သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kofi Annan ကော်မရှင်ကို ရခိုင်လွှတ်တော် ကန့်ကွက်ခဲ့သော်


Kofi Annan ကော်မရှင်
Kofi Annan ကော်မရှင်

ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွါမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့တဲ့ မစ္စတာအာနန် ကြီးကြပ်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ကို ရခိုင်အမတ်တွေနဲ့ လူ့မှုလူ့အဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။ ဒီကိစ္စကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေတာမို့ အခုလို ဗဟိုကချမှတ် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့စည်းနဲ့ ပတ်သက်ပြီး ပြည်နယ်တွေက လက်မခံပဲ နေပိုင်ခွင့် ရှိမရှိ လက်မခံခဲ့ရင် အခြေနေက ဘယ်လို ဖြစ်လာနိုင်တယ် ဆိုတာကို AHRC အာရှလူ့အခွင့်ရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ အရဆိုရင် ပြည်နယ်အစိုးရတွေအနေနဲ့ ဥပဒေတွေ ပြဌာန်းပိုင်ခွင့်ရှိတယ်၊ပြည်နယ်တွေမှာ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၊ ဒေသကြီးတွေမှာ ဥပဒေတွေ ပြဌာန်း နိုင်တယ်လို့ ဆိုတယ်။ အုပ်ချုပ်မှုအာဏာနဲ့ ပတ်သက်ရင်တော့ ပြည်ထောင်စုအစိုးရက ချမှတ်လိုက်တဲ့ မူဝါဒတွေ ကျန်ပြည်နယ် ၊ တိုင်း တွေက လိုက်လံအကောင်အထည် ဖော်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တွေ့ရတာဖြစ်တယ်။ အဲဒီတော့ ရခိုင်ပြည်နယ်လွှတ်တော်ကနေပြီးတော့ ဆွေးနွေးပြီးတော့ ပြည်ထောင်စုအစိုးရကနေ ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြည်နယ်လွှတ်တော်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပေါင်းစပ်ပေးဖို့ လိုအပ်လာမယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ တကယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီအရေးကို ကန့်ကွက်ခဲ့တယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြန်ပြီးတော့ ကိုင်တွယ်ရမယ့် သဘောပေါ့နော်။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲဒီတော့ ဒီပြည်ထောင်စုအစိုးရအဖွဲ့ကနေ ပြည်နယ်အစိုးရ နဲ့ ပြည်သူ့လွှတ်တော်အစိုးရအဖွဲ့ ကြားထဲမှာ ကွာဟနေတဲ့ အချက်အလက်တွေ ညှိနှိုင်းပေါင်းစပ်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကနေပြီးတော့ ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွေနဲ့ ပတ်သက်ပြီးတော့ ပါဝင် သက်ရောက် ပြန့်နှံ့ဆောင်ရွက် နိုင်တယ်ဆိုတာကိုလည်း ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၂၁၆ ၊ ၂၁၉ တွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။

မေး။ ။ ဆိုတော့ အခုလိုမျိုးပေါ့နော် ရခိုင်ပြည်နယ်ကနေပြီးတော့ ပြည်နယ်လွှတ်တော် ခေါ်ယူပြီးတော့ ဒီရခိုင်ပြည်နယ်အကြံပေးကော်မရှင် သူတို့ ပြည်နယ်အတွင်းမှာ လာရောက် ခွင့်မရှိဘူးလို့ကော ပြောပိုင်ခွင့်ရှိလား။

ဖြေ။ ။ အဲဒီလိုတော့ ပြောပိုင်ခွင့်မရှိဘူးဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နယ်စပ်ဒေသချင်း ထိစပ်နေတဲ့ ဒေသဖြစ်တဲ့အတွက် အဲဒီဒေသတွေမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရယ်၊ နောက်ပြီးတော့ တခါ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့အတူ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့ ကာလုံ စတာတွေက အဓိက အာဏာ သက်ရောက်တဲ့ ဒေသတွေဖြစ်တယ်။ အဲဒီတော့ အဲလိုမျိုးတော့ လုပ်ပိုင်ခွင့်မရဘူးလို့တော့ ကျနော်တို့မြင်ပါတယ်။

မေး။ ။ရခိုင်ပြည်နယ်လွှတ်တော်ကနေပြီးတော့ အကြံပေးကော်မရှင်ကို ကန့်ကွက်ပေမယ့် အကြံပေးကော်မရှင်က ရခိုင်ပြည်နယ်ထဲမှာ လာရောက်ပြီးတော့ မြေပြင် အခြေအနေလို့သူတို့ခေါ်တဲ့ လက်တွေ့ ဖြစ်ပျက်နေတာတွေကို လာပြီးလေ့လာ ဆန်းစစ်ခွင့်တော့ ရှိတာပေါ့နော်။

ဖြေ။။ ဟုတ်ပါတယ်။ ဥပမာ တခုပြောရမယ်ဆိုရင် - ယန်ဟီးလီ လာတဲ့ကိစ္စမှာ ဒါကော်မရှင်မဟုတ်ဘူး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်လာတဲ့ ကိစ္စမှာ ရခိုင် ပြည်သူလူထုတွေကလည်း ဆန္ဒပြတယ်၊ ရခိုင် အစိုးရအဖွဲ့ကလည်း ဆန္ဒပြတယ် သို့သော်လည်း လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လာတဲ့ ကိစ္စတွေမှာ ဘာမှ ကန့်သတ်တားမြစ်နိုင်တဲ့ ကိစ္စ မရှိဘူးဆိုတာကို ကျနော် တွေ့ရတယ်။ အဓိကကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကာလုံရဲ့ အဆုံးအဖြတ်က အဓိက ကျတယ်လို့ ကျနော်မြင်ပါတယ်။ နယ်စပ်ဒေသချင်း ထိစပ်နေတဲ့ ဒေသတွေမှာ ။

မေး။ ။ အနောက်နိုင်ငံတွေမှာပေါ့လေ ဗဟိုအစိုးရကနေပြီးတော့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ကို လွှမ်းမိုး လို့ မရဘူးပေါ့နော်။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ် ပြီး နည်းနည်းပြောပြပေးပါ။

ဖြေ။ ။ အနောက်နိုင်ငံတွေမှာကတော့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသားပေးထားတာတွေရှိတယ် ။ အဲဒီတော့ ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရရဲ့ ဥပဒေတွေ ပြဌာန်းခွင့် လုပ်ပိုင်ခွင့်တွေကို ဝင်ရောက်စွက်ဖက်တာ မတွေ့ရဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီလိုမျိုးမဟုတ်ပဲနဲ့ အမေရိကန်က တစိတ်တပိုင်းယူတယ် အင်ဒိုနီးရှားက တစိတ်တပိုင်းယူတယ် ဟိုနားတပိုင်း ဒီနားတပိုင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ဟာ ဖြစ်နေတဲ့အခါကျတော့ နောက်ဆုံး နိုင်ငံတော်ရဲ့ အာဏာ ဘယ်မှာရှိနေသလဲဆိုတော့ ပြည်နယ်တွေကို ခွဲဝေပြန့်သွားတဲ့ အဆင့်ထိမရောက်ပဲ နဲ့ နောက်ဆုံး နိုင်ငံတော် သမ္မတရယ်၊ ကာလုံရယ် ဒီလူတွေရဲ့ အဆုံးအဖြတ်က အဓိက ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

ဒါကြောင့်ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပင်လုံညီလာခံဆွေးနွေးတဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ကန့်သတ်ချက်တွေကြောင့်ဆွေးနွေးတာတွေ အဆင်မပြေ ဖြစ်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကလည်း တကယ်တမ်း ထိထိရောက်ရောက် လုပ်ပိုင်ခွင့်ကို ကန့်သတ်ပေးထားတာ မရှိပဲနဲ့ နောက်ဆုံးကျရင် ပြည်ထောင်စုအစိုးရ က ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပြီးတော့ ပြည်ထောင်စုအစိုးရစီမံခန့်ခွဲမှုအောက်မှာ ပဲသွားတယ်ဆိုတာကို ကျနော်တို့ မြင်ရတာဖြစ်တယ်။ အဲဒါကတော့ အနောက်နိုင်ငံတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ကွာခြားချက်ပဲဖြစ်တယ်။”

AHRC က ရှေ့နေဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေပါဝင်နေတာကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်ပြီး ဒီအကြံပေးကော်မရှင်ကို ပြည်တွင်း တတ်သိပညာရှင်တွေနဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းခဲ့တဲ့ အရေးအကြီးအဆိုအတွက် ပြည်သူ့လွှတ်တော်မှာ အင်္ဂါနေ့က ကိုယ်စားလှယ် ၃၄ ဦးက အကြိတ်အနယ် ဆွေးနွေးခဲ့ ပေမယ့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကိုဆွေးနွေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက စက်တင်ဘာလ ၁၂ ရက်နေ့မှာ အထူးအစည်းဝေးခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG