သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်းလောတပ်စခန်း KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်


KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)
KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပါတယ် ။ ကုန်းလော စခန်းကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် ကုန်းလောနဲ့ မြို့သစ်အနီးအနားက ကျေးရွာတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ထိခိုက်ဒဏ်ရာရတာတွေလည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို ကိုစည်သူ တင်ပြပေးထားပါတယ်။

မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်က ကုန်းလောနဲ့ မြို့သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို KIAနဲ့ ပူးပေါင်းတပ်တွေက ဒီလ ၂၃ရက်နေ့ကတည်းက စတင်တိုက်ခိုက်နေတာပါ။ ဒီလ ၂၅ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ကုန်းလော အခြေစိုက် ခမရ ၃၈၇ စခန်းက စွန့်ခွာသွားခဲ့ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တာပါ။ လက်ရှိ မိုးမောက်မြို့နယ်အတွင်းက စစ်ရေးအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ ကုန်းလောက ဒီမနက် ၇နာရီလား မသိဘူး။ ၈နာရီလား မသိဘူး။ အဲဒီအချိန်မှာ အကုန်လုံး နယ်မြေ ရှင်းလင်းရေး လုပ်ပြီးသွားပါပြီ။ သိမ်းလို့ ရတဲ့အနေအထားဖြစ်ပါတယ်။ မြို့သစ်ဘက်ကတော့ ရှိပါသေးတယ်။ ကုန်းလောနဲ့ မြို့သစ်က ကပ်လျက်တော့ ဖြစ်နေတယ်။ ဒါပေမဲ့ ကုန်းလောတွေကတော့ မြို့သစ်ဘက် ထွက်ပြေး သွားတာ ထင်တယ်။ ဆိုတော့ အဲဒီဘက်ကတော့ ရှိပါသေးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ”

ဒီရက်ပိုင်းအတွင်းမှာ မချမ်းဘောနဲ့ မံစီဘက်မှာလည်း စစ်ကောင်စီက တပ်စခန်းတွေ ဆုတ်ခွာ သွားတာတွေ ရှိနေကြောင်း အခုလို ဆက်ပြောပါတယ်။

“ အဲဒါတွေကတော့ မချမ်းဘောဘက်ကလည်း သူတို့ တပ်စွယ်တွေပေါ့။ ရှေ့တန်းကာကင်းတွေကို မချမ်းဘော ဘက်ကို ပြန်ပြီးတော့ စုသွားတာ။ အဲဒီ မချမ်းဘော တပ်ဘက်ကို အင်အားတွေ ပြန်စုတဲ့သဘောရှိပါတယ်။ စခန်းတခုကတော့ သူတို့ စွန့်လွှတ်တာရှိပါတယ်။ နောက်မံစီဘက်မှာလည်း ဟို မိုင်းခေါင်တို့ပေါ့နော်၊ အဲဒီဘက်က စခန်း ၃ခုလောက် အင်အားတွေ ပြန်စုတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်။ ဒါကြောင့် ၂၄ရက်နေ့ မနက်ကတော့ မိုင်းခေါင်စခန်းကိုလည်း ကျနော်တို့ အကုန်လုံးမီးရှို့ပစ်လိုက်ပြီ။ ရှင်းပစ်လိုက်ပြီ။ ”

ဆွမ်ပရာဘွမ်ဘက်မှာတော့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ဆက်ရှိနေကြောင်း ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခလရ ၄၆ကို KIA ပူးပေါင်းတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတာ ၁၁ရက်ရှိနေသလို မြို့ခံ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မိုးမောက်မြို့နယ်ဒေသခံတဦးကတော့ ကုန်းလောစခန်းတိုက်ပွဲဖြစ်ပွားနေစဉ် အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကဗုံးကြဲတာတွေရှိကြောင်းနဲ့ ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးနေရသလို အရပ်သားအချို့ ထိခိုက်တာရှိကြောင်း ပြောပါတယ်။

“ ဒီကနေ့ကတော့ တိတ်နေတယ်။ မနက်ပိုင်းကျတော့ ဟို နောင်းပေါင်းတို့၊ မန်နောင်တို့မှာ လေယာဉ်တွေ ဗုံးလာကြဲတာလေ။ မနေ့ကတော့ ပန်ချိုးဟိုင်ရွာမှာ ဗုံးတွေကြဲသွားတာ။ အခု ပန်ချိုးဟိုင်ရွာက ဟာတွေ၊ နောင်းပေါင်းကဟာတွေ အခုက မန်နောင်သွားတာ။ နှင်းအီသွားတာ။ တာဟဲလိုင် အဲလိုမျိုးပ။ ရွာတိုင်း စစ်ရှောင်နေတာ အခုထိ ဖြတ်နေတုံးပဲ။ နောင်းပေါင်းမှာ မနေ့က အဲဒီ ဗုံးကြဲလို့ မိန်းကလေး အသက် ၂၀အရွယ် လောက်တယောက် လက်မောင်းမှာ ထိတာတဲ့။ ဒီနေ့မနက် မန်နောင်မှာရော တလုံး ကြဲသွားတာ ဟို ဥက္ကဌရဲ့ ဆွေမျိုးလား အဲဒါ ကလေးတယောက်လည်း ထိတယ်တဲ့။ ”

ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ Kachinwave ကတော့ ဒီလ၂၅ရက်နေ့က မိုးမောက်မြို့နယ် မင်းဂျမ်းရွာမှာ လက်နက်ကြီးကျတာကြောင့် အရပ်သားတဦးသေဆုံးပြီး ကလေးငယ်၂ဦး ဒဏ်ရာရခဲ့ကြောင်း နဲ့ ၂၁ရက်နေ့က ဟင်းသာရွာမှာ လက်နက်ကြီးကျတာကြောင့် အမျိုးသမီး ၂ယောက်သေဆုံးပြီး ၅ယောက် ထိခိုက်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG