သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဆိုဗို သမ္မတဟောင်း Thaci ကို စစ်ရာဇဝတ်မှုနဲ့ စတင်စစ်ဆေး


သမ္မတဟောင်း Thaci ကို ထောက်ခံတဲ့ ပြည်သူတွေကလည်း ထောင်နဲ့ချီလမ်းပေါ်ထွက် ဆန္ဒပြ (ဧပြီ ၂၊ ၂၀၂၃)
သမ္မတဟောင်း Thaci ကို ထောက်ခံတဲ့ ပြည်သူတွေကလည်း ထောင်နဲ့ချီလမ်းပေါ်ထွက် ဆန္ဒပြ (ဧပြီ ၂၊ ၂၀၂၃)

ကိုဆိုဗို နိုင်ငံ သမ္မတဟောင်းအပါအဝင် ကိုဆိုဗို လွတ်မြောက်ရေးတပ်က အခြားထိပ်တန်းအရာရှိ ၃ ယောက်တို့ကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နယ်သာလန်နိုင်ငံ The Hague တရားရုံးမှာ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ စတင်ကြားနာခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံကနေ ကိုဆိုဗို နိုင်ငံ လွတ်လပ်ရေးစစ်ပွဲအတွင်း လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတရာထူးကနေ အနားယူသွားတဲ့ ကိုဆိုဗို နိုင်ငံ သမ္မတဟောင်း Hashim Thaci ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

သမ္မတဟောင်း Thaci ကို ထောက်ခံတဲ့ ပြည်သူတွေကလည်း ထောင်နဲ့ချီပြီးတော့ မနေ့တနင်္ဂနွေနေ့တုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၉၈ ခုနှစ်ကနေ ၁၉၉၉ စက်တင်ဘာလအထိ ကိုဆိုဗို နဲ့ အယ်လ်ဘာနီးယား မြောက်ပိုင်းတလျှောက် ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ပြစ်မှုတွေကြောင့် သမ္မတဟောင်း Thaci နဲ့ အတူ တခြား ၃ ယောက်ဖြစ်တဲ့ Kadri Veseli, Rexhep Selimi နဲ့ Jaup Kraniqi တို့ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ သူတို့အားလုံးက အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။

တိုက်ပွဲတွေမှာ မပါဝင်တဲ့ အရပ်သား ရာနဲ့ချီအပါအဝင် တခြားသူတွေအပေါ် ကိုဆိုဗို လွတ်မြောက်ရေးတပ်ရဲ့ ပျောက်ကြား တိုက်ခိုက်မှုတွေမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေအပေါ် တာဝန်ခံဖို့ သူတို့ကို ပြစ်မှုစွပ်စွဲထားတာဖြစ်ပါတယ်။ ၁၉၉၈၊ ၁၉၉၉ ကိုဆိုဗို စစ်ပွဲတွင်း သေဆုံးသွားသူ အယောက် တစ်သောင်းသုံးထောင်ထဲက အများစုက အယ်လ်ဘာနီးယား တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြပါတယ်။

ဆားဘီးယားတပ်တွေကို နှင်ထုတ်ဖို့ မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ရဲ့ ၇၈ ရက်ကြား လေကြောင်းက တိုက်ခိုက်မှု လုပ်ပြီးတဲ့နောက် စစ်ပွဲလည်း ပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက် အယ်လ်ဘာနီးယားလူမျိုး ကိုဆိုဗိုနိုင်ငံသား အယောက် တစ်သန်းလောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဆားဘီးယားနိုင်ငံအောက်ကနေ လွတ်လပ်ရေးရကြောင်း ကိုဆိုဗိုနိုင်ငံက ကြေညာခဲ့ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံအများစုက အသိအမှတ်ပြုပေမယ့် ဆားဘီးယားနိုင်ငံနဲ့ မိတ်ဖက် တရုတ်နဲ့ ရုရှားတို့ကတော့ အသိအမှတ်မပြုထားပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG