သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းအမှု အယူခံ လက်ခံဖို့ မျှော်လင့်


လိပ်ကျွန်းလူသတ်မှု တရားခွင်စစ်ဆေးစဉ်
လိပ်ကျွန်းလူသတ်မှု တရားခွင်စစ်ဆေးစဉ်

ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့ က သေဒဏ်ပေးခြင်း ခံရတဲ့ မြန်မာရွေ့ပြောင်းလူငယ်၂ ဦး အတွက် အယူခံကို ၅ ကြိမ်မြောက် အဖြစ် ရက်ထပ်တိုးပြီးတဲ့နောက် မေလ ၂၃ ရက်မှာ အယူခံတရားရုံးကနေ ဆုံးဖြတ်ချက်ချတော့မှာဖြစ်ပါတယ်။ သက်သေအထောက်အထား ခိုင်လုံစွာနဲ့ တင်ပြထားတဲ့အတွက် ဒီအယူခံကို အယူခံတရားရုံးက လက်ခံလိမ့်မယ်လို့ အခိုင်အမာယူဆကြောင်း တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေက ဆိုလိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှ လူငယ် ၂ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လ့ို မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား ၂ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက်မှာတော့ သူတို့ အတွက်အယူခံကို တလချင်းအလိုက် ရက်တိုးပေးဖို့တောင်းဆိုခဲ့ရာမှာမှာ ၅လမြောက်အဖြစ် ထိုင်းအယူခံတရားရုံးက ခွင်ပြုပေးခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ နောက်ဆုံးထပ်တိုးပေးဖ့ို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အယူခံတရားရုံးက ပြောဆိုထားတာပါ။ မြန်မာလူငယ်၂ ဦး အတွက် အယူခံတင်ထားတဲ့အကြောင်းအရာတွေဟာ သက်သေခိုင်လုံစွာနဲ့ တင်ပြလျောက်ထားတာ ဖြစ်တဲ့အတွက် အယူခံရုံးကနေ လက်ခံလိမ့်မယ်လို ယူဆကြောင်း တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။

“အန်ကယ့်ဘက်က ရာနှုန်းပြည့်ပြောရဲတာကတော့ ဒီအယူခံကို လက်ကိုလက်ခံမယ့် သဘောရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်တို့က မြင်သာထင်သာရှိတဲ့အချက်တွေကို တင်ပြထားတာရှိပါတယ်လေ။ ဥပမာဆိုပါတော့ တရားစွဲတဲ့ ရဲတပ်ဖွဲ့က ဒီ သေတဲ့သူတွေကို သတ်တဲ့ဟာက ပေါက်တူးပါလို့ပြောထားပြီးတော့ သက်သေခံပြင်ထားတယ်။ ဒါပေမယ့် အဲဒီပေါက်တူးမှာရှိတဲ့ DNA ဟာ အခု တရားခံလေး ဝင်း နဲ့ ဇော် တို့နဲ့လုံးဝမတူဘူး။ ပြီးတော့ အသစ် ၂ ခုတွေ့တယ်။ ဒီအသစ် ၂ ခုက တရားခံဖြစ်တယ်ဆိုရင်လည်း ဒါကို တရားခံရှာဖို့တာဝန်က ဒါကို တရားစွဲတဲ့ ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်တယ်။ ဒါကိုမြင်ချင်းအားဖြင့် ကလေးတွေက ပေါက်တူးကိုမကိုင်ဘူးဆိုတာ ထင်ရှားနေတာပဲ။ နောက်တချက်က အမှုမှာ သေဒဏ်ထိုက်တဲ့အမှု ၊ မျက်မြင်သက်သေလည်းမရှိဘူး။ ဒါပေမယ့် ဒီအမှုစဖြစ်ကတည်းက website တွေမှာလည်း မြင်နေရပါတယ် အဓိက သက်သေတွေဖြစ်တဲ့ Christopher နဲ့ Sean တို့ကို တရားခွင်မှာ သက်သေအဖြစ်မတင်ဘဲနဲ့ အမှုကနေပြီးတော့ မပါဝင်အောင်ပြုလုပ်ခြင်းဟာလည်း ဥပဒေကြီးက ထိရာတခြား၊ ပြရာတခြားဖြစ်တဲ့ပုံစံ မျိုးဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း အန်ကယ်တို့ထည့်ရေးထားတယ်။”

တရားစွဲအဖွဲ့က စွတ်စွဲတင်ပြထားချက်တွေထဲက လူသတ်လက်နက်ပေါ်မှာ DNA မျိုးရိုးဗီဇ ကွဲလွဲတဲ့ အချက်အလက်အထောက်အထားတွေနဲ့ DNA စစ်ဆေးမူဟာ စံချိန်စံညွန်းနဲ့ ကိုက်ညီမူမရှိဘူးဆိုတာကို အဓိကထား တင်ပြထားတယ်လို့ လည်းဆက်ပြောသွားပါတယ်။

“ဒေါက်တာပွန်ထစ် ကိုယ်တိုင် တရားခွင်မှာ အစစ်ခံပြီးသွားပါပြီ။ DNA တခု စစ်တဲ့အခါမှာ အမှန်အကန်ဖြစ်ဖို့ ၊ အမှန်တရားအတိုင်းဖြစ်ဖို့ဆိုရင် အနည်းဆုံး ၁၄ ရက် ဒါမှမဟုတ် ရက် ၂၀ လောက်စောင့်ရပါတယ်။ အရေးကြီးလို့ရှိရင် ၁၀ ရက်လောက်စောင့်မှသာလျှင် အဖြေရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အမှုတွဲမှာ ကလေးတွေဆီက DNA ယူတာ ၂ ရက် ၁၀ လ ၂၀၁၄ ဖြစ်ပြီးတော့ DNA ထွက်လာတာက ၅ ရက် ၁၀ လ ၂၀၁၄ ဆိုတော့ ၃ ရက်ထဲနဲ့ DNA အဖြေထွက်လာတာမျိုးကို ကြည့်ချင်းအားဖြင့် လုံးဝလွဲမှားနေတဲ့ DNA ဆိုတာကို အန်ကယ်တို့ ပြောချင်တာပါ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပါတယ်။ သူတို့ လွှတ်မြောက်ရေးနဲ့ တရားမျှတစွာ စီရင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့တာပါ။မေလ၂၃ ရက်နေ့မှာတော့ သူတို့ အယူခံကို အယူခံတရားရုံးက ဆုံးဖြတ်ချက် ပေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG