သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF ဗဟိုကော်မီတီဝင် ကိုကျော်ကို ကွယ်လွန်


ကိုကျော်ကို ABSDF ဦးဆောင် ဗဟိုကော်မတီဝင် (ညာဘက်)
ကိုကျော်ကို ABSDF ဦးဆောင် ဗဟိုကော်မတီဝင် (ညာဘက်)

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ လက်ရှိ ဗဟိုဦးဆောင်ကော်မတီဝင် ဖြစ်သူ ဦးကျော်ကိုဟာ မေလ ၁၇-ရက် ညပိုင်းက နှလုံးရပ်ပြီး ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ လူချစ်လူခင်များတဲ့ ဦးကျော်ကိုအတွက် သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက စိတ်မကောင်းစွားနဲ့ နှမြောတသ ကျန်ရစ်ခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။

ABSDF (ကျောင်းသားတပ်မတော်)မှာ အရင်က တပ်ရင်းမှူး တဦးအဖြစ် တာဝန်ထမ်းခဲ့သလို၊ ABSDF ရဲ့ အထွေထွေ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌ စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတဲ့ ကိုကျော်ကိုကိုဝင်း(ခေါ်) ကိုကျော်ကိုဟာ မေလ ၁၇-ရက် ညနေပိုင်း မဲဆောက်မြို့မှာ ဘောလုံးကန်ရင်း အမောဖေါက်ပြီး နှလုံးရပ်သေဆုံးသွားရတာ ဖြစ်တယ်လို့ ကိုကျော်ကို မကွယ်လွန်ချိန်လေးမှာ သူနဲ့အတူ ဘောလုံးကန်ခဲ့တဲ့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အဖြစ်အပျက်တွေကို ခုလိုပြောပြပါတယ်။

"ဒီနေ့ညနေ ၆ နာရီကနေ ၇ နာရီ ကျနော်တို့ ဘောလုံးတူတူကန်နေတာပါ။ ကန်နေရင်းနဲ့ ၇ နာရီကျော်လောက်ပေါ့... အဲ့လို ပွဲပြီးခါနီးအချိန်မှာပဲ သူဘောလုံးကန်ပြီးတော့ ပစ်လဲသွားပါတယ်။ ပစ်လဲသွားပြီးကတည်းကနေ ပြန်ပြီးတော့ သတိပြန်မလည်လာတော့ဘူး။ ကျနော်တို့ အဲ့ကနေပြီးတော့ ဆေးရုံ အရေးပေါ်ကို ပို့ပါတယ်။ ပို့ပြီးတဲ့အခါကျတော့ ဆေးရုံမှာလည်း စက်နဲ့ ဒီနှလုံးကို ပြန်နိုးတာတွေရှိတယ်။ ဒါမဲ့ သူ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ပြန်ပြီးတော့ သတိလည်လာတာမျိုး မရှိတော့ဘူး။ သူက အေးဆေးတယ်၊ တည်ငြိမ်တယ်။ ပြဿနာတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်တယ်။ ပြီးတဲ့အခါကျတော့ တော်တော်လေးလည်း ကြိုးစားတယ်။ နယ်စပ်မှာတော့ လူတော်တော်များများက သူ့ရဲ့ အေးဆေးတဲ့၊ တည်ငြိမ်တဲ့၊ ကြိုးစားတဲ့ ကိစ္စတွေကို တော်တော်များများက သဘောလည်းကျကြပါတယ်။ ကျနော်လည်း သဘောကျပါတယ်။ လေးလည်း လေးစားပါတယ်။ ကျနော်တို့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခုပါ။"

ကိုကျော်ကို ABSDF ညီလာခံတခုမှာ ဆွေးနွေးစဉ်
ကိုကျော်ကို ABSDF ညီလာခံတခုမှာ ဆွေးနွေးစဉ်

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကာလနောက်ပိုင်း ABSDF ကျောင်းသားတပ်မတော်ရဲ့ အခန်းကဏ္ဍ ကြီးမားခဲ့ တာပါ။ ကိုကျော်ကိုဟာ ABSDF မှာ တာဝန်တွေအမျိုးမျိုး ထမ်းဆောင်ခဲ့သူ၊ လူချစ်လူခင်များသူတဦး ဖြစ်တယ်လို့ ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က ပြောပါတယ်။

"သတိရစရာအကြောင်းတွေကတော့ ၈၈ မှာ သူက အငယ်ဆုံးဗဟိုကော်မတီ ဖြစ်လာတယ်။ အသက်အငယ်ဆုံးနဲ့ ABSDF ရဲ့ ဒုဥက္ကဋ္ဌ ထိ သူဖြစ်တယ်။ သူ့ကို ရဲဘော်တွေ ချစ်ကြတယ်။ ထူးခြားတဲ့ အချက်တွေကတော့ သူက လက်ရုံးရည်ရော၊ နှလုံးရည်ရော ပြည့်စုံတယ်လို့ ကျနော်တော့ အဲ့လိုပဲ မြင်တယ်။ သူက တပ်မှူးလုပ်ခဲ့တယ်။ သူက တကယ်တော့ စစ်ရေးဘက်မှာ တအားသန်ပြီး တာဝန်ယူခဲ့ရတဲ့ ရဲဘော်တယောက်။ တခါ ကျနော်တို့ နိုင်ငံရေး လိုအပ်ချက်တွေ ဖြစ်လာတော့ သူ့ကို နိုင်ငံရေးဘက် ပြန်ရွှေ့တော့လည်း လေ့လာရေးအားကောင်းတယ်။ ချက်ချင်းပဲ သူ့ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေကို ပြလာတယ်။ အခု ကျနော်တို့ဆီမှာ လူကောင်းတွေ သိပ်ရှားနေတဲ့ အချိန်မှာ သူ့လို လူတယောက် ဆုံးရှုံးရတဲ့အတွက် ကျနော်တို့ အရမ်းဝမ်းနည်း ထိခိုက်မှု ဖြစ်တယ်။ နောက်တခုက ပိုဆိုးတာက သူက ဒီနောက်တပတ်လောက်ဆိုရင် အမေရိကားလာဖို့ရှိတယ်။ အမှတ်မထင်လေး ရက်ပိုင်းလေး အတွင်းမှာပဲ ခုလို ရေတိမ်နစ်သွားတာပေါ့ဗျာ ဆုံးပါးသွားတော့။ ဒါက ကျနော်တို့အတွက်ရော person အရ ဆုံးရှုံးမှု ထိခိုက်ခံစားရတယ်။ နောက် အဖွဲ့အစည်းအတွက်လည်း ဆုံးရှုံးမှုနစ်နာမှု တခုပဲလို့ မြင်တယ်။"

ထိုင်းနယ်စပ်က တော်လှန်ရေးကာလ ကြိုးပမ်းခဲ့ကြတဲ့ ABSDF ရဲဘော်တွေထဲမှာ ကိုကျော်ကိုဟာ အဖွဲ့အစည်းနဲ့ တော်လှန်ရေးအပေါ် အလေးနက်ထားသူ၊ ကိုယ်ကျိုး မငဲ့သူအဖြစ် သူကြုံဆုံဖူးကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာ နိုင်အောင်က ပြောပါတယ်။

"သူက ရဲဘော်ကောင်းလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ခေါင်းဆောင်ကောင်းလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကိုလည်း တကယ်ပဲ လေးလေးနက်နက် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ အဖွဲ့အစည်းအတွက်လည်း အမြဲတမ်း ကာကွယ်စောက်ရှောက်တဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ဒါပြီးတော့ သူက တကယ်ကိုပဲ ရိုးရိုးသားသား အနေကုတ်တုတ်နဲ့ နေတဲ့သူ ဖြစ်တယ်။ သူနဲ့ သူ့မိသားစုအတွက်ဆိုရင် ဘယ်တော့မှ ဘာမှတောင်းဆိုတတ်တဲ့ သူမျိုးမဟုတ်ဘူး။ နောက် သူများအတွက်ကိုပဲ ဘာလုပ်ပေးရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေတဲ့ သူဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့အနေနဲ့တော့ တကယ်ကို ကောင်းမွန်တဲ့ ရဲဘော်ကောင်း တယောက်ဆုံးရှုံးသွားတယ်လို့ ထင်ပါတယ်။ တကယ့်ကိုပဲ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းမစား၊ ကျန်းမာရေးလည်း အင်မတန် လိုက်စားတဲ့သူပေါ့နော်။ အဲ့ဒါကိုမှ ရုတ်တရက် သေမင်းက ဒီလိုကြီး ကြားဖြတ်ခေါ်သွားတဲ့ အတွက် အလွန်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်။"

မွန်ပြည်နယ် မုဒုံမြို့ဇာတိဖြစ်တဲ့ ကိုကျော်ကိုဟာ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမြန်မာနယ်စပ်ကို တောခိုလာတဲ့ ကျောင်းသားတဦးဖြစ်ပြီး ABSDF တပ်ဖွဲ့ကို ဝင်ရောက်ခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ အသက်(၅၀)ကျော် ရှိပြီဖြစ်ပြီး ဇနီးနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG