သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်အမျိုးသားရေးနဲ့ နွေဦးတော်လှန်ရေး


Karen National Union (KNU) soldiers hold their assault weapons as they parade during the celebration of the 63rd anniversary of the Karen Revolution day at Oo Kray Kee village in Karen State, near the Thai-Myanmar border on January 31, 2012. The KNU is w
Karen National Union (KNU) soldiers hold their assault weapons as they parade during the celebration of the 63rd anniversary of the Karen Revolution day at Oo Kray Kee village in Karen State, near the Thai-Myanmar border on January 31, 2012. The KNU is w

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကရင်ပြည်နယ်မှာ နေထိုင်သူ တသန်းခွဲကျော် ရှိတယ်လို့ ၂၀၁၄ လူဦးရေစာရင်းမှာ ဖော်ပြထားပေမယ့် တပြည်လုံးမှာရှိတဲ့ ကရင်လူဦးရေဟာ ငါးသန်းကျော်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ပြည်နယ်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းမှာလည်း ကရင်တွေလည်း ရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံထဲမှာ အခြေစိုက်တဲ့ ကရင်လည်း ရှိပါတယ်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေကို သွားကြတဲ့ ကရင်တွေလည်း ရှိပါတယ်။ ဒါကြောင့် ခံယူချက်အမျိုးမျိုး ရှိကြပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ကရင်အားလုံး ပါဝင်ကြတာ မဟုတ်ပါဘူး။

ဒါပေမဲ့ KNU ဟာ မိမိထိန်းချုပ်တဲ့နယ်မြေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တာမို့ သြဇာညောင်းတယ်လို့ ပြောနိုင်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်ရာမှာ ရည်ရွယ်ချက်ချင်းတူတဲ့ ကရင်နဲ့ ဗမာလက်နက်ကိုင်တွေ ပေါင်းစည်းနိုင်မယ့် အလားအလာကို ဧပြီလ (၇) ရက်နေ့ထုတ် Stimpson Center စာတမ်းမှာ အမျိုးသမီးသုတေသီ Shona Loong က အသေးစိတ်တင်ပြထားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ဖယ်ဒရယ်နိုင်ငံ တည်ထောင်ရေးကို အတိအလင်း အရင်ဆုံးထောက်ခံသူဟာ KNU ဖြစ်ပါတယ်။

စစ်ကောင်စီဆန့်ကျင်တဲ့ ခုခံရေးစစ်ပွဲ ဆင်နွှဲနေတဲ့ ပြည်သူပြည်သားတွေဟာ KNU ကို ယုံကြည်လာကြတယ်လို့ ဆိုပါတယ်။ KNU လက်နက်ကိုင် တိုက်ပွဲဆင်နွှဲလာတာ (၇၃) နှစ် ရှိနေပါပြီ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းမှာ နေထိုင်သူ (၈) သိန်းလောက်ဟာ KNU သြဇာခံတွေ ဖြစ်ကြပြီး၊ KNU ထိန်းချုပ်မှုအောက်မှာ အနည်းဆုံး တသိန်းကျော် ရှိပါတယ်။ KNU နယ်မြေကို ကော်သူလေးလို့ခေါ်ပြီး၊ ခရိုင် (၇) ခု ခွဲထားပါတယ်။ ပညာရေး၊ အုပ်ချုပ်ရေး၊ တရားရေး စတဲ့ ဌာနပေါင်း (၁၄) ခု ရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး အကောင်အထည်ဖော်နိုင်စွမ်းရှိကြောင်း လက်တွေ့ပြသတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တန်းဖိုးထားတဲ့ KNU ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ အပစ်ရပ်အဖွဲ့တွေ (၆) နှစ် ဆွေးနွေးခဲ့ပေမဲ့ အချည်းနှီးဖြစ်ခဲ့တာကို KNU သဘောပေါက်ပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲကြောင့် အပစ်ရပ်တာကို လိုလားတဲ့အုပ်စုနဲ့ မလိုလားတဲ့အုပ်စုဆိုပြီး ကွဲပြားသွားပါတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေးကြောင့် ဒီအုပ်စုတွေ ရပ်တည်ချက် ပြောင်းလဲလာနိုင်ပါတယ်။ ဒီနေရာမှာ KNU - NLD ဆက်ဆံရေးကို လေ့လာသင့်ပါတယ်။ မြန်မာကြီးစိုးတဲ့ NLD နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တင်းမာမှု၊ မပြေလည်မှုတွေ ရှိခဲ့တာမို့ KNU-NUG ဆက်ဆံရေး မတည်ငြိမ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ စစ်အာဏာသိမ်းမှုကို KNU က ဆန့်ကျင်တွန်းလှန်တိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်သင်တန်းပေးတဲ့အခါမှာ အခြေအနေ ပြောင်းလဲသွားပါတယ်။ ဖေဖေါ်ဝါရီလမှာ တွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ်အဖွဲ့တွေကို စစ်ကောင်စီက ဖိတ်ခေါ်တာကို KNU က ပယ်ချလိုက်ပါတယ်။ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကော်မတီမှာ KNU နဲ့ NUG မဟာမိတ် ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင်တွေ ပြန်လည်စုစည်းမယ့် လက္ခဏာတွေ ပြသလာတာ တွေ့ရပါတယ်။ KNU တပ်ဖွဲ့ဘက်က ကူညီတိုက်ခိုက်နေသူတွေဟာ PDF တပ်ဖွဲ့တွေ၊ DKBA တပ်ဖွဲ့က ခွဲထွက်လာသူတွေ၊ နယ်ခြားစောင့်တပ်က ခွဲထွက်လာသူတွေနဲ့ KNDO တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်က ခွဲထွက်ပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်နေသူတွေ ရှိလာတာဟာ ထူးခြားမှု ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးမဟာမိတ် ရေရှည်ခံဖို့အတွက် KNU ရဲ့ ဦးတည်ချက် သုံးရပ်ကို လက်ခံနိုင်ဖို့ လိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်မှု၊ အဖိနှိပ်ခံကရင်လူထုကို KNU ကိုယ်စားပြုမှု၊ KNU ကို ထိန်းချုပ်တဲ့နယ်မြေမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု စတာတွေကို လက်ခံနိုင်ဖို့ လိုတယ်လို့ သုတေသီ Shona Loong က ယူဆပါတယ်။

စစ်ကောင်စီကို ပြတ်ပြတ်သားသား KNU က ဆန့်ကျင်နေတဲ့အကြောင်းရင်ဟာ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ်မှာ အခြေခံတယ်လို့ Shona Loong က ဆိုပါတယ်။ ဆွေးနွေးပြီး နိုင်ငံရေးအရ အဖြေမရှာနိုင်တဲ့အတွက် တပ်မတော်နဲ့ KNU အကြား ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲလာပါတယ်။ တပ်မတော်ဟာ အရပ်သားလက်အောက်မှာ မနေလိုကြောင်းနဲ့ ဖယ်ဒရယ်စနစ်ကို လက်မခံနိုင်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေက ပြသနေတယ်လို့ KNU နဲ့ ကရင်ပြည်သူတွေက ယုံကြည်လာပါတယ်။ ဒါကြောင့်လဲ စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ KNU က ငြင်းဆန်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကာလကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ တပ်မတော်ဟာ ပြောသလို မလုပ်တာ အထင်အရှား တွေ့မြင်နေရပါတယ်။ KNU ရဲ့ ဦးတည်ချက်တွေကို အသိအမှတ်မပြုတဲ့ တပ်မတော်ကို KNU က တွေ့ဆုံဆွေးနွေးဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ ဆွေးနွေးလို့ အကျိုးမရှိဘူးလို့ ယူဆတာကြောင့် KNU ဟာ ဖယ်ဒရယ်နိုင်ငံ တည်ထောင်မယ့် NUG အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ မဟာမိတ်လုပ်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကနေ KNU ရဲ့ ရည်မှန်းချက် အကောင်အထည် ပေါ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။

==== Unicode ====









XS
SM
MD
LG