သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်ဘက် ဘလော့ဂါ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံး


 ရုရှားစစ်ဘက် ဘလော့ဂါ Vladlen Tatarskyရဲ့ social media မှာတင်ထားတဲ့ဓာတ်ပုံ
ရုရှားစစ်ဘက် ဘလော့ဂါ Vladlen Tatarskyရဲ့ social media မှာတင်ထားတဲ့ဓာတ်ပုံ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ တနင်္ဂနွေနေ့က ကော်ဖီဆိုင်တစ်ဆိုင်အတွင်း ဗုံးခွဲတိုက်ခိုက်မှုမှာ ထင်ရှားတဲ့ ရုရှားစစ်ဘက် ဘလော့ဂါ Vladlen Tatarsky သေဆုံးခဲ့ပြီး လူပေါင်း ၃၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

ရိုက်တာသတင်းဌာနမှာ ဖေါ်ပြချက်အရ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို ထောက်ခံတဲ့ "Cyber Z Front" အဖွဲ့က အဲဒီကော်ဖီဆိုင်မှာလုပ်တဲ့ဟောပြောပွဲကို Tatarsky တက်ရောက်ဟောပြောချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ရုရှားသတင်းဌာနတွေထဲမှာလည်း Nastya လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ Tartarsky ကိုတွေ့ဆုံပြီး သူကိုယ်တိုင်လုပ်ထားတဲ့ Tartarsky ပုံတူရုပ်ထုကို လက်ဆောင်အဖြစ်ပေးပြီး မိနစ်အနည်းငယ်အကြာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက သတင်းထုတ်ပြန်ကြေညာရာမှာ စိန့်ပီတာစဘတ်မြို့က အသက် ၂၆ နှစ်အရွယ် အမျိုးသမီး Darya Trepova ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးပါဘူး။

Tatarsky - အမည်ရင်း Maxim Fomin - ဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို မှတ်ချက်ပေးပြောဆိုနေတဲ့ ရုရှားစစ်ဘက်ဘလော့ဂါအုပ်စုတွေထဲမှာ ထင်ရှားသူဖြစ်ပါတယ်။ အသက် (၄၀) Tartarsky ဟာ စစ်ပွဲကို အပြည့်အဝထောက်ခံသူဖြစ်သလို၊ ယူကရိန်းကို ရုရှားက ပြင်းပြင်းထန်ထန်တိုက်ခိုက်သိမ်းပိုက်ဖို့ လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုသူလည်းဖြစ်ပါတယ်။

ကော်ဖီဆိုင်တွင်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ နောက်ကွယ်က ဘယ်သူ့လက်ချက်လည်းဆိုတာ မသိကြသေးပေမယ့် ရုရှားတချို့ကတော့ ယူကရိန်းလက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG