သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ Kofi Annan မြန်မာ့အရေးရှင်းလင်း


လုံခြုံရေးကောင်စီမှာ Kofi Annan မြန်မာ့အရေးရှင်းလင်း။
လုံခြုံရေးကောင်စီမှာ Kofi Annan မြန်မာ့အရေးရှင်းလင်း။

မြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်ဟာ ၂ ခုတွဲအုပ်ချုပ်ရေးစနစ်ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိတယ်လို့ ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်တွေကို ဦးဆောင်ရေးသားခဲ့တဲ့ Dr. Kofi Annan ကပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေ Bangladesh နိုင်ငံဖက် ထွက်ပြေးခဲ့ကြပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကြီးအဆုံးသပ်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့က အလွတ်သဘောဆွေးနွေးခဲ့စဉ်မှာ Mr. Kofi Annan ကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအတွင်း ရခိုင်အရေးနဲ့ပါတ်သက်လို့ ဘာလုပ်သင့်တယ်ဆိုတဲ့ အချက်တွေကိုလည်းလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောတူခဲ့ကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

လုံခြုံရေးကောင်စီရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ပြင်သစ်နိုင်ငံရဲ့ အစီအစဉ်နဲ့ သောကြာနေ့တုန်းက New York မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ Dr. Kofi Annan နဲ့ Arria-formula meeting အလွတ်သဘော ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲကနေ ရခိုင်ပြည်နယ်က ပြဿနာအဆုံးသပ်ရေး ဘာလုပ်သင့်တယ်ဆိုတဲ့အပေါ် အဓိကထားဆွေးနွေးခဲ့ကြတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre က သတင်းထောက်တွေကို ခုလိုပြောကြားခဲ့ပါတယ်။

"အကြမ်းဖက်မှုရပ်ရေး။ လူသားချင်းစာနာမှုအကူအညီ အပြည့်အဝပေးနိုင်ရေးနဲ့ ဒုက္ခသည်တွေပြန်နိုင်ရေးဖြစ်ပါတယ်။ ဒုက္ခသည်တွေပြန်နိုင်ဖို့ မြန်မာနဲ့ Bangladesh အစိုးရကြား ဆွေးနွေးညှိနှိုင်းမှုတွေ တိုးမြင့်လုပ်ဖို့ လုံခြုံရေးကောင်စီက တောင်းဆိုပါတယ်။ ဒုတိယရည်မှန်းချက်ကတော့ Kofi Annan အစီရင်ခံစာထဲက အကြံပြုချက်တွေကို ထောက်ခံဖို့နဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နိုင်ရေး အားပေးကူညီဖို့ဖြစ်ပါတယ်။"

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါချက်တွေကို ကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan က အဓိကရှင်းပြခဲ့ပါတယ်။ မြန်မာအစိုးရကရော။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရော။ နိုင်ငံတကာအဖွဲ့အစည်းတွေရောက ဒီအစီရင်ခံစာကိုလက်ခံထားကြတဲ့အတွက် အားလုံးပေါင်းပြီး လက်တွေ့ဆောင်ရွက်နိုင်မယ့် မူဘောင်တွေ ချမှတ်နိုင်မယ်လို့ Mr. Kofi Annan ကပြောပါတယ်။

"ဒီကျယ်ပြန့်တဲ့ပြဿနာနဲ့ပါတ်သက်ပြီး မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီပြဿနာကြီးကို ဖြေရှင်းနိုင်အောင် အချိန်နဲ့ လုပ်ခွင့်ပမာဏ ပေးထားဖို့လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ အချိန်နဲ့ အထောက်အကူပြုအရင်းအမြစ်တွေ အများအပြားလိုအပ်နေလို့လည်းဖြစ်ပါတယ်။"

Mr. Kofi Annan က ဒီမိုကရေစီစနစ်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကိုလည်း လုံခြုံရေးကောင်စီကို ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကြောင့် အုပ်ချုပ်ရေးစနစ်မှာ ဦးဆောင်မှု ၂ ခုဖြစ်နေတယ်ဆိုတာ ရှင်းပြခဲ့တယ်လို့ သတင်းစာရှင်းပွဲမှာ ခုလိုပြောပါတယ်။

"နှစ်ပေါင်း ၅၀ ကြာ စစ်တပ်အုပ်ချုပ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အင်မတန်ခက်ခဲတဲ့ အပြောင်းအလဲတွေကို ဖြတ်သန်းနေရတယ်ဆိုတာကို မမေ့သင့်ပါဘူး။ စီမံအုပ်ချုပ်နိုင်ဖို့ အခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂ ဖက်လုံးနဲ့ လက်တွဲလုပ်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်မှာ ခေါင်းဆောင်မှု ၂ ခုတွဲအုပ်ချုပ်ရေးစနစ်ဖြစ်နေတယ်ဆိုတာကို လုံခြုံရေးကောင်စီကို ကျွန်တော်ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုက်လျောညီထွေရှိစွာနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခေါင်းဆောင်မှု ၂ ရပ်လုံးနဲ့ အတူတွဲပြီး သူတို့အနေနဲ့ အစိုးရတခုအဖြစ် အတူတကွ အကောင်အထည်ဖော်ရေး သေချာအောင်တွန်းအားပေးလုပ်သွားဖို့ လိုပါတယ်။"

ရခိုင်ပြည်နယ်အရေး လုံခြုံရေးကောင်စီမှာ တတိယအကြိမ်ဆွေးနွေးခဲ့ကြတာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်အများစုကြား သဘောတူခဲ့တဲ့အချက်တွေကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို ခုလိုပြောပါတယ်။

"ပြင်သစ်သံအမတ်ကြီးနဲ့ ကျနော် တင်ပြခဲ့တဲ့အချက်တွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ယေဘုယျအားဖြင့် သဘောတူခဲ့ကြတဲ့ အချက်က ဒီပြဿနာကို ဖြေရှင်းရာမှာ ဘာတွေကို လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေကို လက်ခံခဲ့ကြတာ တွေ့ရပါတယ်။ အတွင်းရေးမှူးချုပ် ဂူတားရက်စ် ပြောခဲ့တဲ့ အချက်သုံးချက်ကို အခြေခံပြီး ကျနော်တို့ ပြောခဲ့တာက - အကြမ်းဖက်မှု အဆုံးသတ်ရမယ်၊ လူသားချင်းစာနာမှု အထောက်အကူတွေ ပို့ဆောင်ခွင့်ပြုရမယ်။ ဒုက္ခသည်တွေ နေရပ်ရင်းကို ဘေးကင်းစွာ ပြန်ခွင့်ရကြရမယ် - ဆိုတဲ့ အဓိက လက်ငင်းဖော်ဆောင်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ရေရှည်အတွက်ကတော့ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး၊ အရေးယူဖို့နဲ့ ကိုဖီအာနန်ရဲ့အကြံပေးချက်တွေကို လိုက်နာဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ပတ်သက်လို့ အများက သဘောတူကြတာ တွေ့ရပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ဒီလို စည်းလုံးတဲ့စိတ်ဓာတ်နဲ့ ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့ထက်ပိုပြီး အရေးယူဆောင်ရွက်ရမယ့်အချက်တွေကိုလည်း ကျနော်တို့ စဉ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချဖို့ရှိသလားဆိုတဲ့ အမေးကိုတော့ သံအမတ်ကြီး Rycroft ကခုလိုဖြေခဲ့ပါတယ်။

"မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ရခိုင်ပြည်နယ်ရဲ့ ရေရှည်အနာဂတ်အတွက် ဘယ်လို တည်ဆောက်ယူမလဲဆိုတဲ့ သူ့ရဲ့ ကနဦး စဉ်းစားချက်တွေကို ကျနော်တို့ ကြားသိခဲ့ရပါတယ်။ သူပြောကြားတဲ့ ဒီစကားတွေကို လက်တွေ့ဖော်ဆောင်ရာမှာ ဖြစ်ထွန်းတိုးတက်မှုတွေကို ကျနော်တို့ နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီကိစ္စတွေအားလုံးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားအားလုံးရဲ့အကျိုးကို ရှေ့ရှုပြီး စစ်မှန်တဲ့တိုးတက်မှု ရရှိဖို့ ကျနော်တို့ အခွင့်အလမ်းပွင့်လာပြီလို့ ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဦးဆောင်နေတဲ့ နိုင်ငံတွေအနေနဲ့ ကျနော်တို့ အခြား လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

သောကြာနေ့က ရခိုင်ပြည်နယ်အရေး လုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအမျိုးသားလုံခြုံရေး အကြံပေးဦးသောင်းထွန်းအပါအဝင် မြန်မာအစိုးရ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG