သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော်ခိုင်ထူး ကွယ်လွန်


အဆိုတော်ခိုင်ထူး
အဆိုတော်ခိုင်ထူး

မြန်မာ့ဂီတ စတီရီယို သီချင်းလောကမှာ နာမည်ကြီး နှစ်ခြိုက်ခဲ့ဲကြတဲ့ အဆိုတော် ခိုင်ထူး ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဆိုတော် ခိုင်ထူးရဲ့ ခေတ်ပြိုင် အဆိုတော်တွေ ဂီတပညာရှင်တွေရဲ့ အမှတ်တရ ပြောစကားတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ပန်ကရိယ ကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှု ခံယူနေတဲ့ အဆိုတော်ခိုင်ထူးဟာ အခြေအနေဆိုးရွားလာတာကြောင့် သြဂုတ်လ(၈)ရက်နေ့က မြန်မာနိုင်ငံကိုပြန်လာပြီး ရန်ကုန်မြို့ ပါရမီဆေးရုံမှာ ဆေးကုသနေတုန်း ဒီကနေ့ညနေ ၃နာရီ မိနစ် ၂၀ လောက်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၆၁)နှစ် ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စတီရီယိုလောက ၁၉၈၀ တဝိုက်အောင်မြင်ခဲ့တဲ့ အဆိုတော်တွေထဲမှာ ခိုင်ထူးတယောက်လဲ ပါဝင်ခဲ့ပါတယ်။ သူအခုလို ကွယ်လွန် သွားတာအတွက် စိတ်ထိခိုက်မိတယ်လို့ အဆိုတော် ဂျေမောင်မောင်က ပြောပါတယ်။

“ကိုခိုင်ထူးကို ချစ်တဲ့လူတွေ အားလုံးခံစားနေရသလိုမျိုး ကျနော်လည်း ခံစားနေရပါတယ်။”

အာဏာရှင်စနစ်အောက်မှာ ဂီတနဲ့ တထောင့်တနေရာကနေ ပါဝင်ဖြတ်သန်းခဲ့တဲ့ အဆိုတော်ခိုင်ထူးအဖြစ် သူနားလည်ထားကြောင်း မဇ္ဈိမလှိုင်းအဖွဲ့က ဂီတပညာရှင် ဦးရဲလွင်က ပြောပါတယ်။

“စိတ်ထဲမှာတော့ သူလောလောဆယ်ခံစားနေရတဲ့ ဝေဒနာ သက်သာသွားတယ်လို့ ခံစားပါတယ်။ ဒီဝေဒနာကို ကျော်သွားပြီးပေါ့နော် ၊ သူမသွားခင်ကလည်း မေတ္တာပို့နေတာပဲ။ သူ ဆီရောက်ပါလိမ့်မယ် ပို့တဲ့ မေတ္တာတွေ ။ ကိုခိုင်ထူးကတော့ ကျနော်တို့ မြန်မာပြည်မှာ ဂီတကို အာဏာရှင် ဖိနှိပ်မှုအောက်ရောက်တဲ့အချိန်မှာ စပြီးတော့ စတီရီယိုဂီတ ထွက်လာတဲ့အချိန်မှာ သူတို့လည်း ရှေ့တန်းကပါလာတယ်။ ကျနော်တို့ စမ်းသပ်တဲ့ ဂီတတွေလည်း သူနဲ့ လက်တွဲပြီးတော့ သီချင်းတွေဆိုတယ်။ သူက ညီတယောက်လိုပဲပေါ့နော် သူနဲ့လိုက်မယ့်သီချင်းတွေ ၊ သူဆိုချင်တဲ့သီချင်းကို ကျနော်တို့ သူ့ကိုပေးဆိုတယ်ပေါ့။ အဲလိုပဲ ကျနော်တို့ တယောက်နဲ့တယောက် share လုပ်ကြတာပေါ့ ၊ ကျနော် ကူပြီးတီးပေးတာလည်းရှိတယ်။”

အဆိုတော်ခိုင်ထူးဟာ ဂီတနဲ့ပတ်သက်လို့ အကိုတယောက်သဖွယ် သွန်သင်ဆုံးမတတ်သူ ဦးဆောင်လမ်းပြပေးသူ ဖြစ်တယ်လို့ ခိုင်ထူးရဲ့ သီချင်တွေကို ပြန်ဆိုခဲ့တဲ့ အဆိုတော် မီမီဝင်းဖေက ပြောပါတယ်။

“ကိုခိုင်ထူးကတော့ ဂီတလောကအနေနဲ့ ပြောလို့ရှိရင်တော့ တကယ့် ကြီးကြီးမားမားပုဂ္ဂိုလ်ကြီး တယောက်ပေါ့နော်။ နောက်ပြီးကျမတို့ အဆိုတော်အချင်းချင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်မြင်ဆရာ၊ ကြားဆရာ သူ့ပရိတ်သတ်လည်းဟုတ်တယ်။ အတူတူသီချင်းဆိုခဲ့တဲ့ ကာလတလျှောက်တွေမှာလည်း စောင့်ရှောက်ခဲ့တဲ့ အကိုကြီးတယောက်လိုပေါ့နော် နောက်ပြီးတော့ သီချင်းဆိုတာ လမ်းညွှန်ခဲ့တာလည်း အများကြီးရှိတယ်။ ကိုယ်တိုင်လည်း သူ့သီချင်းတွေ ပြန်ဆိုခဲ့ဖူးတာရှိတဲ့အချိန်မှာ သူက စေတနာရှိရှိနဲ့ပေါ့ သူကိုယ်တိုင်သီချင်းတွေ ရွေးပေးတယ်။ ဆိုပုံ ဆိုနည်းတွေ သူပြောပြပေးတယ် အမှတ်တရတွေကတော့ အများကြီးပါ ကိုခိုင်ထူးနဲ့ ပတ်သက်ရင်ပေါ့လေ။ ဆိုတော့ မမီက ပြောရရင်တော့ အများကြီးကိုကြိုက်ပါတယ်။ ဘယ်သူ့ကိုမေးမေး ကိုခိုင်ထူးသီချင်း အကြိုက်ဆုံးဘာလဲလို့မေးရင် အကြိုက်ဆုံးတွေက အများကြီးဆိုတော့ ဖြေဖို့တောင်ခက်ပါတယ်။ အဲဒီလောက်အထိ ကောင်းအောင်လုပ်ခဲ့တဲ့ လူတွေပါ။”

ဂီတပေါ်မှာ သစ္စာထားသူအဖြစ် အဆိုတော်ခိုင်ထူးကို သူကြုံဆုံခဲ့ကြောင်း ဂီတပညာရှင် ကိုသားထွေးက ပြောပါတယ်။

“စိတ်ထဲမှာကတော့ ခံစားရတယ်ပေါ့ ၊ ကိုယ့်မိတ်ဆွေကြီးတယောက်ဆုံးရှုံးသွားပြီ ။ ကျနော်တို့လမ်းပြပေါ့ ကျနော်တို့တွေ own tune တွေအကုန်လုံးက သူရယ် ၊ ကိုခင်မောင်တိုးကို ကျနော်တို့ ဆုံးရှုံးသွားတယ်လို့ ကျနော်တို့ ခံစားရတယ်။ နောက်တခုက သူ့ရဲ့အမူအကျင့်ကတော့ တကယ့်ကို ခေါင်းမာတယ် ၊ လုပ်စရာရှိတာကို စွပ်လုပ်မယ် ဒါမျိုးအမူအကျင့် သူ့မှာရှိပါတယ်။ ဒီဟာလည်း သူ့ရဲ့ အောင်မြင်မှုကို တွန်းအားဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ပဲဖြစ်ဖြစ် သူက ပြန်တွေ့တဲ့ အချိန်ဆိုရင် အားလုံးနဲ့ အဆင်ပြေအောင်နေတယ်။ နောက်တခုက ဂီတပေါ်မှာထားတဲ့ သစ္စာပေါ့ အဲဒါကတော့ ချစ်ဖို့လည်းကောင်းတယ်၊ လေးစားဖို့လည်းကောင်းတယ်။ သူဒီ ဂီတနဲ့ အသိုင်းအဝိုင်းအားလုံးကို တန်းတူဆက်ဆံတယ်ပေါ့။”

အဆိုတော်ခိုင်ထူးရဲ့ ထင်ရှားတဲ့ သီချင်းတွေထဲမှာ သိလား၊ ရွှေလည်တိုင်၊ ဆို၊ အဉ္ဇလီ၊ စစ်ကိုင်းလမ်း၊ စစ်နဲ့ငြိမ်းချမ်းရေး စတာတွေ ပါဝင် ပါတယ်။ အဆိုတော်ခိုင်ထူး ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့အတူ သားတယောက် သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။

အဆိုတော်ခိုင်ထူး ကွယ်လွန်
please wait

No media source currently available

0:00 0:04:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG