သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီးလင်းနယ်မှာ အရပ်သားတွေ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရကြောင်း KNU ပြော


ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ထဲမှာ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ထရပ်ကားကိုတွေ့ရစဉ်။ (ဧပြီ ၅၊ ၂၀၂၁/ဓာတ်ပုံ- Free Burma Rangers)
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ထဲမှာ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ထရပ်ကားကိုတွေ့ရစဉ်။ (ဧပြီ ၅၊ ၂၀၂၁/ဓာတ်ပုံ- Free Burma Rangers)

[[Zawgyi/Unicode]]

သထုံခရိုင် ဘီးလင်းမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေးကေစစ်တပ်စခန်းက (ခမရ - ၄၀၁၊ ခမရ-၄၁၀) ပူးပေါင်းတပ်ဖွဲ့ဟာ ဘီးလင်းမြို့နယ် ဝင်းတာပန်စစ်စခန်းကအပြန် ဒေသခံအရပ်သား ၉ ဦးကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဘီးလင်းမြို့နယ်ထဲ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ မကြာခဏ ပေါ်တာအဖြစ် ဖမ်းဆီးခိုင်းစေခံနေရတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေစစ်ကောင်စီစခန်းကနေ တပ်ချိန်းခဲ့တဲ့ စစ်ကောင်စီ (ခမရ- ၄၀၁၊ ခမရ-၄၁၀) ပူးပေါင်းတပ်

ဖွဲ့ဟာ ဝင်းတာပန်စစ်ကောင်စီစခန်းကို အပြန်မှာ ဒေသခံအရပ်သား (၉) ဦးကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် မိုင်းရှင်းတာမျိုးတွေ၊ စစ်ပစ္စည်းထုတ်တွေသယ်ပိုးဖို့ ပေါ်တာတွေအဖြစ် အသုံးပြုခဲ့တယ်လို့ KNU သတင်းနဲ့ပြန်ကြားရေးဌာန ဒုတာဝန်ခံ စောယွာခွီဒူးက အခုလိုပြောပါတယ်။

“KNU သထုံခရိုင် လေးကေစစ်ကောင်စီစခန်းဆိုတာရှိတယ်။ လေးကေစစ်ကောင်စီစခန်းကပြောင်းသွားတော့ အနီးအနားမှာရှိတဲ့ ရွာသား ၉ ဦးကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာရှိတယ်။”

တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ဘီးလင်းမြို့နယ်ထဲမှာတော့ ဒေသခံတွေကို ပေါ်တာအဖြစ် အသုံးပြုခေါ်ဆောင်သွားတာတွေကို မကြခဏကြုံတွေ့ရပြီး တချို့ ရွာတွေဆိုရင် အစုလိုက်အပြုံလိုက် အမျိုးသမီးနဲ့ကလေးတွေ သက်ကြီးရွယ်အိုတွေပါမကျန် ဖမ်းဆီးခံရတာတွေရှိတယ်လို့ ကရင်လူ့အခွင့်ရေး အဖွဲ့အစည်းတွေကလည်းပြောပါတယ်။

လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ၊ ပေါ်တာအဖြစ်အသုံးပြုတာတွေနဲ့ပတ်သက်လို့ သတင်းနဲ့ပြန်ကြားရေးဌာန ဒုတာဝန်ခံစောယွာခွီဒူးက ဆက်ပြောပြပါတယ်။

“သူတို့ကို ဒီဘက်က (KNU) သွားပစ်လို့မရအောင် သူတို့အသုံးပြုကြတယ်။ လူထုက အရှေ့မှာသွားရတယ်။ တူတူသွားတယ်။ နောက်မှာ သူတို့ကလိုက်တာရှိတယ်။ ဒုတိယတချက်က မိုင်းတွေက ဘယ်မှာရှိမှန်းမသိဘူး။ ရွာသားတွေကို ရှေ့ကသွားခိုင်းတယ်။ မိုင်းနင်းမိရင်လည်း ရွာသားပဲထိမယ်ဆိုတဲ့ပုံစံမျိုးပေါ့။”

KNU ထိန်းချုပ်ရာတပ်မဟာ (၇) ခုအနက် တပ်မဟာ (၅) ခုမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ၊ တချို့နေရာတွေမှာ ဖမ်းဆီးတာတင်မက သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

“အရင်တုန်းက ဖမ်းပြီး လူသားဒိုင်းအဖြစ်သုံးတာကတော့ စစ်ဆင်ရေး တဖြတ် တဖြတ်မှာ စစ်တပ်ကလုပ်နေကျအလုပ်က ရွာတိုင်းကိုဖြတ်တိုင်း စထွက်လာတဲ့ ရွာသားကိုခေါ်ပြီး နောက်ရွာတွေရောက်ရင် ရောက်တဲ့ရွာက ရွာသားကိုခေါ်တယ်။ လူသားဒိုင်းအဖြစ် အသုံးပြုတာပေါ့။ တပ်မဟာ (၁) (ဘက်မှာ) ဖြစ်တယ်။ တပ်မဟာ (၃) မှာဖြစ်တယ် တပ်မဟာ (၄) ဖြစ်တယ်။ တပ်မဟာ (၅) ဖြစ်တယ်။ တပ်မဟာ (၆) မှာလည်းဖြစ်တယ်။”

ဘီးလင်းမြိုံ့နယ်ထဲမှာ ဒီရက်အတွင်း ဖမ်းဆီးခံရသူတွေကတော့ ကားမဲကျေးရွာနဲ့တာပေါခီးကျေးရွာက ရွာသား (၆) ဦး၊ နော့ကတိုခီးရွာက ရွာသား (၁) ဦး၊ ကျောက်တောင်ရွာသား (၁) ဦး၊ နို့တလာအော ကရွာသား (၁) ဦး အားလုံးပေါင်း ၉ ဦးဖြစ်ပါတယ် ။

KNU ဘက်ကအခုလိုသတင်းထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့တုံ့ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း စစ်ကောင်စီ တပ်မ (၄၄) တပ်ရင်းက ကျေးရွာပေါင်း ၁၁ ရွာက လူ ၂၂ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိခဲ့တယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။

လူသားဒိုင်းအဖြစ်အသုံးပြုခံရသူတွေထဲမှာ ကော်ဟဲကျေးရွာက အသက် ၁၃ နှစ် အရွယ် ကျောင်းသား ၁ ဦးပါဝင်သလို ဘီးလင်းမြို့နယ်ထဲကကျေးရွာတွေ ဖြစ်တဲ့ ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား ၂၀ ကျော် ပါဝင်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]















XS
SM
MD
LG