သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ရေဘေး နဲ့ စာနာမှုအခြေအနေ


ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ ဆန်အိတ်တွေကို ထမ်းသယ်နေတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)
ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ ဆန်အိတ်တွေကို ထမ်းသယ်နေတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

ကယား (ကရင်နီ) ဒေသမှာ ရေကြီး ရေနစ်မြုပ်တဲ့ဘေးကိုရင်ဆိုင်နေရတာ အခုဆိုရင် ရက် ၂၀ ကျော် ရှိလာပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ဌာနမှူးကြီး ခွံမာတီးယားက ပြောပါတယ်။ စစ်ဘေးနဲ့ရေဘေး နှစ်ခုစလုံး ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေအတွက် စာနာမှုအကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ကရင်နီဒေသ ရေကြီးမှု နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို တင်ပြပေးထားပါတယ်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့က ကယား (ကရင်နီဒေသ) မှာ စတင် ရေလွမ်းခဲ့ပြီး အခုချိန်ထိလည်း ရေပြန်မကျသေးပါဘူး။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ မယ့်စဲနဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲနဲ့ ဖယ်ခုံတွေမှာ ရေကြီးရေလွှမ်းခဲ့ရတာပါ။

ရေကြီးခဲ့တဲ့ ရှားတောနဲ့ဒီးမော့ဆိုမြို့နယ်က ပွန်ချောင်းတဝိုက်မှာရေပြန်ကျသွားပေမယ့် လွိုင်ကော်မြို့ နယ်၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ တခြားနေရာအများစုမှာ ရေပြန်မကျသေးဘဲ စံချိန်တင် ရေမြင့်တက်နေဆဲ ဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်က ရေမမြုပ်တဲ့ကျေးရွာမှာတောင် ခုရက်ပိုင်း ရေထပ်ကြီးလာတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနက ဌာနမှူးကြီး ခွံမာတီးယားက ခုလို ပြောပါတယ်။

“လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံတကျောပေါ့လေနော်။ အဲ့ဘက်တကျောက ရေကတော့ မြင့်နေဆဲ ဖြစ်တာ ပေါ့။ လွိုင်ကော်မြို့နယ် ရေလွှမ်းတဲ့ကျေးရွာ နဂို ၃ ရွာထက်ကျော်ပြီးတော့မှ ဘုရားဖြူ၊ ဘုရားနီ၊ ဟိန့်တော အပါအဝင် အခုဆိုလို့ရှိရင်တော့ နိုးကိုးအုပ်စုဘက်ကနေ ကရားညေးခူတို့၊ ဒေါပေါ်ကလဲတို့ ဒေါဆော်လိတို့၊ ဝမ်ညော်ဖက်က ဖြာတိလို၊ ရိပ်ကာတို့၊ ညေးခိုတို့၊ နန်းကိုးတို့၊ ဒေါးကလိုခူတို့၊ ဒေါစဲတို့ လွယ်တမူတို့၊ ချီးဂဲတို့ အဲ့ဒီထိ ရေလွှမ်းတာပေါ့လေနော်။”

ရက် ၂၀ ကျော်ကြာ ရေလွှမ်းမိုးပြီး တထပ်တိုက်အိမ်တွေ နစ်မြုပ်တဲ့အထိ အခုလို ဆိုးဝါးတဲ့ ရေဘေး မကြုံဖူးဘူးလို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် ယာယီစစ်ရှောင်တဲအိမ်အပါအဝင် အိမ်ခြေ ၄,၀၀၀ ကျော် ပျက်စီး သွားကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ဌာနမှူးကြီး ခွံမာတီးယားက ခုလို ပြောပါတယ်။

“ဒီမှာ စာရင်းရရှိချက်အရဆိုလို့ရှိရင်တော့ သူက ၄,၀၀၀ (လေးထောင်) ကျော်သွားပြီပေါ့လေနော်။ ဒီရေလွှမ်းမိုးမှုခံရတဲ့ ကျေးရွာနေအိမ်အပါအဝင် စစ်ရှောင်စခန်းရဲ့ တဲတွေပေါ့လေနော်။ ဒီရေလွှမ်းမိုးမှုခံရတဲ့ လယ်ဧက,ကတော့ ၇,၀၀၀ (ခုနစ်ထောင်) ကျော်ရှိလာပြီပေါ့လေ..နော်။”

အခုလို မိုးများရေကြီးချိန် မိုးဗြဲဆည်ကနေ ရေလွှတ်ချတဲ့အတွက် ဆည်အောက်က မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့တွေမှာ ပိုပြီးတော့ ရေလွှမ်းတဲ့ဒဏ်ကို ခံနေကြရတာဖြစ်ပြီး တောင်သူလယ်သမားတွေ အထိနာနေပါတယ်။

ရေကြီးမှုအခြေအနေနဲ့ ပတ်သက်လို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ဗဟိုတာဝန်ရှိသူတဦးက ပြောပါတယ်။

“ရေကတော့ နေ့စဉ်နေ့စဉ် ဆက်တိုက်တက်နေတာပေါ့နော်။ တရက်ကို ၂ လက်မ၊ ၃ လက်မနှုန်း လောက် တက်နေတယ်။ ကျနော်တို့ ဒီဖက် ကရင်နီဒေသနဲ့ပတ်သက်ပြီးပြောရရင်တော့ ရေကြီးမှု ကတော့ ဒါ ထပ်တက်ဖို့ပဲ ရှိမယ်ပေါ့နော်။ ရေက ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ နွေလောက်က မဖောက်ချခဲ့တဲ့ ရေတွေက အခုမှ မိုးကြီးလေကြီးရေကြီးတဲ့အချိန်မှာ အခုမှ ဖောက်ချတဲ့အတွက် ကြောင့်မို့လို့ ပိုပြီးတော့ နှစ်ဆဖြစ်သွားတာပေါ့နော်။ ရေရဲ့ မြင့်တက်နှုန်းက၊ အဲ့အတွက် ရေက ဆက်ကြီးဖို့ပဲ ရှိမယ်။”

ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီဒေသမှာ စစ်ရှောင်နဲ့ ရွာသူရွာသား အပါအဝင် ရေဘေးသင့်သူ စုစုပေါင်း ၃သောင်း ငါးထောင်ကျော် ရှိတယ်လို့ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ဌာနမှူးကြီး ခွံမာတီးယာ က ပြောပါတယ်။

ရေကြီးရေလျှံမှုနဲ့အတူ တောင်ကျချောင်းရေတွေကြောင့် မြေပြိုတာ လမ်းတံတားပျက်စီးတာတွေ သွားလာရေး ခက်ခဲနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် ရှမ်း-ကယားနယ်စပ်မှာ ကြိုကြားကြိုကြား ပစ်ခတ်တွေလည်း ဆက်ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီဒေသမှာ စစ်ဘေးနဲ့ ရေဘေး တပြိုင်တည်း ကြုံနေရပြီး ပြန်လည်ထောင်ထူးရေးလုပ်ငန်းလည်း မလုပ်နိုင်သေးပါဘူး။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာ အမိုးအကာ၊ ဝါး၊ သစ်နဲ့ အဝတ်အထည်၊ ဆေးဝါးစတဲ့ စာနာမှုအကူအညီတွေ လိုအပ်နေပါတယ်။

ကရင်နီဒေသက နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွက ရေဘေး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေပေမယ့် လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။

ရေဘေးဒဏ်ခံနေရသူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီဘက်က ရေဘေး ထောက်ပံ့ကူညီမှုတွေရှိပေမယ့် ရေဘေး ဆိုးဆိုးဝါးဝါးကြုံနေရတဲ့ ကျေးရွာဘက်မှာ အကူအညီတွေ မရောက်ဘူးလို့ သိရပါတယ်။

ယာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မြို့နယ် ၇၀ လောက် ရေကြီးရေလျှံဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့အထိ ရေဘေးသင့်သူ တသန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG