သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်နယ်စပ်လုံခြုံရေး တရုတ်သတိပေး


တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying
တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတဲ့အတွက် မြန်မာနဲ့တရုတ် နယ်စပ်ဘက်ခြမ်း ၂ မိုင်အတွင်း တရုတ်နိုင်ငံသားတွေ မသွားဖို့ နဲ့ လုံခြုံရေးသတိရှိကြဖို့ တရုတ်နိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေ ဘက်က သတိပေးပြီး နယ်စပ်မျဉ်းတလျောက် တပ်လှန့်ထားပါတယ်။

အခုလို တရုတ်-မြန်မာနယ်စပ်မျဉ်းတလျောက် စစ်ဖြစ်နေတဲ့အတွက် နယ်စပ်လုံခြုံရေး နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ မြန်မာအစိုးရဘက်ကတော့ တုန့်ပြန်ပါတယ်။ စစ်ရှိန်မြင့်လာတဲ့အတွက် စစ်ပြေးဒုက္ခသည်ရာနဲ့ချီ ထွက်ပြေးနေကြဆဲဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ကိုးကန့်တပ်နဲ့ မြန်မာတပ်တို့ကြား လတ်တလောတိုက်ပွဲတွေကြောင့် နယ်စပ်ကျော်ပြီး တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်တွေ ကျနေလို့ မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း နှစ်မိုင်အတွင်းကို တရုတ်နိုင်ငံသားတွေ မသွားကြဖို့ တရုတ် တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထားတဲ့အကြောင်း နယ်စပ်သတင်းတွေမှာ ဖော်ပြပါတယ်။ နယ်စပ်တလျောက် တိုက်ပွဲကို ပိုအရှိန်မြင့်လာတဲ့အတွက် လောက်ကိုင်မြို့က ကျောင်းတကျောင်းကို အစိုးရတပ်က ပစ်တဲ့ အမြောက်ကျည်ထိလို့ တရုတ်ကျောင်းဆရာတဦး သေဆုံးတဲ့သတင်း ထွက်ပေါ်နေပြီး ဒီသတင်းကို အတည်ပြုနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီကနေ့ပြောပါတယ်။

“ကိုးကန့်ပဋိပက္ခမှာ တရုတ်ကျောင်းဆရာတဦး သေဆုံးသွားတယ်ဆိုတဲ့သတင်းကို သိထားပါတယ်။ အဲဒီသတင်းကို အခု အတည်ပြုနေဆဲပါ။ တရုတ်နိုင်ငံသား ထိခိုက်သေဆုံးတာတွေရှိထားတဲ့ မြန်မာမြောက်ပိုင်း ပဋိပက္ခအပေါ် တရုတ်အနေနဲ့ အထူးပဲစိုးရိမ်ပါတယ်။ မြန်မာနိုင်ငံကိုလဲ ကန့်ကွက်ကြောင်း တရားဝင်ပြောထားပြီးပါပြီ။ တိုက်ခိုက်နေတာကို ချက်ခြင်းရပ်ပစ်ဖို့၊ နယ်စပ်ဒေသမှာ ဖြစ်နိုင်သမျှအမြန်ဆုံး အခြေအနေကို ပြန်ထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့ အစည်းတွေ ဘေးကင်းလုံခြုံစေဖို့ မိမိတို့ တိုက်တွန်းပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying က ဒီကနေ့ လုပ်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အခုလို တရုတ်-မြန်မာနယ်စပ်မျဉ်းတလျောက်နားမှာဖြစ်နေတဲ့ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်ပြီး နယ်စပ်လုံခြုံရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်မှာလည်း သက်ရောက်မှုတွေရှိပါတယ် နံပတ်၁ ကတော့ ဒုက္ခသည်တွေ အဲဒီအထဲ ဝင်ရောက်သွားတဲ့ ကိစ္စဖြစ်ပါတယ်။ နံပတ်၂ ကတော့ နယ်စပ်ဒေသ တည်ငြိမ်မှုအားနည်းတဲ့ ပြဿနာ ဖြစ်ပါတယ်။ နံပတ်၃ ကတော့ နှစ်ဘက် ဒီလိုတိုက်ပွဲဖြစ်တဲ့အခါမှာ ဟိုဘက်ဒီဘက် ပစ်တဲ့ဟာတွေ က ဟိုဘက် ဒီဘက်ဆိုတော့ တရုတ်ဘက်ထဲကို ဝင်ရောက်သွားတယ်ဆိုပြီး ပြောတာတွေရှိတယ်။ အဲဒါပြောတာနဲ့ ပတ်သက်လို့ ဒီဘက်မှာကတော့ တပ်မတော်ဘက်ကတော့ မကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ တုန်းက ဖြစ်စဉ်မှာလည်း တရုတ်ဘက်ကို ကျတယ်ဆိုတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့အတွက် ပြန်ပြီးတော့ စိစစ်တဲ့အခါမှာ အဲဒီထွက်ပြေးသွားတဲ့ လက်နက်ကိုင်အဖွဲ့တွေက မြန်မာ့တပ်မတော်ကနေ သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေနဲ့ တရုတ်ဘက်ကို ထင်ယောင်ထင်မှားဖြစ်အောင် ပစ်လိုက်တာတွေရှိတယ်။

သူတို့လိုလားချက်ကတော့ ဒီတိုက်ပွဲဖြစ်နေတာနဲ့ တရုတ်မြန်မာဆက်ဆံရေး ထိခိုက်အောင်၊ ထင်ယောင်ထင်မှားဖြစ်အောင်၊ အထင်အမြင်လွဲမှားအောင် ဆိုတဲ့သဘောနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်တယ်။ ဆိုတော့ အဲလိုမျိုးမဖြစ်အောင် ကျနော်တို့ ၂ နိုင်ငံကြားမှာ တပ်မတော်အချင်းချင်းကြားမှာ ဟိုဘက်က စစ်ဒေသနဲ့ လောက်ကိုင် သက်ဆိုင်ရာစစ် တိုင်းဌာနချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရုတ်သံရုံးပေါ့နော် ဒီလိုမျိုး ဆက်စပ်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ခြုံပြောရရင်တော့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။”

တရုတ်-မြန်မာနယ်ပစ်က ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က လက်ရှိကိုင်တွယ်ဆောင်ရွက်နေတဲ့အခြေအနေကို တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေး လေ့လာနေတဲ့ နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောက အခုလိုပြောပါတယ်။

“တရုတ်ကျောင်းဆရာ တယောက်သေတယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဘယ်မှာ သွားထိတာလဲဆိုတော့ မြန်မာပြည်ဘက်မှာ ။ အဲဒီကိုးကန့်က နယ်စပ်ရွာလေး ၁ ရွာရှိတယ်။ ဟုန်လင် ဆိုတဲ့ရွာလေး အဲဒီရွာက ဖိတ်ထားတဲ့ တရုတ်ပြည်က ကျောင်းဆရာ ။ အဲဒီရွာကို မြန်မာစစ်တပ်က ဗုံးကြဲတာမှာ သေသွားတာ။ ကျောင်းသားတွေလည်း တော်တော်များများထိတယ်တဲ့။ အဲဒါကြောင့်မို့လို့ နယ်စပ်ဒေသမှာ နေတာထိုင်တာ ဂရုစိုက်ဖို့ တရုတ်က ပြောနေတာဖြစ်တယ်။ နောက်တခုက တရုတ်စစ်တပ်ကလည်း တပ်လှန့်ထားတယ်လို့ပြောတယ် နယ်စပ်ဒေသမှာလေ ။ တော်တော်များများလည်း ဆင်းသွားပြီလို့ ပြောတယ်။ ပြည်နယ်တပ်က အဲဒီဘက်ကို ဆင်းသွားပြီလို့ပြောတယ်လို့ ကြားတယ်။”

အခုလက်ရှိမှာတော့ လောက်ကိုင်မြို့အနီးဝန်းကျင်နဲ့ နယ်စပ်တလျောက်မှာ တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တာမို့ မြန်မာဘက်ခြမ်းရော တရုတ်ဘက်ခြမ်းက ယာယီခိုလှုံရေးစခန်းတွေရှိရာတွေကို စစ်ပြေးဒုက္ခသည်တွေကလည်း သွားရောက်ခိုလှုံနေကြရပါတယ်။

ဒီတကြိမ် တိုက်ပွဲမှာတော့မြန်မာဘက်က ပြေးလာတဲ့ ဒုက္ခသည် အများအပြားကို တရုတ်ဘက်က လက်ခံကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပြပါတယ်။

“ဒီတခေါက်က ထူးခြားတာက ဝင်လာသမျှ ဒုက္ခသည်တွေကို သူတို့ လက်ခံတာပဲ အခုနောက်ဆုံးအခြေအနေအရ သူတို့ နယ်စပ်ကို ရောက်လာတာ ကိုးကန့်က ရောက်လာတဲ့ ဒုက္ခသည်ပေါင်း ၆ သောင်းလောက်ရှိတယ်လို့ တောင်ကြားရတယ် နောက်ဆုံးရတဲ့သတင်း။ အဲဒီ ၆ သောင်းထဲမှာဆိုရင် အခုအကုန်လုံး နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးထားပြီးတော့ လူမှုကူညီရေးအဖွဲ့တွေနဲ့ နေရေးထိုင်ရေး အကူအညီတွေ စီစဉ်ပေးနေတယ်လို့ကြားတယ်။”

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ မြန်မာအစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းကစလို့ နှစ်ဘက် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ရာကနေ လောက်ကိုင်မြို့ထဲအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက် အိုးအိမ်တွေ ကားတွေ မီးလောင်ပျက်စီးပြီး ဒေသခံပြည်သူအချို့ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးပါတယ်။ ဒီလို တိုက်ပွဲတွေပြင်းထန်လာတဲ့ အနေအထားကြောင့် မတ်လ ၁၀ရက်နေ့ ကစလို့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ ည (၉) နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) လည်း ထုတ်ပြန်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG