ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းအစပ်မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအများစု တိမ်းရှောင်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ကရင်နီဒေသမှာ စစ်ကောင်စီတပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရေး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ဖယ်ခုံ-ပင်လောင်းဘက်က နောက်ဆုံးရတိုက်ပွဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ် ဆောင်းပြောင်းကျေးရွာ၊ နောင်ဝိုင်းကျေးရွာ အနီးဝန်းကျင်မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား နှစ်ဘက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။ နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်း ထိုးစစ်ဆင်လှုပ်ရှားမှုကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်လာနေတာ အခုဆိုရင် ၃လတိုင်တိုင်ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက VOA ကို ပြောပါတယ်။
“ခုချိန်ထိ တိုက်ပွဲကတော့ ဆက်ရှိနေတုန်းပဲနော် ၃လထဲဝင်သွားပြီးပေါ့နော်။ စစ်အင်အားကတော့ စစ်ကောင်စီကနေ ဆက်တိုက်ပေါ့နော် ထိုးလာတယ်ပေါ့နော်။ ကျနော်တို့ သိသလောက်က နှစ်ရင်း သုံးရင်းကို ဒီပင်လောင်းအစပ်ကနေ ဒီဖက် ဒီနောင်ဝိုးကနေတဆင့်ပေါ့နော်၊ ဖယ်ခုံမြို့ပေါ်ကို သွားနိုင်ဖို့အတွက် သူတို့ကြိုးစားနေတယ်ဆိုတာ ကျနော်သိရတယ်ဟုတ်ဟုတ်။”
အခု တိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်မှာ ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် ရွာသူရွာသားတွေကို ဗွီအိုအေအနေနဲ့ ဆက်သွယ်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဒေသအခြေအနေကို သိရှိတဲ့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက အပြန်အလှန်ထိုးစစ်ဆင်နေကြတဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြသလို တချို့က ကျေးရွာမှာ လူတွေ ရှိသေးတယ်လို့ ခုလို ပြောပါတယ်။
“ပြည်သူလူထုတွေကတော့ အများစုကတော့ မရှိတော့ဘူးပေါ့နော်။ တချို့နေရာမှာ ရှိပါသေးတယ်။ ဒါပေမယ့် သွားလို့လာလို့ရအောင် တချို့ဟာလည်း စီစဉ်ထားပေးတာတော့ ရှိပါတယ်ဟုတ်။ အခြေခံအားဖြင့်တော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်။ စစ်ကောင်စီစစ်ကြောင်း ပိုထိုးလာတယ်ဆိုတာ ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ ကရင်နီအဝင်ပေါက်လည်း ဖြစ်တော့ မကြာခဏ သူထိုးစစ်ဆင်လိုက် ကိုယ်ထိုးစစ်ဆင်လိုက်ဖြစ်နေတာပေါ့။ အခုလောလောဆယ်ကတော့ အရင်တုန်းကတော်တော်ငြိမ်တယ်။ အခု ၃လထဲဝင်သွားပြီးပေါ့နော်။ စစ်ကောင်စီက ဖယ်ခုံမြို့နယ်ထဲကို အင်အားပြန်ပြီးတော့မှ တိုးချဲ့ဖို့အတွက် လုပ်နေတယ်အတွက်ကြောင့်မို့ တိုက်ဖြစ်တယ်။”
အခု တိုက်ပွဲပြင်းထန်တဲ့နေရာဟာ ရှမ်း-ကယားနယ်စပ်ဖြစ်ပြီး ပင်လောင်းမြို့နယ် လမ်းကြောင်းကနေ ဖယ်ခုံမြို့ပေါ်ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရင် ကရင်နီပြည်နယ်ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဆောင်းပြောင်းဒေသမှာ မကြာခဏ ကြိုကြားကြိုကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အောက်တိုဘာလ ဒုတိယအပတ်မှာ VOA ကို ပြောထားပါတယ်။
“ပင်လောင်းမြို့နယ် ဆောင်းပြောင်းဖက်ကနေပေါ့နော် ဒီဖယ်ခုံမြို့နယ်ဘက်ကို စစ်ကောင်စီဖက်က စက်တင်ဘာလ လဆန်ပိုင်းလောက်ကတည်းက စစ်ကြောင်းထိုးနေတယ်ပေါ့နော်၊ အဲ့ကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့။ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်တယ်ပေါ့နော်။ အဲ့ကတည်းက ဖြစ်နေပါတယ်ဟုတ်။”
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်ဖက်ကို စစ်ကောင်စီတပ်နဲ့အတူ ပအိုဝ်းပြည်သူ့စစ်(PNO)အဖွဲ့တွေ ပူးပေါင်းပြီး မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဒေသခံတွေက VOA ကို ပြောထားပါတယ်။
လတ်တလော ဖယ်ခုံ-ပင်လောင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
Forum