သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ Kofi Annan ကုလ အမှတ်တရ ဂုဏ်ပြု


ကွယ်လွန်သွားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဟာ ကောင်းကျိုးအတွက် လမ်းညွန်တွန်းအားဖြစ်တဲ့အပြင် သူကိုယ်တိုင်ဟာလည်း ကုလသမဂ္ဂအဖွဲ့ကြီး ဖြစ်ခဲ့ကြောင်း လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ အလားတူဘဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံကလည်း ကိုဖီ အာနန်အတွက် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပသွားဖို့ ညှိနှိုင်း တိုင်ပင်မှုတွေ တနင်္လာနေ့မှာ ပြုလုပ်နေပါတယ်။ ကိုဖီ အာနန်း ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်း ကွယ်လွန်သွားတဲ့အပေါ် နိုင်ငံတကာက ဝမ်းနည်းကြောင်း ပြောဆိုမှုတွေ ဆက်တိုက် ဆိုသလို ထွက်လာနေတဲ့အချိန်မှာဘဲ လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterre ကလည်း တနင်္လာနေ့မှာ ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အတွင်းရေးမှူးချုပ် Guterres ရဲ့ စာကိုတော့ တနင်္လာနေ့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ အစမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဖတ်ကြားပြခဲ့ပါတယ်။

“ကိုဖီ အာနန်ဟာ ကောင်းကျိုးအတွက် လမ်းညွန်တွန်းအားတခု ဖြစ်ခဲ့ပါတယ်။ သူအခုလို ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ အောက်ခြေကနေ အဆင့်ဆင့် တက်လာခဲ့သူဖြစ်ပြီး တကယ်တော့ သူကိုယ်တိုင်ကိုယ်က ကုလသမဂ္ဂအဖွဲ့ကြီးပါ။ သူဟာ ကုလသမဂ္ဂအဖွဲ့ကြီး ရာစုနှစ်သစ်ထဲကို တက်လှမ်းနိုင်ရေးအတွက် ပြိုင်ဘက်မရှိတဲ့ ဂုဏ်သိက္ခာနဲ့အညီ မဆုတ်မနစ် ဦးဆောင် လုပ်ကိုင်နိုင်ဖို့ အောက်ခြေကနေ တဆင့်ခြင်း တက်လာခဲ့သူ ဖြစ်ပါတယ်။”

တခြားသူ အများအပြားနည်းတူ ကိုဖီ အာနန်းဟာ မိတ်ဆွေကောင်း တယောက်ဖြစ်လို့ သူ့အနေနဲ့ ဂုဏ်ယူစွာ ခေါ်ဆိုနိုင်သလို ကိုဖီ အာနန်းဟာ သူ့အတွက် ဦးဆောင် လမ်းပြပေးသူတဦး ဖြစ်ခဲ့ကြောင်းလည်း မစ္စတာ Guterres ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ကိုဖီ အာနန်း အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မစ္စတာ Guterres အနေနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကို ဦးဆောင်ဖို့ ခန့်အပ် တာဝန်ပေးခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်းလည်း စာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုအပ်တဲ့အချိန်တွေမှာ သူ့အနေနဲ့ ကိုဖီ အာနန်းဆီက အကြံဉာဏ်တောင်းလို့ ရနိုင်သလို တခြားသူတွေလည်း သူ့လိုဘဲ အကြံဉာဏ်တွေ တောင်းလို့ရနိုင်ခဲ့ကြမယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Guterres ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုဖီ အာာနန်းရဲ့ ကျန်ရစ်သူဇနီး Nane Annan နဲ့ သူချစ်ခင်ရတဲ့ မိသားစုအပါအဝင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားခဲ့တဲ့ သူ့အပေါ် ချစ်မြတ်နိုးကြသူ အာဖရိကတိုက်သားတွေ အားလုံးနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်းလည်း မစ္စတာ Guterres ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၁၈ ရက်၊ စနေနေ့က ကွယ်လွန်သွားတဲ့ ကိုဖီ အာနန်းဟာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အရ ရခိုင်ကော်မရှင်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး ရခိုင်ပြည်နယ် ရေရှည် တည်ငြိမ် အေးချမ်းရေးအတွက် လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရထံ တင်ပြထားပြီး ဖြစ်ပါတယ်။

ကိုဖီ အာနန်း ကွယ်လွန်သွားတဲ့အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌအနေနဲ့ အထူး ဝမ်းနည်းကြေကွဲကြောင်း ညီလာခံဥက္ကဋ္ဌရဲ့ ပြောခွင့်ရ Brenden Verma က တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး အထွေထွေ ညီလာခံအနေနဲ့လည်း အောက်မေ့ဘွယ် အခမ်းအနား ကျင်းပသွားဖို့ ဆွေးနွေး တိုင်ပင်နေတယ်လို့ ပြောပါတယ်။

“ကွယ်လွန်သွားတဲ့ အတွင်းရေးမှူးချုပ်ဟောင် ကိုဖီ အာနန်းကို ဂုဏ်ပြုတဲ့အနေနဲ့ အထွေထွေညီလာခံက အောက်မေ့ဘွယ် အခမ်းအနား ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ ဒီနေ့ နေ့လည်ပိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

ကိုဖီ အာနန်းဟာ ကမ္ဘာမှာ အထင်ရှားဆုံး သံတမန်တဦးဖြစ်ကြောင်းလည်း အထွေထွေညီလာခံဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ကိုဖီ အာနန်အခုလို ကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့ ဇာတိမြေ ဂါနာနိုင်ငံက သမ္မတ Nana Akufo-Addo အပါအဝင် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Hailey နဲ့ တခြား ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း ဝမ်းနည်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ကိုဖီ အာနန်းအတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကုလသမဂ္ဂ ရုံးတိုင်းမှာ အင်္ဂါနေ့အထိ အလံတွေကို တဝက်ဘဲ လွှင့်ထူသွားဖို့ ကုလသမဂ္ဂက ညွန်ကြားချက် ထုတ်ပြန်ထားပြီး ဗုဒ္ဓဟူးနေ့မှာလည်း နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ လွမ်းသူ ပန်းခွေချတဲ့အခမ်းအနား ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ကိုဖီ အာနန်းဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ ရခိုင်အကြံပေးကော်မရှင်ထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံသား ၆ ဦးထဲက တဦးဖြစ်သူ ဒေါ်စောခင်တင့်ဟာ အမေရိကန်ပြည်ထောင်စုမှာ ခေတ္တ ရောက်ရှိနေပါတယ်။ သူက ကိုဖီ အာနန်း အခုလို ကွယ်လွန်သွားခြင်းဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တရပ်ဖြစ်ကြောင်း အခုလို ပြောပါတယ်။

"ကျမအနေနဲ့ကတော့ ဒီလိုဆုံးပါးသွားတာ တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်။ ကျမခံစားချက်ကိုပြောရမယ်ဆိုရင်တော့ လူသားတွေအတွက် ဆုံးရုံးမှုတခုကို ခံစားလိုက်ရသလိုပဲ ကျမခံစားရပါတယ်။ တကယ်တော့်လူသားတွေအကျိုးကိုဆောင်ရွက်ခဲ့သောလူသား တဦး ဒီကမ္ဘာမြေကြီးကနေ ပျောက်ကွယ်သွားတယ်လို့ကျမခံစားမိပါတယ်။ ကျမအနေနဲ့ ရခိုင်တိုင်းရင်းသားတဦးအနေနဲ့ ကိုယ့်ရခိုင်အရေးမှာ ကိုဖီ အာနန်းနဲ့ တွဲပြီးတော့ အလုပ်လုပ်တဲ့အခါမှာ ဒါသူ့ရဲ့ လူမျိုးတိုင်းအပေါ်မှာထားတဲ့ စေတနာတွေ လုပ်ရပ်တွေဟာ တကယ့်ကို တန်ဖိုးထား ဂုဏ်ယူစရာတွေလို့ တွေ့ခဲ့ပါတယ်။သူနဲ့အတူ လုပ်ကိုင်ရတဲ့အခါမှာ ကျမအတွက်တော့ တကယ့်ကို တန်ဖိုးမဖျက်နိုင်တဲ့ အသိပညာတွေ ၊ အတွေးအခေါ်တွေ စေတနာသန့်သန့်နဲ့ ကိုယ်ကျိုးမကြည့်ပဲနဲ့ အလုပ်တွေကို ဘယ်လိုလုပ်ကိုင်ရမယ် ၊ လူတွေအပေါ်မှာ ဘယ်လိုသည်းခံရမယ် ။ ကိုယ့်စိတ်ကို အေးအေးချမ်းချမ်းလေးနဲ့ လောကအကျိုးရှိအောင် ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာတွေကို သူက ဒီလိုလုပ်ပါ ၊ ဒီလိုပြောပါ ဆိုပါ တွေကို မပြောသည့်တိုင်အောင် သူ့ရဲ့ လုပ်တာတွေ၊ ပြောတာတွေ၊ ဆိုတာတွေ စဉ်းစားတာတွေ ၊ တွေးခေါ်တာတွေ ဒါတွေက ကျမအတွက် သင်ဆရာတယောက်လိုဖြစ်ခဲ့ပါတယ်။"

မစ္စတာ ကိုဖီ အာနန်းရဲ့ ဈာပနအခမ်းအနားကို မိသားစုဝင်တွေက သီးခြား ပုဂ္ဂလိကအစီအစဉ်အဖြစ်နဲ့ ကျင်းပသွားမယ်လို့ ကိုဖီ အာနန်း ဖောင်ဒေးရှင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကွယ်လွန်သူ Kofi Annan ကုလ အမှတ်တရ ဂုဏ်ပြု
please wait

No media source currently available

0:00 0:05:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG