သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် တရုတ်စေ့စပ်မှု ထိရောက်နိုင်ခြေ


FILE PHOTO: Russian President Vladimir Putin and Chinese President Xi Jinping attend a reception in Moscow
FILE PHOTO: Russian President Vladimir Putin and Chinese President Xi Jinping attend a reception in Moscow

ယူကရိန်းပဋိပက္ခ ပြေလည်ရေးအတွက် လောလောဆယ်မှာ ထိရောက်မှု မတွေ့ရသေးတဲ့ တရုတ်သမ္မတရဲ့ အကြံပြုချက်တွေဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ရိုက်ခတ်မှု တစုံတရာ ရှိနိုင်ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ တရုတ်သမ္မတ Xi Jinping က မတ်လထဲမှာပဲ ရုရှားကို သွားပြီးတော့ ယူကရိန်းနဲ့ ရုရှုားကြားမှာ ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ တရုတ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် အဓိကအချက်တွေက ဘာဖြစ်ပါသလဲ။ ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်မလဲ ဆရာ။

ဖြေ ။ ။ တရုတ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ အချက် (၁၂) ချက်ပါတယ်။ အဲဒီထဲမှာ အဓိကပါတာကတော့ အပစ်အခတ်ရပ်စဲဖို့ Ceasefire လုပ်ဖို့၊ နောက် ငြိမ်းချမ်းရေးစကားပြောဖို့ တဘက်နဲ့တဘက်။ နောက်ပြီးတော့ Sanction ပေးနေတာတွေကို ရပ်ဆိုင်းလိုက်ဖို့ စတာတွေက အဓိကပါဝင်နေတဲ့ အချက်တွေဆိုတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု sovereignty - အဲဒီမှာ ဘယ်နိုင်ငံရယ်လို့ မပြောထားဘူး။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ်ဆိုတာကို ပြောထားတယ်။ စစ်အေးကာလ Cold War Mentality စစ်ရေးကာလစိတ်ဓါတ်တွေကို မထားကြပါနဲ့။ တနည်းအားဖြင့် နေတိုးအဖွဲ့ကြီးကို ပြောတာ။ နေတိုးက စစ်အေးကာလတုန်းက ဖွဲ့စည်းခဲ့တဲ့ စစ်စာချုပ်အဖွဲ့။ အဲဒီပုံစံမျိုးကို မထားကြပါနဲ့ဆိုပြီးတော့ ပြောတယ်။ နောက်ပြီးတော့ အရပ်သားပစ်မှတ်တွေကို မတိုက်ပါနဲ့။ အနုမြူပစ်မှတ်တွေ၊ နျူကလီးယားပစ်မှတ်တွေကို မပစ်နဲ့ စသည်ဖြင့် ပြောပါတယ်။ ဒီဟာတွေကို propose အဆိုပြုပါတယ်။ သူကတော့ ကြားဝင်စေ့စပ်ပေးသူ mediator အနေနဲ့ တရုတ်က အဆိုပြုတာ ဖြစ်ပါတယ်။

မေး ။ ။ ဒါဆိုရင် ဒီလိုအနေအထားမျိုးမှာ တရုတ်က ရုရှားနဲ့ ပိုပြီတော့ နီးစပ်လာတယ်လို့ ဆိုနိုင်မလား။ တရုတ်ကရော တစုံတရာ အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့ ကြားဝင်ပတ်သက်တယ်လို့ကော ထင်ပါသလား။

ဖြေ ။ ။ တရုတ်နဲ့ ရုရှားတို့က အစကတည်းက နီးစပ်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့က ဒီအဆိုပြုချက်တွေကြောင့် ပိုပြီးတော့ နီးစပ်သွားတယ်မယ်လို့တော့ လူတွေက မတွက်ကြပါဘူး။ အမေရိကန်ဘက်ကတော့ ဒီဟာကို ပြောတာပေါ့ - အဓိကအားဖြင့် သူတို့ထောက်ပြတာကတော့ ရုရှားက သိမ်းပိုက်ထားတာကနေ ပြန်ထွက်ပေးဖို့ဆိုတာ လုံးဝမပါဘူးဆိုတာကို ပြောတယ်။ ဆိုတော့ ဒီဟာက ရုရှားဘက်ကို ပင်ပြီတော့ ပြောထားတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ အမေရိကန်က ပြောပါတယ်။ အစကတည်းကလည်း တရုတ်ဟာ ရုရှားကို လက်နက်ထောက်ပံ့ဖို့ ကြံစည်းနေတယ်ဆိုပြီးတော့ အမေရိကန်ဘက်က ပြောခဲ့တာ ရှိပါတယ်။ တရုတ်က ငြင်းဆိုခဲ့တယ်။

မေး ။ ။ ဒီကြိုးပမ်းချက်က အထူးသဖြင့် ရုရှား၊ တရုတ်နဲ့ အနောက်နိုင်ငံတွေကြားမှာ ဆက်ဆံရေးပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိလာနိုင်မလဲ ဆရာ။

ဖြေ ။ ။ အနောက်နိုင်ငံတွေနဲ့ ရုရှားနဲ့ ဆက်ဆံရေးက တော်တော်လေး ပျက်နေပြီ။ ဆက်ပြီတော့ ပြေလည်မှု မရရင်တော့ ပိုပျက်မယ်။ ပိုပြီတော့ တင်းမာလာမယ်ဆိုတဲ့ သဘောသာ ရှိပါတယ်။ တရုတ်နဲ့တော့ ပိုပြီတော့ တင်းမာလာဖွယ် မရှိပါဘူး။ တရုတ်က အဓိကအားဖြင့် ငြိမ်းချမ်းရေးစကားသာ ပြောတယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးစေ့စပ်သူအဖြစ် လုပ်နေတော့၊ သူကတော့ ကျန်တဲ့နိုင်ငံတွေကို ကဏ္ဍကောစ လုပ်လာမယ့်အခြေအနေ မတွေ့ရပါဘူး။ တရုတ်က အခုလို သွားပြလိုက်တော့ ရုရှားက အထီးကျန် မဟုတ်ဘူး။ သူကို လာတွေ့တဲ့ အထင်ကရခေါင်းဆောင်တော့ ရှိသားပဲဆိုတဲ့ဟာ တခုတော့ ရသွားမယ်။ တချိန်တည်းမှာပဲ တရုတ်နဲ့ ရုရှားလည်း အမြဲတမ်း သင့်နေခဲ့တာတော့ မဟုတ်ဘူး။ ဟိုတုန်းက ဆိုဗီယက်ခေတ်တုန်းက Sino-Soviet - တရုတ်နဲ့ ဆိုဗီယက် ဆက်ဆံရေး မပြေလည်ခဲ့ဘူး။ ဆိုဗီယက် ကွန်မြူနစ်ဟာ တရုတ်ကွန်မြူနစ်ကို နိုင်ငံတကာစင်မြင့်မှာ Co-staring Role တန်းတူယှဉ်ပြိုင်ခွင့် မပေးခဲ့ဘူး။ သူ့ရဲ့လက်အောက်ခံအဖြစ် ထားခဲ့တော့ အဲဒါကို တရုတ်က နာကျည်းခဲ့တယ်။ ဆိုတော့ သူတို့တွေ သင့်မြတ်ခဲ့ကြတာ မဟုတ်ပါဘူး။ အခု စစ်အေးခေတ်လွန်မှာမှ သူတို့တွေ သင့်မြတ်လာတဲ့သဘော ရှိတယ်။ သင့်မြတ်ဖို့ နီးစပ်လာတယ်ပေါ့။ ဆိုတော့ ဒီအတိုင်းပဲ ဆက်ပြီတော့ ဖြစ်နေမယ် ထင်ပါတယ်။ ပိုပြီတော့ ဒီကိစ္စကြောင့် ငြိမ်းချမ်းရေး စေ့စပ်မှုကြောင့် ပိုပြီထူးခြားတဲ့ အပြောင်းအလဲတော့ လောလောဆယ် ရှိလာမယ်လို့ မထင်ပါဘူး။

မေး ။ ။ ငြိမ်းချမ်းရေး အစီအစဉ်ကို တရုတ်က အောင်မြင်အောင် ဖော်ဆောင်နိုင်မယ်လို့ ထင်သလား ဆရာ။

ဖြေ ။ ။ ငြိမ်းချမ်းရေးဆိုပြီး ယူကရိန်းတော့ မဆက်သွယ်ခဲ့ဘူး။ ယူကရိန်းနဲ့ ရုရှားတို့ကို စေ့စပ်ပေးမယ်လူလေ။ ရုရှားကို သွားပြီးတော့ ယူကရိန်းက သူတို့ကို ဆက်သွယ်ခြင်း မရှိဘူးဆိုတာ ငြင်းတယ်ဆိုတာ သတင်းတွေမှာ တွေ့ရပါတယ်။ ဆက်သွယ်ခြင်း မရှိပါဘူးဆိုပြီ ယူကရိန်းဘက်က ပြောတယ်။ ဆိုတော့ အဲဒါဟာ စဉ်းစားစရာပဲ။ ယူကရိန်းကိုလည်း သူတို့ ပြောရမှာပေါ့။ သို့သော်လဲပဲ ယူကရိန်းဘက်က သူ့ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို လုံးဝပစ်ပယ်တာတော့ မတွေ့ရသေးဘူး။ ဒီစစ်ပွဲ တနှစ်မြောက်တဲ့နေ့မှာ သမ္မတ Zelenskyy ကို အင်တာဗျူးလုပ်တော့ သူ့ရဲ့ အင်တာဗျူးမှာ ဒီစစ်ပွဲအတွက် တရုတ်ရဲ့ ကြိုးပမ်းတာကို သူတို့ ကြိုဆိုပါတယ်။ ကောင်းတယ်။ သို့ပေမဲ့ စကားရဲ့ နောက်ကွယ်မှာ လက်တွေ့ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောတယ်လို့ CBS သတင်းမှာ ရေးထားပါတယ်။ သူတို့ကို အင်တာဗျူးမှာ ပြောတယ်ဆိုပြီတော့။ ဒါကို ကြည့်မယ်ဆိုရင်တော့ တရုတ်ရဲ့ ကြိုးပမ်းမှုကို သိပ်ပယ်ချတာတော့ မတွေ့ဘူး။ တရုတ်က ဘာကြောင့် မချဉ်းကပ်ခဲတာလဲဆိုတာတော့ ကျနော်လည်း မစဉ်းစားတတ်ဘူး။

မေး ။ ။ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေက သူတိို့ဘက်က ဒီအစီအစဉ်ကို ထောက်ခံမလား။ သူတို့က အခုနေမှာ ယူကရိန်းဘက်ကနေပြီ အလုံးအရင်းနဲ့ ပံ့ပိုးပေးနေတယ်။ ထောက်ပံ့ပေးနေတယ်ဆိုတော့ နောက်တခါ အရှေ့တောင်အာရှနိုင်ငံတွေက ဘယ်လိုသဘောထား ရှိနိုင်သလဲ ဆရာ။

ဖြေ ။ ။ ရုရှားသမ္မတက တရုတ်သမ္မတရှီကျင့်ဖင်ကို ပြောတယ် - ခင်များပေးတဲ့ အကြံတွေက သိပ်ကောင်းတယ်။ ကျနော်တို့ လက်ခံပါတယ်။ သို့ပေမဲ့ ဒီအစီအစဉ်ကို အနောက်နိုင်ငံတွေ၊ ယူကရိန်းတို့ လက်မခံဘူး။ သူတို့ဘက်က အဆင်သင့် မဖြစ်သေးဘူးလို့ ပြောလိုက်တယ်။ ဒါက အဓိကသဘောထား ပြောတာပေါ့။ မှန်လည်းမှန်တယ်။ အနောက်နိုင်ငံတွေက အစကတည်းက အဆိုပြုချက် ထွက်လာပြီဆိုကတည်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သံသယ ရှိတယ်။ စောစောက ပြောခဲ့သလိုပဲ လက်နက်ထောက်ပံ့နေတယ် ဘာညာဆိုကာ သူတို့ သံသယ ရှိတယ်။ ဒီအစီအစဉ် မရိုးသားဘူးဆိုပြီး တွက်ထားတာ ဖြစ်တယ်။ ယူကရိန်းကလည်း စောစောက ပြောခဲ့သလိုပဲ ကောင်းတယ် - အပြောသာ ရှိသေးတယ်။ လက်တွေ့ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ် ဘာညာပြောတယ်။ လှိုက်လှိုက်လဲှလဲှ ထောက်ခံမှု ရတယ်လို့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပတ်သက်ပြီး ပြောရင်တော့ တရုတ် CGTV ကမ္ဘာ့မီဒီယာမှာ အင်တာဗျူးလုပ်တယ်။ ကမ္ဘာ့ရေးရာနဲ့ ပတ်သက်ပြီတော့ အဲဒီအထဲမှာ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး George Yeo - သူက ကျော်ကြားတဲ့ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံရေးသမားကြီး တယောက်ပါ။ သူက ထောက်ခံတယ်လို့ ပြောတယ်။ ကြိုဆိုတယ်။ ဒီအစီအစဉ်ဟာ သူ့ရဲ့ အဆိုပြုချက်တွေက လောလောဆယ် မဖြစ်နိုင်သေးတာတောင်မှ နောက် (၁) နှစ်၊ (၂) နှစ်အတွင်း ဖြစ်လာနိုင်တဲ့သဘော ရှိတယ်။ သူ့ရဲ့ အကြံပြုချက်တွေကို အခြေခံရမှာပဲ။ အခြေခံသင့်တယ်လို့ သူက ပြောပါတယ်။ အချုပ်အခြာအာဏာတွေကို လေးစားကြဖို့၊ ပြည်သူတွေကို မထိခိုက်ကြဖို့ စသည်ဖြင့် စကားပြောကြဖို့ဆိုတာ ဘယ်နေရာမဆို အကြုံဝင်တဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို သူက ထောက်ခံကြိုဆိုတဲ့သဘော ပြောတယ်။ လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူး။ နောက်တခါ ပညာရှင်တယောက်ဖြစ်တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က တရုတ်ရေးရာ ကျွမ်းကျင်တဲ့ပါမောက္ခတယောက်က ရေးခဲ့တာက - သူက ဘယ်လိုအဆိုပြုသလဲဆိုတော့ အရှေ့တောင်အာရှနိုင်ငံတွေ အာဆီယံက အဆိုပြုသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံက တဘက်နဲ့မှ မနီးစပ်ဘူး။ တရုတ်ဆိုရင် ရုရှားနဲ့ နီးစပ်တယ်ဆိုတဲ့ အယူရှိတယ်။ အာဆီယံက ဘယ်ဘက်မှာမှ မပါဘူး။ တနိုင်ငံတည်း မဟုတ်ဘူး၊ အဖွဲ့အစည်းအနေနဲ့ အဆိုပြုမယ်ဆိုရင် ဖြစ်နိုင်တယ်ဆိုပြီတော့ သူက အကြံပေးထားတာကို တွေ့ရတယ်။ ဒါကလဲ စဉ်းစားစရာပါပဲ။ ပညာရှင်တယောက်ရဲ့ သုံးသပ်ရေးသားချက်ကို ဖတ်မိလို့ ပြောပြတာပါ။

မေး ။ ။ ဒီမှာ တခုတွေးမိတာက ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခနဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီ ပြောမယ်ဆိုရင်တော့ ပုံစံကတော့ မတူဘူးပေါ့။ ပုံစံအမျိုးမျိုးနဲ့ ကွဲပြားတာတွေ ရှိပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ချဉ်းကပ်ပုံက တူတာလေးတွေ ရှိနေတာကို တွေ့ရတယ်။ ဥပမာပြောမယ်ဆိုရင် ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ်ကို တရုတ်ကနေပြီတော့ တစုံတရာ ဝေဖန်တာ မတွေ့ရဘူး။ နောက် မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ကိစ္စကိုလည်း တရုတ်က ဝေဖန်ဖို့ တွန့်ဆုတ်နေတာကို တွေ့ရတယ် ဆရာ။ အဲဒီတော့ မြန်မာနိုင်ငံအရေး ပဋိပက္ခတွေမှာ တရုတ်ကနေပြီတော့ ဒီလိုငြိမ်းချမ်းရေး အစီအစဉ်တခုနဲ့ ဖြေရှင်းဖို့အတွက် ကြားဝင်လာတာမျိုး မျှော်လင့်နိုင်မလား ဆရာ။

ဖြေ ။ ။ တကယ့်စေတနာကောင်းနဲ့ ငြိမ်းချမ်းရေး ရစေချင်လို့ ဝင်လာတယ်ဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စပါ။ အခုလောလောဆယ်မှာလည်း ကျနော့်အမြင်ကို ပြောရရင်တော့ နှစ်ဘက်လုံးနဲ့ ဆက်ဆံနေတာတော့ တရုတ်ပဲ ရှိတယ်လို့ ပြောရမှာပါ။ တရုတ်ဟာ စစ်ကောင်စီနဲ့လည်း ဆက်ဆံမှု ရှိတယ်။ တချိန်တည်းမှာ တိုင်းရင်းသားအင်အားစုတချို့နဲ့လည်း ဆက်ဆံမှု ရှိတယ်။ NUG ဘက်ကိုမေးတော့ တိုက်ရိုက်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောတာ NUG ကလည်း တရုတ်ကို ချဉ်းကပ်ဖို့ ကြိုးစားပါတယ်။ ချဉ်းကပ်တာတွေ ရှိတယ်လို့ ပြောတယ်။ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။ တကယ်လို့ အဲဒါဖြစ်ခဲ့ရင်။ တခုရှိတာကတော့ NUG ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သူတို့ရုံးတွေ ဘာတွေ ဖွင့်လိုက်တယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒီဘက်က လူကြီးတွေနဲ့ တွေ့ကြတယ်ဆိုတော့ တရုတ်ကများ NUG ဟာ အမေရိကန်ဘက်ကို ပါသွားမှာကို စိုးရိမ်မှာတော့ အသေအချာပဲ။ အဲဒါကြောင့်ပဲ အဲဒီလိုတွေးပြီး မရှေ့မနှောင်းမှာပဲ EAO တချို့နဲ့ ခေါ်ပြီတော့ တွေ့တာတွေ ရှိခဲ့တယ်။ လူတွေက ပြောကြတယ်။ ဒီဟာက ဟိုလူတွေကို ပြန်ထိန်းတာနဲ့ တူတယ်။ ဆိုတော့ NUG ကလည်း တဘက်သတ်ပါမှာ မဟုတ်ပါဘူး။ သူလည်း ငြိမ်းချမ်းရေး လိုချင်ရင်တော့ နှစ်ဘက်လုံးနဲ့ အဆင်ပြေစေချင်မှာပဲ။ တရုတ်က တကယ်ပြေလည်အောင် ကြားဝင်ဖြေရှင်းမယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိဘူးလို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီမှာ There never was a good war, or a bad peace ဆိုတဲ့ စကားလည်း ရှိပါတယ်။ ကောင်းတဲ့စစ်ပွဲဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးတိုင်းက ကောင်းတယ်လို့ လက်ခံရပါတယ် ဆရာ။ အခုလို တရုတ်ရဲ့ ကြိုးပမ်းမှုက ကမ္ဘာရဲ့ တခြားဒေသတွေမှာ ပဋိပက္ခ ဖြေရှင်းရေးအတွက် ကြိုးပမ်းမှုတွေရဲ့ အနာဂတ်ကို ဘယ်လို ပုံဖော်ပေးနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ လက်တွေ့ပြထားပြီးပြီလို့ ပြောရမှာပဲ။ ဒီမတိုင်ခင် လပိုင်းလောက်ကပဲ တရုတ်ဟာ လူတိုင်း ဖြစ်နိုင်မယ်လို့ မထင်တဲ့ ဆော်ဒီအာရေးဗီယားနဲ့ အီရန်တို့ကို စေ့စပ်ပေးခဲ့ပါတယ်။ အောင်မြင်သွားတယ်။ ရုတ်တရက် ထွက်လာတာ။ အဲဒါကို နိုင်ငံတကာသတင်းလောက၊ အနောက်နိုင်ငံ သတင်းတွေက အဲဒါကို Diplomatic Coup လို့ ပြောတယ်။ ရုတ်တရက် သံတမန်ရေးအားဖြင့် ဝင်ပြီတော့ စေ့စပ်ပေးလိုက်တာ။ မှန်တယ် - သူတို့လုပ်တာ အောင်မြင်သွားတယ်။ ဆိုတော့ အမေရိကန်တောင်မှ ဒီကိစ္စမှာ ဘယ်သူပဲလုပ်လုပ် ငါတို့ ကြိုဆိုပါတယ်။ ကောင်းတယ်လို့ ပြောတယ်။ ဆိုတော့ တရုတ်ဟာ အဲဒီအရှိန်လည်း ပါလိမ့်မယ်။ ယူကရိန်းကိစ္စမှာလည်း သူပြောမယ်ဆိုပြီ၊ ဆက်တိုက်လုပ်မယ်ဆိုပြီတော့ ကြိုးပမ်းတာလည်း ဖြစ်ပါလိမ့်မယ်။ ကောင်းတဲ့ကိစ္စပါ။ နောက်တခု ဒီစစ်ပွဲမှာ တရုတ် ဝင်လုပ်တာနဲ့ ပတ်သက်ပြီး နောက်ပညာရှင်တယောက်ကလည်း သုံးသပ်တယ်။ ဒီစစ်ပွဲမှာ ရုရှားက တာရှည်မခံနိုင်ဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပုံအောပြီတော့ ဆက်တိုက်ပေးနိုင်တယ်။ ရုရှားက ကြာရှည်ခံနိုင်မှာ မဟုတ်ဘူး။ ဆိုတော့ ရုရှားသာ အင်အားကျဆင်းသွားရင် အမေရိကန်တနိုင်ငံတည်းက ကမ္ဘာကြီးကို ကြီးစိုးသလို ဖြစ်သွားမယ်။ Unipolar ဖြစ်သွားမယ်။ အဲဒီလိုဖြစ်ရင် တရုတ်က မကြိုက်ဘူး။ သူတို့က ဒီကိစ္စကိုလည်း ရုရှားလည်းပဲ မရှုံးခင်မှာ ပြေပြေလည်လည် ဖြစ်စေချင်တဲ့ စေတနာလည်း ပါလိမ့်မယ်။ နောက်တခါ ရုရှားနဲ့ တရုတ်နိုင်ငံကြား Uzbekistan, Kazakhstan, Kyrgzstan အစရှိတဲ့ နိုင်ငံတွေ ရှိတယ်။ အရင် ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါခဲ့တဲ့ နိုင်ငံတွေ။ အဲဒီနိုင်ငံတွေဟာလည်း ရုရှားသာ ကျရှုံးသွားရင် Power vaccum - အင်အားဟာကွက်ကြီး နိုင်ငံရေးအားဖြင့် ဖြစ်သွားလိမ့်မယ်။ အဲဒီနေရာကို တခြားနိုင်ငံ၊ အနောက်နိုင်ငံကြီးတွေ ဝင်လာတဲ့အခါမှာ တရုတ်အတွက် ခေါင်းခဲစရာ ပြဿနာ ဖြစ်မယ်။ အဲဒီလိုမျိုးလည်း မဖြစ်စေချင်ဘူးနဲ့ တူတယ်။ အဲဒီလို ပညာရှင်ပါမောက္ခက ရေးခဲ့တယ်။ အဲဒါကြောင့်လဲ တရုတ်က ဒီကိစ္စကို ငြိမ်းချမ်းရေး လိုချင်တာ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။ ဘာပဲပြောပြော မမြသဇင် ပြောသလိုပဲ စစ်ဆိုတာ မကောင်းဘူး၊ ငြိမ်းချမ်းရေးရတာ ကောင်းတယ်ဆိုတော့ တရုတ်ကလုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် ငြိမ်းချမ်းရေးရရင်တော့ ကြိုဆိုရမှာပဲ ဖြစ်ပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

ယူကရိန်းစစ် တရုတ်စေ့စပ်မှု ထိရောက်နိုင်ခြေ
please wait

No media source currently available

0:00 0:11:55 0:00

==== Unicode ====

















တိုက်ရိုက် လင့်ခ်

XS
SM
MD
LG