သုံးရလွယ်ကူစေသည့် Link များ

ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမယ့် ရက်သတ်မှတ်နိုင်ရေး နှစ်ဘက် ညှိနှိုင်းနေကြပါတယ်။ တချိန်တည်းမှာဘဲ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမယ့် အစီအစဉ်ကလည်း မရေမရာ ဖြစ်နေတာပါ။ UNFC ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြီး ပြောပါတယ်။

KIO အဖွဲ့နဲ့ တွေ့ဆုံနိုင်ရေး ကိစ္စပေါ့နော် အဓိက မြေပြင် တိုက်ပွဲအခြေအနေတွေကို ရပ်တန့်နိုင်ရေး ကိစ္စအတွက် နည်းလမ်းရှာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ဒေါက်တာတင်မျိုးဝင်း ဆီကနေ DPN ကို စာရေးပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီ ပြီးခဲ့တဲ့လ ၃၀-၃၁ ရက်နေ့ တွေ့နိုင်မလား ဆိုပြီးတော့မှ ငြိမ်းချမ်းရေးကော်မရှင် ဘက်ကနေ ကျနော်တို့ကို ကမ်းလှမ်းတာ ရှိပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က လက်ခံတယ်၊ တွေ့မယ်။ တပြိုင်တည်းမှာပဲ KIO ဘက်ကနေပြီးတော့ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ရှိတယ်ပေါ့နော်။ အဲဒီ ကိုယ်စားလှယ်အဖွဲ့ ဦးဆွန်လွတ်ဂွမ် ကိုလိပ်မူပြီးမှ စာတစောင်ပို့ပါတယ်။ တပြိုင်တည်းမှာပဲ တကယ်၍ KIO ဘက်ကလည်း နိုင်ငံရေးဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုရင် တွေ့ဆုံလို့ရတယ်ပေါ့နော်။ ရန်ကုန်ကို လာပြီးမှ အဲလိုမျိုး စာရေးတာဖြစ်ပါတယ်။ ဒီနေ့မနက်မှာပဲ ဒေါက်တာတင်မျိုးဝင်းတို့ ရုံးကနေ ကျနော်တို့ DPN ရုံးကို စာရေးပြီးတော့ အကြောင်းကြားပါတယ်။ အဲဒီမှာ အခု လာမယ့် ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်နေတဲ့အတွက် အလုပ်ရှုပ်နေတဲ့ အကြောင်း အဲလိုမျိုးပြောပါတယ်။ ဆိုတော့ ဒီကြားထဲမှာ ရက်ညှိလို့မရသေးတဲ့ သဘော ဖြစ်နေပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ တွေ့ဖို့ ကိစ္စအရင်ဖြစ်မလား၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဖို့ ကိစ္စပဲ အရင်ဖြစ်မလား ဘယ်လိုလဲတော့ မသိသေးဘူးပေါ့နော်။ ညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ်။

မေး။ ။ ဆရာဦးထွန်းဇော် အဲဒီတော့ ကချင်နဲ့က ဘယ်လိုလဲ တွေ့ကြမလား။

ဖြေ။ ။ KIO ဘက်ကလည်း အကြောင်းပြန်ထားပြီးဖြစ်ပါတယ်။ KIO ဘက်က အကြောင်းပြန်တာကတော့ အရင် ကျနော်တို့ ဒီ KIO ဘက်ကနေပြီးတော့ စာရေးပြီး မေးမြန်းထားတာတွေရှိပါတယ်။ အဲဒီအပေါ်မှာ ရှင်းရှင်းလင်းလင်း သူတို့ သိဖို့လိုတယ်ပေါ့နော်။ နောက်ပြီးတော့ အထူးသဖြင့်ကတော့ အပိုင်း ၂ ပိုင်း ရှိတာပေါ့။ တပိုင်းက KIO အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း အနေနဲ့ သတ်မှတ်ထားတဲ့ကိစ္စ၊ နောက်ပြီးတော့ မြေပြင်မှာ တိုက်ပွဲတွေက အဆက်မပြတ် လုပ်နေတဲ့ ကိစ္စ ဒီအပေါ်မှာရှင်းရှင်းလင်းလင်း သိဖို့အတွက်က ဒါကိုသူတို့ဘက်က စာရေးပြီးတော့မှ ပြီးခဲ့တဲ့နှစ် ကတည်းကနေ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ရှင်းရှင်းလင်းလင်းနဲ့ အစိုးရဘက်က ဖြေကြားပေးထားတာ မရှိဘူးပေါ့နော်။ ဆိုတော့ အဲဒါတွေကို ဆက်ညှိနေတဲ့ သဘောရှိပါတယ်။အဲဒီအပေါ်မှာလည်း အကြောင်းပြန်ထားတာ တွေ့ပါတယ်။

မေး။ ။ နောက် ဒီ ကချင်နဲ့ တွေ့ဖို့ရာရော၊ ကချင်ဘက်က တွေ့လိုစိတ်ရော ရှိပါသလား ဆရာတို့ ဘယ်လောက်အထိ သိထားပါသလဲ။

ဖြေ။ ။ ဒီလိုပါ KIO ဘက်က ကျနော်တို့ DPN မှာ ထဲထဲဝင်ဝင် ပါနေတာဖြစ်ပါတယ်။ ကျနော်တို့ DPN မှာ ဒုတိယ အဖွဲ့ခေါင်းဆောင်နေရာကိုလည်း KIO ယူထားတာဖြစ်ပါတယ်။ KIO အဖွဲ့ သဘောထားကတော့ DPN ကနေတဆင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းမယ့် သဘောထားတော့ ရှိပါတယ်။ သီးခြားဆွေးနွေးဖို့ လိုရင်လည်းသူတို့ဘက်က လမ်းဖွင့်ထားတယ်။ ဆွေးနွေးလိုတဲ့ ဆန္ဒလည်း ရှိပါတယ်။ အဲဒါကြောင့် ဆွေးနွေးလိုတဲ့ ဆန္ဒအပေါ်မှာ ဒေါက်တာတင်မျိုးဝင်းရဲ့ ပြီးခဲ့တဲ့၂၇ ရက်နေ့က ပို့လာတဲ့ စာကို KIO ဘက်ကလည်း အကြောင်းကြားထားပါတယ်။ ဒါကို ဒေါက်တာတင်မျိုးဝင်းတို့ ရုံးဘက်က အစိုးရဘက်ကနေပြီးတော့ ပြန်တုံ့ပြန်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။

မေး။ ။ အဲဒီတော့ ဆရာတို့ကို ပင်လုံတက်ဖို့ ဖိတ်ပြီလားဆရာ။

ဖြေ။ ။ပင်လုံကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ ကျနော်တို့ဆီကို ဖိတ်ကြားခြင်း တို့ဘာတို့ လက်ခံရရှိခြင်းတို့ ဘာမှ မရှိသေးပါဘူး။”

UNFC ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG