သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင် အကြံပြုချက် မြန်မာအစိုးရ အမြန်အကောင်ထည်ဖေါ်မည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို မြန်မာအစိုးရက ကြိုဆိုလိုက်ပါတယ်။ အစီရင်ခံစာထဲက အကြံပြုတင်ပြချက်တွေဟာ အစိုးရနဲ့ သဘောထားအမြင်တူညီတယ်လို့ဆိုပြီး ကြိုဆိုခဲ့သလို အကြံပြုချက်တွေကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြံပြုချက်တွေအတိုင်းလက်တေ့ွ အကောင်အထည်ဖော်တဲ့နေရာမှာ တချို့ကိစ္စတွေက အခက်အခဲရှိပြီး အချိန်ယူရလိမ့်မယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တယောက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ်ထဲမှာ မကြာခင်က ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာတွေဆီကို သတင်းထောက်တွေကို ပုံမှန်လွတ်လွတ်လပ်လပ် သတင်းသွားယူခွင့်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိခွင့်ပေးဖို့အပါအဝင် ဘက်ပေါင်းစုံအတွက် အကြံပြုချက်တွေပါဝင်တဲ့ ကြားဖြတ်အစီရင်ခံစာကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က မတ်လ ၁၆ ရက် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကော်မရှင်အကြံပြုချက်တွေဟာ လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့အခြေအနေတွေတင်မက ရခိုင်ပြည်နယ်ထဲကအခြေအနေအားလုံးကိုလေ့လာပြီး ကော်မရှင်က အကြုံပြုချက်တွေကို ပေးထားတာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ခေါင်းဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Dr. Kofi Annan က အစီရင်ခံစာထုတ်ပြန်ပွဲမှာ Video ကနေ တဆင့်ပြောကြားခဲ့ပါတယ်။ အခွင့်အရေးအကာအကွယ်ပေးရေး၊ လွတ်လပ်စွာသွားလာနိုင်ရေး စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေတိုးတက်စေရေးနဲ့ ရခိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့နဲ့ပါတ်သက်တဲ့ အဆိုပြုချက်တွေ ပါဝင်တယ်လို့ Mr. Annan ကပြောကြားသွားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ အခြေအနေတွေထဲက နိုင်ငံသားစိစစ်ရေးကိစ္စနဲ့ပတ်သက်လို့လည်း ခုလိုပြောသွားခဲ့ပါတယ်။

“နိုင်ငံသားစိစစ်ရေးနဲ့ပါတ်သက်လို့ မဖြေရှင်းနိုင်တဲ့ကိစ္စတော်တော်များများအပေါ် စိုးရိမ်မှုတွေရှိနေကြတယ်ဆိုတာကို ကော်မရှင်ကသိရပါတယ်။ ဒီကိစ္စတွေကို စိစစ်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ ကျွန်တော်တို့ အကြံပြုပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိသမျှလူတိုင်းအားလုံး ကျန်းမာရေးနဲ့ ပညာရေးစောင့်ရှောက်မှုတွေ ရရှိနိုင်ရေးကို ဆောင်ရွက်ဖို့နဲ့ အခြေအနေပိုတိုးတက်အောင်လုပ်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်း အလေးအနက်ပြောချင်ပါတယ်။”

အဲဒီအစီရင်ခံစာထဲမှာလည်း ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မွတ်စလင်တွေဟာ ဘယ်နိုင်ငံသားအဖြစ်နဲ့မှ ရပ်တည်နိုင်ခြင်းမရှိတာကြာပြီဖြစ်ပြီး ခွဲခြားဆက်ဆံခံရမှု၊ အနိုင်ကျင့်ခံရမှုတွေ ကြုံကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံသားအဖြစ်သတ်မှတ်ခံရပြီးသူတွေအနေနဲ့ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိတဲ့ အကျိုးအမြတ် ရပိုင်ခွင့်တွေနဲ့ လွတ်လပ်စွာ သွားလာခွင့်ရသင့်တယ်လို့ အကြံပြုထားပါတယ်။

လူမှုအဖွဲ့အစည်းတွေကြားမှာ သဟဇာတဖြစ်မှုနဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ ရှိလာရေးကို ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရတွေက လူသိရှင်ကြား အားပေးလုပ်ဆောင်သင့်တဲ့အပြင် အစိုးရအဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေကြားမှာ မမှန်ကန်တဲ့ သတင်းတွေဖြန့်နေတာကို ပပျောက်အောင် ဆောင်ရွက်သင့်တာကိုလည်း အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေအနေနဲ့ သူတို့ရဲ့ သဘောထားတွေကို တင်ပြနိုင်ကြဖို့ ဆွေးနွေးမှုဆိုင်ရာ နည်းလမ်းတွေကို အစိုးရက အမြန်ဆုံးဖော်ထုတ်ပေးဖို့လည်း အကြံပြုချက်တွေထဲမှာ ပါဝင်ပါတယ်။ ဒီလိုအကြံပြုချက်တွေနဲ့ ပါတ်သက်လို့ Dr. Kofi Annan ကလည်းခုလိုပြောသွားပါတယ်။

“ရခိုင်ပြည်နယ်ထဲမှာ ခဏခဏပြန်ဖြစ်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖျက်စီးမှုတွေကို တားဆီးနိုင်ဖို့အတွက်ဆိုရင် လူမှုအသိုင်းအဝိုင်းတွေကြားမှာ အပြန်အလှန်ဆွေးနွေးနိုင်မယ့်အခြေအနေတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကိုယ်စားပြုနိုင်ရေး၊ ပါဝင်နိုင်ရေးစတဲ့အခြေအနေတွေ ဖန်တီးပေးဖို့လိုအပ်တယ်လို့ ကော်မရှင်ကမြင်ပါတယ်။ ခုလိုကြားဖြတ်အကြံပြုချက်တွေပေးနိုင်ဖို့အတွက် ကျွန်တော်နဲ့ ကျွန်တော်ရဲ့ကော်မရှင် အဖွဲ့ဝင်တွေဟာ ရခိုင်၊ ရန်ကုန်နဲ့ နေပြည်တော်က သက်ဆိုင်ရာအရေးပါတဲ့သူတော်တော်များများနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလိုတိုင်ပင်ဆွေးနွေးမှုတွေထဲမှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ New York နဲ့ Geneva မှာအခြေစိုက်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။”

၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနောက်ပိုင်းဖွင့်ထားတဲ့ IDP စခန်းတွေကို ပိတ်နိုင်ရေး ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေးဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါတ်သက်လို့ လွတ်လပ်ပြီးဘက်မလိုက်တဲ့ စုံစစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေပေးဖို့ စတဲ့အကြံပြုချက်တွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။ ဒီအစီရင်ခံစာထဲမှာ ပါဝင်တဲ့ အကြံပြုတင်ပြချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ သဘောထားအမြင်နဲ့ တူညီတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ကြာသပတေးနေ့ကပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြံပြုတင်ပြချက်တွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေမယ်လို့ ယုံကြည်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ကော်မရှင်တင်ပြချက်တေကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် အကောင်အထည်ဖော်သွားမယ်လို့လည်း အစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီကြားဖြတ်အစီရင်ခံစာဟာ ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ကာကွယ်တားဆီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ ပြုစုခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ဒီအစီရင်ခံစာထဲမှာဖော်ပြထားတဲ့ တင်ပြအကြံပြုချက်တွေက ရခိုင်ပြည်နယ်ထဲက အခြေအနေတွေ တိုးတက်လာဖို့အတွက် ဘယ်လောက်အထောက်အကူပြုနိုင်ပါသလဲ။ မြန်မာ့နိုင်ငံရေး အကဲခတ် ဒေါက်တာတင့်ဆွေက ကျယ်ပြန့်ပြီး လက်တေ့ွကျတဲ့ အစီရင်ခံစာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“Kofi Annanဦးဆောင်တဲ့ ကော်မရှင်အစီရင်ခံစာဟာ Ms. Yanghee Lee အစီရင်ခံစာထက် ပိုကျယ်ပြန့်ပြီးတော့ လက်တွေ့ကျတဲ့ အစီရင်ခံစာ တခုလို့ မြင်ပါတယ်။ နောက်တခါ ပြဿနာ ဖြေရှင်းမှုမှာလည်း ရှည်ရှည်ဝေးဝေးနဲ့ အချိန်တွေယူရမယ်၊ အဆင့်တွေလုပ်ရမယ် ဆိုတဲ့ တင်ပြချက်ဟာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာ ဖြေရှင်းမှုမှာလည်း လက်တွေ့ကျတဲ့အကြံပေးမှုဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဒီအစီရင်ခံစာမှာပါသလိုပေါ့နော် ပြဿနာဟာ နက်နဲတဲ့ ကြီးကျယ်တယ် အချိန်ယူရမယ်၊ နောက်ဆုံးသူတင်ပြသွားတဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရမယ် ဆိုတဲ့အချက်ဟာ တော်တော်ကို သွားရဦးမယ့်ခရီးစဉ် အရှည်ကြီးဖြစ်တဲ့အတွက် ဒီအစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ အသိုင်းအဝိုင်းတွေ အကုန်လုံးနဲ့တခါ ၊ တဆက်တည်းမှာ ဘင်္ဂလားဒေ့်ပေါ့နော် အိမ်နီးချင်းတွေနဲ့ နောက်တခါ ဘာသာရေးအရ နောက်ကနေ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ် တွေနဲ့ကတော့ အရင်လိုဆိုးဆိုးဝါးဝါး မဖြစ်စေပဲနဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ အထောက်အကူပြုနိုင်တယ်လို့ ယူဆပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်နဲ့ ၂၀၁၆ စက်တင်ဘာလက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အပြီးသတ်အစီရင်ခံစာကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ကော်မရှင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG