သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ကော့သောင်းကနေ လူ ၂၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်


တိုက်ပွဲတွေကြောင့် ကော့သောင်းကနေ ထိုင်းဘက်တိမ်းရှောင်လာကြသူတွေ (စက်တင်ဘာ၊ ၂၀၂၃)
တိုက်ပွဲတွေကြောင့် ကော့သောင်းကနေ ထိုင်းဘက်တိမ်းရှောင်လာကြသူတွေ (စက်တင်ဘာ၊ ၂၀၂၃)

ထိုင်း−မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးလာသူ ၂ ရက်အတွင်း ၂၀၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်းမှာရှိတဲ့ မလိဝမ်းကျေးရွာနဲ့ ခမောက်ကြီး ချောင်းဝတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စက်တင်ဘာလ ၁၉ ရက်နေ့က ဆီအုန်းခြံထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ချိန်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတွေ နင်းမိရာကနေ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားတဦး သေဆုံးခဲ့သလို၊ ဘေးလွတ်ရာ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်သူဟာလည်း မနေ့ကနဲ့ ဒီနေ့ ၂ ရက်အတွင်း ၂၀၀ ကျော် လောက်ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပြီး ဒေသခံ မလိဝမ်း ကျေးရွာဘက်က ၃၀ ကျော် ၄၀ လောက်က ထိုင်းဘက်ကို မနေ့က ထွက်ပြေးသွားတယ်။ ဒီမနက် ကျတော့ ခမောက်ကြီး ချောင်း၀ဘက်ကို စစ်ကောင်စီဘက်က အင်အား ၃၀ လောက် စစ်ကြောင်းထိုးတော့ အရပ်သား တယောက်တော့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်။ ဒီအတွက် ဒေသခံ ကျေးရွာတွေက ကြောက်လန့်ပြီး ထိုင်းဘက်ကို ထပ်ပြီး ထွက်ပြေးကြတယ်။ ဒီနေ့မနက်ပဲ ထပ်ပြီး ထွက်ပြေးတာ ၁၇၀ ကျော် လောက်ရှိတယ်။ မနေ့က ၃၀ ကျော်နဲ့ ဒီနေ့နဲ့ ဆိုရင်တော့ ၂၀၀ ကျော်သွားပြီလို့ သိရပါတယ်။"

ကော့သောင်းမြို့နယ်အတွင်း ကျေးရွာတချို့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ကြောင်းတွေ ခွဲပြီး ဝင်ရောက်နေသလို၊ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ ခုလို ဘေးလွတ်ရာ ထွက်ပြေးနေကြရတာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦး ကလည်း အခုလို ပြောပြပါတယ်။

"သူတို့ နေတဲ့ရွာကို မလိဝမ်း ချောင်း၀ရွာထဲကို စစ်ကြောင်း နှစ်ကြောင်းနဲ့ စကခ က ဝင်ရောက်တယ်။ ရမ်းသမ်း ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီမှာ ရွာသား ၃၀ ခန့်က ထိုင်းဘက်ကို ထွက်ပြေးလာတယ်လို့ သိရပါတယ်။ ဒီမနက်မှာတော့ ထိုင်းဘက်ကို ထွက်ပြေးတာ ရာကျော်နေပြီလို့ သိထားရပါတယ်။"

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းကလည်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် လာတာကြောင့်ရော နှစ်ဘက် တိုက်ပွဲတွေကြောင့်ပါ ဒေသခံ ၁၀၀ ကျော်လောက် ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG