သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်မှာ မူးယစ်ဂိုဏ်းဝင်တွေနဲ့ ထိုင်းရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်


အပြန်အလှန်ပစ်ခတ်ကြရင်း ရဲအရာရှိတဦးသေဆုံး၊ တဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်ကနေ သိမ်းဆီးရမိတဲ့ မူးယစ်ဆေးများ။ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
အပြန်အလှန်ပစ်ခတ်ကြရင်း ရဲအရာရှိတဦးသေဆုံး၊ တဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်ကနေ သိမ်းဆီးရမိတဲ့ မူးယစ်ဆေးများ။ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က မူးယစ် ဆေးဝါးတွေ သယ်ဆောင်လာတဲ့ကားတစီးကို ထိုင်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာက အပြန်အလှန်ပစ်ခတ်ကြရင်း ရဲအရာရှိတဦးသေဆုံး၊ တဦးဒဏ်ရာရခဲ့ပါတယ်။​ဒါ့အပြင် ကာလတန်ဖိုးဘတ်ငွေသန်းပေါင်း၂,၀၀၀ ကျော်တန်ဖိုးရှိတဲ့ ice မူးယစ် ဆေးဝါးတတန်ကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် Wiang Chai ဝမ်ချိုင်မြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့ညက မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့တွေဟာ မိုဆယ် ထိုင်းတောင်ပေါ် တိုင်းရင်းသား မူးယစ်ဂိုဏ်းဝင်တွေက မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာမယ်ဆိုတာကို ကြိုတင်သတင်းရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ တိုယိုတာအနက်ရောင်ကားကိုရဲအရာရှိတွေက စောင့်ဖမ်းခဲ့တာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့တွေရဲ့အဖမ်းဆီးကိုမခံဘဲ အရှိန်မြှင့်မောင်းပြေးခဲ့ရာမှာ ဝမ်ချိုင်မြို့ဈေးက ဆိုင်ခန်းတခုကို ဝင်တိုက်မိသွားခဲ့ပါတယ်။ ဒီနောက်ရပ်သွားတဲ့ကားအနီးကို ရဲတပ်ဖွဲ့ကဝိုင်းလာတဲ့အချိန်မှာ မူယစ်းမှောင်ခိုဂိုဏ်းဝင်တွေနဲ့ စတင်ပစ်ခတ်ခဲ့ကြတာပါ။ ဒီနောက် မူးယစ်ဂိုဏ်းဝင် လက်နက်ကိုင်တွေရဲ့ပစ်ခတ်မှုကြောင့် မူးယစ်နှိမ်နင်းရေး ရဲအရာရှိတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရသွားခဲ့ပါတယ်။

အသက် (၅၁) နှစ်အရွယ်မူးယစ်ဂိုဏ်းဝင်တဦးကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ပြီး အသေဖမ်းမိခဲ့ပါတယ်။ တဦးကတော့ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ဆိုပါတယ်။ အဲဒီနောက်ကားပေါ်မှာ မူးယစ်ဂိုဏ်းဝင်တွေသယ်လာတဲ့ အစိမ်းရောင် အိတ် ၅၀ အတွင်းမှာ Ice မူးယစ်ဆေး ၁,၀၀၀ ကီလို ( တတန်) ကို သိမ်းဆည်းရမိခဲ့တယ်လို့ချင်းရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းရဲချုပ် General Thanayut Wutticharat Chamrong ကထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

"ကျနော့်အနေနဲ့ ခုလိုအခြေအနေမှာ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးတွေ ဝင်လာနေတာကို အရှိန်မြှင့်တားဆီးနိုင်ဖို့လုပ်ဆောင်နေပါပြီ။"

ဝန်ကြီးချုပ် Mr.Srettha Thavisin ကလည်း မူးယစ်ဆေးဝါးတွေဝင်လာနေတဲ့ ထိုင်မြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်နဲ့ ကန်ချဘူရီ၊ပရကျွတ်ခီရီခန် စတဲ့ နယ်မြေတွေမှာ မူးယစ်နှိမ်နင်းရေးလုပ်ငန်းတွေ တိုးမြှင့်နေပါပြီ။" လို့ပြောသွားတာပါ။

အခုဖမ်းမိခဲ့တဲ့ မူးယစ်ဆေးတွေဟာ ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တိမ်းရှောင်နေတဲ့ မိုဆယ်တိုင်းရင်းသား သားအဖနှစ်ဦးရဲ့အစီအစဉ်နဲ့သယ်ဆောင်လာတာလို့လည်း ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေကဖေါ်ပြထားပါတယ်။ မိုဆယ်တိုင်းရင်းသား သားအဖဂိုဏ်းဟာ ထိုင်းနိုင်ငံအတွင်းစိတ်ကြွဆေးတွေ သန်းပေါင်းများစွာတင်သွင်းနေတဲ့ ဂိုဏ်းလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ထိုင်းမူးယစ်နိမ်နင်းရေးအဖွဲ့က ဒီ မိုဆယ်တိုင်းရင်းသား သားအဖကို ဖမ်းဝရမ်း ထုတ်ထားတဲ့အတွက် အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ဖြစ်ကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့တနေ့တည်းမှာပဲ ထိုင်းမြောက်ပိုင်းကနေ မလေးရှားနယ်စပ်ပို့မယ့်စိတ်ကြွဆေး တသန်းနှစ်သိန်းနဲ့အတူ မူးယစ်မှောင်ခိုသမား ၃ ယောက်ကိုလည်း ရာချ်ဘူရီခရိုင်မှာဖမ်းမိခဲ့ပါတယ်ရှင်။

XS
SM
MD
LG