သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“တောင်ကိုရီယားလေယာဉ်ပျက်ကျမှု လိုအပ်တာကူညီဖို့အသင့်ရှိ” ကန်သမ္မတ


Jeju လေယာဥ်အနီး ပျောက်ဆုံးခရီးသည်ကို ရှာဖွေရေးအဖွဲ့ဝင်တွေ ရှာဖွေနေစဥ်၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄။
Jeju လေယာဥ်အနီး ပျောက်ဆုံးခရီးသည်ကို ရှာဖွေရေးအဖွဲ့ဝင်တွေ ရှာဖွေနေစဥ်၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄။

တောင်ကိုရီယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုမှာ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ အမေရိကန်ဖက်က အသင့်ရှိတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုအကြား နီးကပ်တဲ့မဟာမိတ်ဖြစ်တာနဲ့အညီ၊ ဒီအဖြစ်အပျက်ကြောင့် နစ်နာဆုံးရှုံးမှုတွေအတွက် အမေရိကန်ပြည်သူတွေအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုအပ်တဲ့ အကူအညီ‌တွေ ပေးဖို့ အသင့်ရှိပါတယ်လို့ သမ္မတအိမ်ဖြူတော်ထုတ်ပြန်ချက်မှာ အမေရိကန်သမ္မတ Biden က ပြောဆိုထားပါတယ်။

လေယဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာမှာ တောင်ကိုရီယားကို အကူအညီပေးဖို့ ဘိုရင်းလေယာဉ်ကုမ္ပဏီနဲ့ အမေရိကန်ပြည်ထောင်စုလေကြာင်းထိမ်းသိမ်းရေးဌာနအပါအဝင် အမေရိကန် စုံစမ်းရေးအဖွဲ့ကို ဦးစီးဦးဆောင်ပြုထားတယ်လို့လည်း အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့ကလည်း X လူမှုကွန်ယက်မှာ ရေးသားပါတယ်။

Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ လေယာဉ်ပြေးလမ်းချော်ပြီး ကာထားတဲ့တံတိုင်းကို ဝင်တိုက်မိရာက မီးလောင်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၇၉ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်ကလာတဲ့ စုစုပေါင်း လူ ၁၈၁ ဦးပါ ဒီ လေယာဉ်ဟာ Muan လေဆိပ်ကို ဆင်းသက်ရာမှာ၊ အဆင်းအတက်လုပ်ရာမှာ အဓိကကျတဲ့ လေယဉ်ဘီးစနစ်ပျက်ယွင်းမှုဖြစ်တယ်ဆိုတာ တွေ့ရတယ်လို့ ကနဦးအစီရင်ခံစာဖော်ပြပါတယ်။ ဒီအဖြစ်အပျက် တောင်ကိုရီယားနိုင်ငံ လေကြောင်းသမိုင်းမှာ အဆိုးဆုံးဖြစ်ရပ်တခုပါ။

လေယဉ်ဝန်ထမ်းနှစ်ဦးကိုတော့ အပျက်အစီးထဲက အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပေမယ့် ကျန် ၁၇၉ ဦး သေဆုံးခဲ့တယ်၊ အဲဒီအထဲက ရုပ်အလောင်း ၆၅ လောင်းကို ဘယ်သူဘယ်ဝါ အတည်ပြုနိုင်ခဲ့ပြီလို့ တောင်ကိုရီယား မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ လေယာဉ်ဆင်းတဲ့အချိန်မှာ ဘီးတွေထွက်မလာတဲ့အတွက် လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ဝမ်းဗိုက်နဲ့တရွတ်တိုက် မျောပါသွားခဲ့တာမှာ ပြေးလမ်းအဆုံးမှာ ကာထားတဲ့တံတိုင်းကို ဝင်တိုက်မိခဲ့တာမှာ မီးလောင်ပေါက်ကွဲသွားတာကို ဗွီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG