သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်အကြံပေးကော်မရှင် ရခိုင်စုံစမ်းရေးခရီးထွက်


မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို စုံစမ်းတင်ပြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရခိုင်ကော်မရှင်ဟာ အချက်အလက် စုဆောင်းရေး ခရီးစဉ်အဖြစ် အင်္ဂါနေ့က ရခိုင်ပြည်နယ်ကို ခရီးထွက်ခဲ့ပါတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲ ခရီးစဉ်အတွင်းမှာတော့ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေ၊ ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ အပါအဝင် အလွှာပေါင်းစုံနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို စုံစမ်းဖို့ အပါအဝင် တခြား လူမှုရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး အခြေအနေတွေကို လေ့လာပြီး အစီရင်ခံနိုင်ဖို့အတွက် အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့ကို သွားရောက်လေ့လာခဲ့တာပါ။ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ ကျောက်ဖြူမြို့မှာ ဒေသဆိုင်ရာ လူထုအခြေပြုအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“စီးပွားရေးလုပ်ငန်းရှင်တင်မကပါဘူး။ CSO တွေနဲ့လည်း တွေ့တယ်လေ။ တွေ့တဲ့အခါကျတော့ စီးပွားရေးတခုတည်း မဟုတ်ပါဘူး။ သူတို့ အများကြီး ပြောပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရော၊ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေရော၊ နောက် ဒီဘက်မှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေပေါ့နော် လမ်းပမ်းဆက်သွယ်ရေး၊ အထူးသဖြင့်တော့ သင်္ဘော လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့နော် သွားရေးလာရေးက ရှပ်ပြေးနဲ့ဆိုရင် အဆင်မပြေတဲ့အကြောင်း၊ နောက် သန့်ရှင်းသောရေ ရရှိရေး၊ အဲဒါမျိုးလေးတွေလည်း ပြောပါတယ်။ နှစ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ နေထိုင်ရေး ဆိုတာကိုလည်း သူတို့ သဘောတူကြပါတယ်။ ပဋိပက္ခကင်းစင်ရေးဆိုတာ လိုအပ်တယ်ဆိုတာတော့ ပြောပေမဲ့လည်း အဓိကကတော့ ဖွံ့ဖြိုးရေးကိုပဲ သူတို့ ပြောကြပါတယ်။”

ကျောက်ဖြူမြို့မှာ အထူးစီးပွာရေးဇုံအဖြစ် အရင်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေကသာ အကျိုးဖြစ်ထွန်းခဲ့ပြီး၊ ဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျခဲ့ရတဲ့အကြောင်း ဒေသခံတွေက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

“အထူးစီးပွားရေးဇုံဆိုပြီးတော့ လုပ်ခဲ့တာက ပြီးခဲ့တဲ့အစိုးရလက်ထက်က လုပ်တယ်။ အခုလည်း ဒါကို ပြန်ပြီးတော့ ကော်မတီအသစ် ဖွဲ့စည်းထားတဲ့အခါကျတော့ အကောင်အထည်တော့ မပေါ်သေးဘူးပေါ့နော်။ သို့သော်လည်းပဲ ကျွမ်းကျင်အလုပ်သမားတွေကို လေ့ကျင့်တာတို့ ဘာတို့တော့ စ လုပ်နေပြီပေါ့လေ။ အားသာချက်၊ အားနည်းချက်တွေကို ဆွေးနွေးတင်ပြတာတွေ ရှိပါတယ်။ နောက်ပြီးတော့ သူတို့ လယ်ယာပိုင်ဆိုင်မှုလေးတွေ ကိစ္စကို သူတို့ပြောတယ်။ အဲတော့ ဒီလို စီမံကိန်းတွေလုပ်တဲ့အခါမှာ ဓမ္မဦးချ ဘိုးဘွားပိုင်လယ်မြေတွေကို အသိမ်းခံရတဲ့ ကိစ္စတို့ ဘာတို့ ပေါ့နော် အဲဒါ လျော်ကြေးကိစ္စတို့ ဘာတို့ကလည်း သိပ် ထိုက်ထိုက်တန်တန် မရတဲ့ကိစ္စပေါ့လေ အဲ့လို အားသာချက် အားနည်းချက်တွေကို အများကြီး ဆွေးနွေးကြပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ကို ကြိုဆိုတယ်။ သို့သော် စိတ်မကောင်းဖြစ်နေတာက ရခိုင့်ရဲ့ သယံဇာတကို ရခိုင်ပြည်သူတွေက မရဘူးဆိုတဲ့ဟာမျိုးပေါ့ဗျာ။ သဘာဝဓာတ်ငွေ့တွေ၊ ရေနံတွေက တခြားစီးပွားရေးလုပ်ငန်းရှင်တွေကပဲ ယူသွားကြပြီးတော့ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ကျောက်ဖြူပတ်ဝန်းကျင်မှာပေါ့နော် မီးမလင်းသေးတဲ့ ရွာတွေက အများကြီး ရှိနေသေးတယ်။ အဲဒါလေးတွေကို သူတို့ တော်တော်လေး စိတ်မကောင်းဖြစ်ကြပါတယ်။”

ဗုဒ္ဓဟူးနေ့မှာတော့ ကျောက်ဖြူမြို့က IDP စခန်းတခုကို သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီစခန်းမှာ ကမန်တိုင်းရင်းသားတွေနဲ့ ပြည်တွင်းက အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေတဲ့ စခန်းဖြစ်ပြီး သူတို့တွေဟာ နှစ်ဘက်လူအဖွဲ့အစည်း ပဋိပက္ခတွေအပြီးမှာ ရွှေ့ပြောင်း နေရာချထားခြင်း ခံရတဲ့သူများဖြစ်တယ်လို့ ဆိုပါတယ်။

“အပြန်မှာတော့ ကျနော်တို့ IDP စခန်းတခုကို ဝင်ဖို့ရှိပါတယ်။ ကျောက်ဖြူမှာက ဘယ်လိုဖြစ်သလဲဆိုတော့ အရေးအခင်း ဖြစ်လိုက်တဲ့အပေါ်မှာ ကျောက်ဖြူမြို့ပေါ်မှာ နေနေတဲ့ တချို့လည်း ကမန်တွေ ရှိတယ်ပေါ့နော် တချို့က ကမန် မဟုတ်တော့လည်းပဲ နိုင်ငံသား အရည်အချင်း အပြည့်မီတဲ့အတွက် နိုင်ငံသားရထားတဲ့သူတွေလည်း ရှိတာပေါ့နော်။ အဲဒီလူတွေက သူတို့ အိုးအိမ်တွေကို စွန့်ပြီးတော့ ဒီစခန်းထဲမှာ သွားနေနေတာလေ။ သူတို့ အိုးအိမ်တွေက ပဋိက္ခထဲမှာ ဖျက်ဆီးခြင်းလည်း မခံရဘူး။ ဒီအတိုင်းပဲ ရှိနေကြတာပေါ့လေ။ အဲဒီအတွက်တော့ အဖြေတခု ရှာရမှာပေါ့။ သူတို့ကတော့ အမျိုးမျိုး ပြောနေကြပေမဲ့ ကျနော့်စိတ်ထင် သူတို့ အဲဒီမှာ သွားထားခြင်းခံရတယ်လို့ ကျနော် အဲ့လိုပဲ သဘောပေါက်ပါတယ် လုံခြုံရေးအရပေါ့နော်။”

အဖွဲ့ဝင် ၇ ဦး ပါဝင်လိုက်ပါလာတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ကျောက်ဖြူနဲ့ ရမ်းဗြဲခရီးစဉ်အပြီးမှာ ကြားဖြတ် အစီရင်ခံစာတစောင်လည်း ထုတ်ပြန်ဖို့ ရှိပါတယ်။ ရခိုင်အကြံပေးကော်မရှင်ကို သြဂုတ်လ ၂၄ ရက်နေ့က ပြည်တွင်း ပြည်ပ တတ်သိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီကော်မရှင်မှာ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ မစ္စတာ ကိုဖီအာနန် က ဥက္ကဌအဖြစ် ဆောင်ရွက်နေတာပါ။

ဒါ့အပြင် မစ္စတာ ကိုဖီအာနန်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ၂ ကြိမ်တိုင်တိုင် သွားရောက်လေ့လာခဲ့ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီကော်မရှင် စတင် ဖဲ့ွစည်းစဉ်ကတော့ ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ ကော်မရှင်ကို ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းတွေက လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ဒီကော်မရှင်အနေနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမတိုင်ခင်မှာ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို လေ့လာပြီး အစိုးရကို အစီရင်ခံစာ တင်ပြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG