သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ငြိမ်းဆွေးနွေးပွဲတွေ ပြန်တက်တော့မှာလား


NRPC ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် KNU ခေါင်းဆောင်များ။ ဓာတ်ပုံ - ဦးလှမောင်ရွှေ (စက်တင်ဘာ ၇၊ ၂၀၁၉)
NRPC ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် KNU ခေါင်းဆောင်များ။ ဓာတ်ပုံ - ဦးလှမောင်ရွှေ (စက်တင်ဘာ ၇၊ ၂၀၁၉)

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်မှု ယာယီရပ်ဆိုင်းထားတဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြန်ပါဝင်လာဖို့ အလားအလာကောင်း မျှော်လင့်ချက် ရှိတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးက ပြောပါတယ်။ ဒီကနေ့ KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ NRPC အစိုးရ ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံမှုက ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ တိုးတက်မှုအဖြစ် သုံးသပ်သွားတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဖော်ဆောင်မယ်ဆိုတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော အပစ်ရပ် လက်မှတ်ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ အစိုးရ၊ တပ်မတော်တို့ကြား တင်းမာမှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေတာတွေ ပိုတွေ့နေရပါတယ်။

အထူးသဖြင့်ကတော့ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရ-တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲရှိပြီး နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ဖို့ ခိုင်မာတဲ့ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့အပြင် အပစ်ရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုတဲ့ KNU၊ RCSS လို အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့ကြီး အချို့ကတောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဆွေးနွေးပွဲတွေ တရားဝင် မတက်တော့ဘူးဆိုပြီး အသီးသီး သဘောထား ထုတ်ပြန်ထားကြပါတယ်။ ဒါ့ကြောင့် ဒီ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံအထိပါ အလွတ်သဘော လိုက်လံတွေ့ဆုံပြီး ယုံကြည်မှု ပြန်တည်ဆောက်နေရတဲ့ အနေအထား ဖြစ်ပါတယ်။

အပစ်ရပ် လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူတဲ့စာကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကိုယ်တိုင် မနှစ်တုန်းက လက်မှတ်ရေးထိုး ပေးပို့ခဲ့တာပါ။ ဒါပေမယ့် KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုဌာန တာဝန်ရှိသူတွေရဲ့ ဒီကနေ့ ရန်ကုန်တွေ့ဆုံမှုကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ တွေ့ရတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“KNU အနေနဲ့တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယ ရွှေ့ပြီးတဲ့ နောက်ပိုင်းမှာ ၂၀၁၈ နိုဝင်ဘာလမှာ သူတို့အနေနဲ့ လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကနေပြီးတော့ တရားဝင် ဆွေးနွေးပွဲတွေကနေပြီးတော့ ယာယီရပ်ဆိုင်းတယ်ဆိုတာ ကြေညာခဲ့တာ ရှိတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစိုးရရဲ့ NRPC ကိုယ်စားလှယ်တွေက ဒီဟာအပေါ်မှာ ပြန်ပြီးတော့ ညှိနှိုင်း ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဲဒီ ရှိတဲ့ထဲကနေပြီးတော့မှ ဒီကြားထဲမှာ KNU ကနေပြီးတော့ အဆိုပြုခဲ့တဲ့ အဆင့်လေးဆင့်ပါတဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ Proposal တခုရှိတယ်။ NRPC ဘက်ကနေပြီးတော့ အဆိုပြုတဲ့ တပြိုင်နက်တည်းမှာ ဆောင်ရွက်ဖို့ လုပ်ငန်းစဉ် လေးခုပေါ့လေ၊ အဲဒါရှိတော့ အဲဒါကို ကျနော်တို့ နှစ်ဖက် ပြန်ပြီးတော့ ညှိနှိုင်းဖို့ပါပဲ။ ဒီနေ့တော့ အဲဒီဟာပေါ်မှာ တော်တော်လေး ညှိနှိုင်းနိုင်တဲ့ အနေအထားပါပဲ။

“KNU ဘက်ကလည်း ဒီ NCA အတိုင်းသွားမယ်၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကလည်း NCA အတိုင်း သွားမယ်၊ ဒါကတော့ ကျနော်တို့ နှစ်ဖက်လုံးတူတယ်။ တူတာက ကျနော်တို့ အကောင်အထည်ဖော်မှုအပေါ်မှာ နားလည်မှုပေါ့လေ၊ အဲဒါတော့ ကျနော်တို့ မတူတာလေးတွေ ရှိတယ်။ အဲဒါကို ကျနော်တို့ နှစ်ဖက် ပြန်ညှိတာပေါ့ဗျာ။ ဒီနေ့ကတော့ ကျနော်တို့ရဲ့ ဆွေးနွေးပွဲ ၁၁ ကြိမ်မှာ အနီးစပ်ဆုံးနဲ့ သဘောထားကတော့ တော်တော်များများ တူတယ်ပေါ့။ တူတော့ ထပ်တော့ ကျနော်တို့ အသေးစိတ်ဟာတော့ ဆွေးနွေးဖို့တော့ လိုသေးတယ်။ ဒါပေမယ့် နှစ်ဖက်ယုံကြည်မှုကတော့ အများကြီး ပြန်ရတဲ့အတွက် သိပ်မကြာမီမှာတော့ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သူတို့ ပြန်ပါလာမှာပါပဲ။”

တချို့အဖွဲ့တွေက အစည်းအဝေးတွေ မတက်တော့ဘူးလို့ ကြေညာခဲ့ပေမယ့် အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အခုလို ဆက်တိုက်လုပ်နေတဲ့ ငြိမ်းချမ်းရေး အလွတ်ဆွေးနွေးမှုတွေကနေ တရားဝင် နိုင်ငံရေးဆွေးနွေးမှုတွေ နောက်ပြီး မတက်တော့ဘူးဆိုတဲ့ အဖွဲ့တွေ ပြန်လည်တက်ရောက်တဲ့ အဆင့်ထိ ပြန်ရောက်လာဖို့ မျှော်လင့်ပါတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“အခုတော့ ဘာပြန်ရလာတုန်းဆိုတော့ ကျနော်တို့ ဆွေးနွေးပွဲတွေ အလွတ်သဘောတွေ လုပ်ရင်းလုပ်ရင်းနဲ့ နှစ်ဖက် နားလည်မှုတွေ ရှိလာတယ်။ နားလည်မှုတွေ ရှိလာတဲ့အတွက် ဒီပေါ်မှာ ချဉ်းကပ်မှု လမ်းကြောင်းတွေလည်း အသစ်တွေလည်း ကျနော်တို့ ရှာလို့ရတယ်။ NCA ဘောင်ထဲကပဲ ဟုတ်တယ်။ သို့ပေမယ့် ချဉ်းကပ်တဲ့ ပုံသဏ္ဌာန်ကိုတော့ နှစ်ဖက်လက်ခံတဲ့ ချဉ်းကပ်တဲ့ ပုံသဏ္ဌာန်တွေတော့ ပိုရှာတွေ့လို့ ရတဲ့အတွက် ဒါတွေကတော့ ပိုပြီးတော့ နှစ်ဖက်လုံးအတွက် အပြုသဘော ဆောင်တယ်ပေါ့လေ။”

မြန်မာ့ငြိမ်းချမ်းရေး လေ့လာအကဲခတ်နေတဲ့ ဦးမောင်မောင်စိုးကလည်း အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား တွေ့ဆုံမှုတွေကို အခုလို သုံးသပ်ပါတယ်။

“အလွတ်သဘော ပြန်တွေ့တဲ့ဟာတွေကတော့ တရားဝင်သွားဖို့အတွက် အထောက်အကူပြုလိမ့်မယ် ထင်ပါတယ်။ အဓိကတော့ ထိုးပြီးသား အဖွဲ့တွေနဲ့ကတော့ နိုင်ငံရေးအရ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တယ်ဗျ။ မနှစ်က သူတို့ 10 Plus 10 တွေ့ပြီးတဲ့အခါမှာ နိုင်ငံရေးအရ အတိအလင်း ကွဲကြတဲ့အချိန်မှာ ဒီရပ်ဆိုင်းမှုတွေ ဖြစ်သွားတာကိုး။ အဲတော့ ထိုးပြီးသားအဖွဲ့တွေနဲ့ကတော့ နိုင်ငံရေးအရ မတူတဲ့မူဝါဒတွေကို ညှိနှိုင်းဖို့တော့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။”

ဒီကနေ့ တွေ့ဆုံမှုမှာတော့ NRPC ဒုဥက္ကဋ္ဌ ၃ ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် စတဲ့ NRPC ဘက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး KNU ဘက်က ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး စတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။

လာမယ့် စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာတော့ NCA အပစ်ရပ်လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့နဲ့ ထပ်မံတွေ့ဆုံဖို့ရှိသလို စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာတော့ အပစ်မရပ်ထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG