆ ရက်နေ့က တားမြစ်ထားခဲ့ရာက အခုတော့ ကေအန်ယူ ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်ကြောင့် အကန့်အသတ်နဲ့ပြဖွင့်ပေးလိုက်တယ်လို့ ကေအန်ယူ သတင်းပြန်ကြား ရေးတာဝန်ခံတယောက်က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် BGF တပ်ကတဘက်၊ KNU လက်အောက်က ကရင်တိုင်းရင်းသားလက်နက်ကိုင် KNLA၊ KNDO နဲ့ ပြည်သူ့ ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကတဘက် တိုက်ပွဲတွေ မကြာမကြာ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်တဲ့အနေနဲ့ အာရှလမ်းမကြီးရဲ့ ကော့ကရိတ်-မြဝတီ လမ်းတလျှောက်နဲ့ မြဝတီ-ဝေါ်လေလမ်းတလျှောက်မှာ ခရီး သည်တင်ယာဉ်တွေရော ကုန်တင်ကားတွေပါ လုံးဝ သွားလာခြင်းမပြုဖို့ ကေအန်ယူတပ်မဟာ (၆) ဒူးပလာယာခရိုင်က မတ်လ၂၆ ရက်နေ့က စာထုတ် တားမြစ်ခဲ့ပါတယ်။ အဲဒီလို တားမြစ်ထားတာကို ဒူးပလာယာခရိုင် KNU တာဝန်ရှိသူတွေက အကန့်အသတ်နဲ့ ပြန်လည် သွားလာခွင့်ပြုလိုက်တာဖြစ် ပါတယ်။ ကေအန်ယူအတွင်း ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် မနက် ၆ နာရီကနေ ည ၇ နာရီအတွင်း သွားလာခွင့်ပြုခဲ့တယ်လို့ ကေအန်ယူ ဗဟိုကော်မတီဝင်လည်းဖြစ်၊ သတင်းနဲ့ ပြန်ကြားရေး ဒုတိယ တာဝန်ခံလည်းဖြစ်တဲ့ ဖဒိုကလယ်စေးက အခုလိုပြောပြပါတယ်။

“ခရီးသည်ကားမှန်သမျှ ကုန်စည်စီးဆင်းတဲ့ကုန်တင်ကားမှန်သမျှသွားလို့ ရပါတယ်။”

ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ယာဉ်တွေသွားလာတာကိုတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။ နေ့ဘက်သွားလာချိန်မှာလည်း အဖွဲ့အစည်းတာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုလုပ်တဲ့အခါ အသာတကြည် စစ်ဆေးခံဖို့ ထုတ်ပြန်စာထဲမှာ ပြောထားပါတယ်။ စစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့ အခါမှာလည်း မှန်တွေချထားဖို့၊ ဆိုင်ကယ်နဲ့လာရင်လည်း ဦးထုတ်တွေ ချွတ်ပြဖို့ တောင်းဆိုထား ပါတယ်။ အခုလို ဒူးပလာယာခရိုင်ထဲက အာရှလမ်းမကြီးကို အကန့်အသတ်နဲ့ သွားလာခွင့်ပြုတာဟာ ကေအန်ယူဥက္ကဋ္ဌ မူတူးစေးဖိုးရဲ့ ညွှန်ကြားချက်ကြောင့်ဖြစ်တယ်လို့ ဖဒိုကလယ်စေးကပြောပါတယ်။

“ဥက္ကဋ္ဌကြီးရဲ့လမ်းညွန်မှုပေါ့နော်၊ တစ်တ-ချက်က။ မိမိတို့ ကရင်ပြည်နယ်ထဲက ပြည်သူလူထုတွေ ကရင်လူထုတွေအားလုံး ခရီးသွားလာမှု အဆင်ပြေ ချောမွေ့ဖို့နဲ့ နောက်တချက်ကတော့ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု၊ ကုန်စည်ဖလှယ်မှု၊ ကုန်ကူးသန်း ဖောက်ကားသယ်ယူမှုတွေ အခြေခံပြီးတော့။ နောက်တချက်ကတော့ အရှေ့တောင်အာရှတခုလုံးမှာ ကျနော်တို့နိုင်ငံ ဆက်ပြီးတော့ ကုန်စည်စီး ဆင်းမှု အားကောင်းစေဖို့အတွက် အဲဒါတွေကိုရည်ရွယ်ပြီးတော့ ကေအန်ယူဘက်က ဒီလမ်းကို ခွင့်ပြုခဲ့တာ။ အဲဒီအချက်တွေကို ရည်ရွယ်ပြီးတော့ ဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်မှုနဲ့ အခုလို အခြေအနေမျိုးမှာ ဆက်ပြီး ပိတ်ထားတာမျိုး မသင့်တော်တော့ဘူး၊ စံနစ်တကျ လုပ်ပြီး သွားလာဖို့ လုပ်ခဲ့တာပါ။”

လောလောဆယ် မြဝတီ ကော့ကရိတ်လမ်းမဘက်မှာတိုက်ပွဲတွေ မရှိတော့သလို ဒီလို ပြန်ဖွင့်တာ ကလည်း စစ်ကောင်စီနဲ့သဘောတူညီချက်ကြောင့်မဟုတ်ဘဲ ကေအန်ယူအတွင်း ညှိနှိုင်းဆွေးနွေးပြီး ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့လည်း ဖဒိုကလယ်စေးကပြောပါတယ်။

“ဖြစ်တာကတော့ လေးကေ့ကော်ဘက်ခြမ်းမှာပါ။ လမ်းမပေါ်မှာတော့ မရှိတော့ဘူး။ လောလောဆယ် လည်းမရှိပါဘူး။ ကျနော်တို့လုပ်တာက ကိုယ့်အဖွဲ့အစည်းအတွင်းမှာတော့ ညှိနှိုင်းတာပါ။ စစ်ကောင်စီနဲ့ ညှိနှိုင်းတာ မရှိပါဘူး။”

အခု အကန့်အသတ်နဲ့ နေ့ဘက် ပြန်သွားခွင့်ပြုတဲ့လမ်းတွေနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့စဉ်က ခရီးသွားပြည်သူတချို့ပစ်ခတ်ခံရသလို ကုန်တင် ကားတွေ၊ လူစီးကားတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ရာ နေရာတွေမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာကြောင့် မြဝတီ ကော့ကရိတ်၊ အာရှလမ်းက တောနော်ရေတံခွန် အနီး ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ကုန်ကားတွေနဲ့အရပ်သားကားတွေ ထိခိုက် မီးလောင်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်၊ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ အဲဒီလမ်းမတွေပေါ်သွားလာတဲ့ ကုန်ကားတွေ ပစ်ခတ်ခံခဲ့ရပါတယ်။ ဧပြီလ ၄ ရက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း အာရှလမ်းပေါ်သွားနေတဲ့ ကားတချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဘယ်ဘက်ကမှ ထုတ်ဖော်ပြောဆိုတာ မရှိသလို ဘယ်သူ့လက်ချက်ကြောင့်လဲဆိုတာ မသိရပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေဟာ တပ်မဟာ (၆) နယ်မြေထဲမှာ တိုက်ပွဲတွေဖြစ်နေတာ ၃ လ ကျော်ကြာနေပါပြီ။ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း နေရပ်မပြန်နိုင်ဘဲ တော တောင်တွေထဲ ပုန်းအောင်းနေထိုင်နေရတာပါ။ တပ်မဟာ (၆) နယ်မြေမှာ ရောက်နေတဲ့ စစ်ကောင်စီ တပ်တွေကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ ကေအန်ယူက သတိပေးချက် ထုတ် ထားပေမယ့် စစ်ကောင်စီဘက်က မဆုတ်ခွါတဲ့အပြင် တပ်အင်အားတွေတိုးချဲ့ချထားလာတာကြောင့် ပိုပြီးတော့ စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကေအန်ယူက စစ်ကောင်စီရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကိုဖြတ်တောက်တဲ့အနေနဲ့ မြဝတီ ကေ့ာကရိတ် အာရှလမ်းနဲ့ မြဝတီဝေါ်လေလမ်းမကြီးတွေမှာ လူစီးကားတွေ၊ ကုန်ကားတွေကို ဖြတ်သန်းသွားလာခြင်း မပြုဖို့ မတ်လ ၂၆ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]











===============

XS
SM
MD
LG