သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ဘဏ်အကောင့် တရုတ်ပိတ်ပင်


ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (Credit: Kokang Army Facebook)
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (Credit: Kokang Army Facebook)

ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းကို တရုတ်အစိုးရဘဏ်တခုက ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ တရုတ်နဲ့ မြန်မာအစိုးရတို့အကြား နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေး အတွက် ဆွေးနွေးဆောင်ရွက်တာတွေရဲ့ ရလဒ်အဖြစ် မြန်မာအစိုးရဘက်က သုံးသပ်ပါတယ်။ တဆက်တည်းမှာပဲ လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းဖွင့်ထားကြောင်းလည်း ထပ်မံပြောကြားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးအနားမှာ သီတင်း၂ပတ်ကျော် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ MNDAA ခေါ် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ရံပုံငွေလက်ခံရာ ဘဏ်စာရင်းတခုကို တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ပိတ်လိုက်တာဖြစ်ပါတယ်။

ဒီလို ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းပိတ်လိုက်တာဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်အဖြစ်နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောဆိုပါတယ်။

“2+2 ဆွေးနွေးပွဲရလဒ်တွေသာမက ကျနော်တို့ ထူးရင်ထူးသလို ၂ နိုင်ငံကြားမှာ အကြောင်းထူးတာရှိသလို မြန်မာမှာရှိတဲ့ တရုတ်သံအမတ်ကြီး၊ တရုတ်မှာရှိတဲ့ မြန်မာသံအမတ်ကြီး နောက်ဆုံး ဟိုဘက်၊ ဒီဘက် တိုက်ရိုက်ဆက်သွယ်ပြီးတော့ ပြောဆိုတာတွေရှိပါတယ်။ ဒါတွေရဲ့ အကျိုးရလဒ်လို့ပြောလို့ရပါတယ်။ အခုဒီတိုက်ပွဲတွေဖြစ်တဲ့အခါမှာ နောက်ကွယ်ကနေပြီးတော့ ပံ့ပိုးကူညီမှုတွေရှိနေတယ်။ ဒီလိုပံ့ပိုးကူညီမှုတွေက တရုတ်အစိုးရရဲ့ မူဝါဒမဟုတ်ဘူး၊ ဗဟိုအစိုးရကလည်း လက်ခံမှာမဟုတ်ဘူး။ သို့သော်အောက်ခြေမှာပေါ့နော် ၂ နိုင်ငံ နယ်နိမိတ်ဆက်စပ်တဲ့နေရာ ဟိုဘက် ဒီဘက်မျိုးနွယ်စုတွေ ဆက်စပ် ပတ်သက်မှုက ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်အစိုးရရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်ပေးဖို့ ကျနော်တို့ ပြောကြားတာတွေရှိပါတယ်။”

ဦးဇော်ဌေးပြောသွားတဲ့ထဲမှာပါတဲ့ 2+2 ဆွေးနွေးပွဲဆိုတာကတော့ တရုတ်နဲ့ မြန်မာအစိုးရတို့ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေကြားမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို နှစ်ဖက် ညှိနှိုင်းဆွေးနွေးကြတဲ့ ဆွေးနွေးပွဲ တွေကိုခေါ်တာပါ။

လွန်ခဲ့တဲ့ ၂နှစ်အတွင်းမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်မှာ ဖွင့်ထားတဲ့ ငွေစာရင်းကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅သိန်းကျော် ရခဲ့ပါတယ်။ အဲဒီရန်ပုံငွေတွေကို ဘဏ်ငွေစာရင်းမှာ တိုက်ရိုက် အပ်နှံပေးသွင်းတာ ဒါမှမဟုတ် မိုဘိုင်းလ် ငွေပေးစနစ် နှစ်ခုကနေတဆင့် လှူဒါန်းသူတွေက ပေးပို့ခဲ့ ကြတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အစဉ်တိုက်တွန်းနေကြောင်းလည်း ဦးဇော်ဌေးက အခုလို ဆက်ပြောပါတယ်။

“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် ၂ နိုင်ငံလုံအတွက် အကျိုးစီးပွားဖြစ်တယ်။ မြန်မာနိုင်ငံအတွက်ကတော့ ဒီအဖွဲ့တွေကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာဖို့ NRPC ဥက္ကဋ္ဌအနေနဲ့ ကြေညာချက်အမှတ် ၂/ ၂၀၁၇ နဲ့ ထုတ်ပြန်ထားပြီးဖြစ်တယ်။ ထုတ်ပြန်ထားတဲ့အချက်မှာလည်း ဒီမြောက်ပိုင်းမှာ တိုက်ခိုက်နေမှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြီးတာနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နိုင်ငံရေးဆွေးနွေးတဲ့လိုင်းကိုလိုက်ဖို့ ဒီဟာကို အမြဲမပြတ်တိုက်တွန်းနေတာဖြစ်တယ်။”

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီးကိုးကန့်တပ်ဖွဲ့အပါအဝင် တအာင်း(ပလောင်)နဲ့ ရခိုင်တပ်ဖွဲ့တွေကို ကန့်သတ်ထားတာတွေကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဟန့်အတားတခု ဖြစ်နေတာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း တရုတ်မြန်မာနယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဒီလ ၆ရက်နေ့ကစတင်ပြီးတော့လည်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

လက်ရှိ ကိုးကန့်ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ခဲ့သလို လောက်ကိုင်မြို့က ပြည်သူ ၃သောင်းလောက်ဟာလည်း မြို့ကို စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

လောက်ကိုင်ဒေသက တိုက်ပွဲတွေဟာ သီတင်း၂ပတ်ကျော်ကြာမြင့်လာခဲ့ပေမဲ့ ခုချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေဆဲရှိကြောင်း လောက်ကိုင်မြို့က ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“မနေ့ကညကတော့ သူတို့ ၁၀၇ နဲ့ တဖွဲ့ဖွဲ့က ပစ်တဲ့အသံတွေကြားတယ်ခင်ဗျ ၊ ဒီမနက်ကတော့ လက်နက်ကြီး ပစ်ခတ်သံတွေတော့ ကြားနေတယ်ခင်ဗျ ။”

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် တို့ နေပြည်တော် မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG