သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်ဒေသ လောက်ကိုင်တိုက်ပွဲ ပြင်းထန်ဆဲ


MNDAA ကိုးကန့်တပ်ဖွဲ့ စစ်မြေပြင်စခန်း။
MNDAA ကိုးကန့်တပ်ဖွဲ့ စစ်မြေပြင်စခန်း။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲတွေဟာ အခုဆိုရင် ရက်ပေါင်း ၂၀နီးပါးကြာမြင့်လာနေပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေ သလို မြို့ထဲအထိ လက်နက်ကြီးကျည် ကျတာတွေလဲ ရှိနေဆဲပါပဲ။ စစ်ရှောင် ဒုက္ခသည်တွေ အခြေအနေအပါအဝင် ကိုးကန့်ဒေသတိုက်ပွဲတွေ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဒီလ ၆ ရက်နေ့က စတင်ခဲ့တဲ့ လောက်ကိုင်မြို့အနီး တိုက်ပွဲတွေဟာ ဒီကနေ့ အချိန်ထိ ရပ်တန့်မသွားသေးဘဲ ဆက်လက်ပြင်းထန်နေဆဲရှိသလို ဒီရက်ပိုင်းတွေအတွင်းမှာလည်း လောက်ကိုင်မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့အခြေအနေကို တရုတ်မြန်မာနယ်စပ်ဒေသက ဒေသခံတဦးက အခုလို ပြောပါတယ်။

" တိုက်တုန်းပဲ။ နေ့တိုင်း တိုက်တုန်းပဲ။ ညဆိုရင်တော့ သူတို့ အနားယူကြတာပေါ့နော်။ နေ့ကတော့ နေ့တိုင်း .. နေ့တိုင်း တိုက်တာပဲ။ ဒုက္ခသည်တွေဆို တစ်ရက်၊ နှစ်ရက်၊ သုံးရက်.. လေးရက်မြောက်ရှိပြီ။ တယောက်မှ မတွေ့တော့ဘူး ပြေးလာတာပေါ့နော်။ ပြေးလာကြတယ် ဒုက္ခသည်တွေ။"

လောက်ကိုင်မြို့အတွင်းက စစ်ရှောင်ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေသူ တဦးကတော့ လောက်ကိုင်မြို့ထဲကို လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်တာရှိကြောင်း အခုလို ပြောပါတယ်။

"မနေ့ကတော့ သူတို့ မြို့ထဲကို ပစ်တော့ ကျနော်တို့ ဒီမြို့ထဲကိုတော့ သုံးလေးလုံးလောက် ကျတယ်ဗျ။ အဲ့တဘက်ကနေ ပစ်တာ။ မနေ့ညက ခုနှစ်နာရီလောက်ကပေါ့။ ဟိုးတနေ့ကတော့ ကလေးတယောက် ပေါင်မှာ ဒဏ်ရာရတယ်ပြောတယ်။ အဲ့တာ သူတို့စစ်ဆေးရုံကို ခေါ်သွားတယ် ကျနော်တော့ မသိလိုက်ဘူးပေါ့။ မနေ့ကတော့ တရုတ်ပြည်ကြီးက တရုတ်နိုင်ငံသား အသက် ၅၀လောက်ပေါ့ အမျိုးသားတယောက် ကတော့ ကျည် ကျရင်းနဲ့ သူကတော့ နဖူးတော့ နည်းနည်းလေးပေါက်သွားတယ်။"

လောက်ကိုင်မြို့ထဲမှာ ဆက်ပြီးနေထိုင်တဲ့သူ မရှိသလောက်ဖြစ်လာပြီး ကျန်နေသေးသူတွေကိုလဲ တရက်ကို အယောက် ၂၀ လောက်နှုန်းနဲ့ ချင်းရွှေဟော်မြို့ကို ပို့ပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

" ကျနော်တို့က ဒီက ကိုးကန့်တွေရော တရုတ်နိုင်ငံသားတွေရော ပြန်ပို့ပေးလိုက်တယ်ခင်ဗျ။ ဒီကဖောင်ဒေးရှင်းတွေ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့။ ဒီနေ့တော့ သိပ်တော့မရှိဘူး။ အယောက် (၂၀)ကျော်လောက်ပါပဲ။ ချင်းရွှေဟော်ဘက်ကို ကျနော်တို့ပို့ပေးလိုက်တာ။ တရုတ်ပြည်ထဲကိုတော့ တရုတ်နိုင်ငံသားတွေပြန် မယ်ပြောတယ်။ မြန်မာနိုင်ငံသားတွေတော့ လားရှိုးတို့ ကွမ်လုံတို့ဘက်ကနေ သွားကြမယ်ပြောတယ်။ "

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ မတ်လ ၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဒီလ ၁၁ရက်၊ ၁၂ရက်နဲ့ ၂၀ရက်နေ့တွေမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က လောက်ကိုင်မြို့ အတွင်းကို ၁၀၇မမ ဒုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြ ကြောင်း၊ ဒုံးသီးတလုံးဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျင်းတင်ဟိုတယ်အကြားက နေအိမ်ခြံဝင်းအတွင်း ကျရောက် တာကြောင့် ၉နှစ်အရွယ် မိန်းကလေး တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီ့၂၃ရက်နေ့မှာပဲ အစိုးရတပ်မတော်က နယ်စပ်မှတ်တိုင်အမှတ် ၁၂၆နဲ့ ၁၂၇အကြားက MNDAA တပ်ဖွဲ့တွေ အခြေပြုထားတဲ့ တောင်ကုန်း ၃ကုန်းနဲ့ ပြီးခဲ့တဲ့ ရက်တွေကလည်း တောင်ကုန်း ၃ကုန်းကို သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားသလို လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ အလောင်း ၂၈လောင်း၊ လက်နက်မျိုးစုံ ၅၉လက်၊ ခဲယမ်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေအပြင် စိတ်ကြွဆေးပြား ၁သိန်း ၃သောင်းကျော် သိမ်းဆီးရမိကြောင်းနဲ့ အစိုးရတပ်မတော်ဘက်ကလည်း အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ထိခိုက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖက်ကတော့ နယ်စပ်မှတ်တိုင်အမှတ် ၁၂၄နဲ့ ၁၂၆အကြားက သူတို့တပ်စခန်းတွေကို အစိုးရတပ်မတော်က ဒီလ ၂၂ရက်နေ့စတင်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီလိုပစ်ခတ်တဲ့ ကျည်တွေဟာ တရုတ်နိုင်ငံအတွင်း ကျရောက်တာတွေရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖက်က ကြေညာထားပေမဲ့ အစိုးရတပ်မတော်ကတော့ တဖက်နိုင်ငံဖက်ကို လက်နက်ကြီးကျည်မကျစေဖို့တွက် အမြောက်၊ လက်နက်ကြီးတွေကို တွက်ချက်ထိန်းချုပ်ပစ်ခတ်နေကြောင်း ဖော်ပြပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တရုတ် အစိုးရ ပိုင်ဘဏ်တခုကMNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းတခုကို ပိတ်ပင်တာရှိခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခကြောင့် တရုတ်နိုင်ငံအတွင်းကို လက်နက်တွေ အများအပြားဝင်ရောက်နေတဲ့အတွက်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်တွေကို လာရောက်အပ်နှံကြဖို့ယူနန်ပြည်နယ် အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG