သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံ၊ အလုပ်ရုံတွေ စစ်ဆေး ပြန်ဖွင့်ရေး အခက်အခဲကြုံနေရ


လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများ
လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားများ

(Zawgyi/Unicode)

စက်ရုံတွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ကာလမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂ ဒီနေ့မနက်တွေ့ဆုံကြတဲ့အပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတချို့ရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ဆွေးနွေးကြတဲ့ ဒီနေ့ ဧပြီလ ၂၁ ရက် မနက်မှာ အစိုးရဘက်ကတော့ စက်ရုံတွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာထားတာ ရှိ၊ မရှိ စစ်ဆေးနေပြီလို့ ဆိုပါတယ်။ လိုက်နာတဲ့ စက်ရုံတွေကိုပဲ ဧပြီလ ၃၀ နောက်ပိုင်း လုပ်ငန်းပြန်လည်ပတ်ခွင့်ပေးသွားမှာပါ။

သက်ဆိုင်ရာကတော့ ဦးစားပေး စစ်သွားမယ့် စက်ရုံအမျိုးအစားတွေကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ စစ်ဆေးချိန်က ကြာနိုင်လို့ ဒီအပေါ်မှာ လုပ်ငန်းရှင်တွေက သဘောမကျကြပါဘူး။ လှိုင်သာယာ ဇုန် ၆ ခုရဲ့ ဥက္ကဋ္ဌ ဦးအုန်းဆိုင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“အခက်အခဲတွေအများကြီး ရှိတယ်။ အဲဒီတော့ ကျနော်တို့ လုပ်ငန်းရှင်တွေ တော်တော်များများပြောတာက တဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနက guideline အတိုင်း ကျနော်တို့ ဆောင်ရွက်ပါ့မယ်၊ အလုပ်လည်း ဖွင့်ပြီးတော့ စစ်ဆေးဖို့လည်း၊ လုပ်နေတဲ့အချိန်မှာ လာစစ်ပါ၊ တကယ်လို့ guideline အတိုင်း မညီညွှတ်ရင် ညွှန်ကြားပါ ဘယ်လိုထပ်လုပ်ရမလဲ။ အဲဒါဆိုရင်လုပ်ငန်းလုပ်တဲ့သူလည်း အဆင်ပြေသွားမယ်၊ အလုပ်လည်း လုပ်လို့ရသွားတယ်၊ အလုပ်ရှင်ရော အလုပ်သမားရော အဆင်ပြေတာပေါ့ဗျာ။"

ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ထားတဲ့ စနစ်တွေအတိုင်း ပြင်ဆင်ထားတဲ့ စက်ရုံတွေက အစစ်ခံဖို့အရင်ဦးဆုံး စာတင်ရမှာပါ။ အဲဒီနောက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပြီး ဖွင့်နိုင်၊ မဖွင့်နိုင်ဆိုတာ ဆုံးဖြတ်ပေးရမှာပါ။ ဧပြီ ၂၁ မှာ လှိုင်သာယာဇုန် ၆ ခုက စက်ရုံ ၄၉ ရုံ စာတင်ခဲ့ပြီး ၅ ရုံပဲ စစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီနေ့ ဧပြီ ၂၂ မှာ စက်ရုံ ၇၀ စာတင်ထားပါတယ်။ ဦးအုန်းဆိုင်က အခုလိုဆက်ပြောပါတယ်။

“အဓိက ပြဿနာက ဘာလဲဆိုတော့ သူတို့လာစစ်သော်ငြားလည်း လုပ်ခွင့်ပေးတယ်ဆိုတဲ့အဖြေ သူတို့ကို မပေးသွားဘူး။ အဲဒီအခါကျတော့ ဆက်လုပ်ရမှာလား၊ ပိတ်ရမှာလား။ လုပ်ငန်းရှင်တွေဘက်ကလည်း အကုန်လာတင်မှာလား၊ နိုင်ငံတော်ကလည်း တင်ပေးတဲ့ဟာကို ၁၀ရက်အတွင်း စစ်နိုင်မှာလားဆိုတာ သူတို့လုပ်ဆောင်တဲ့သူမှပဲ သိမှာ။ လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ ပုံစံဆိုရင်တော့ မပြီးနိုင်ဘူး။ ဒါကျနော်တို့ဇုံအနေနဲ့ပြောတာ မပြီးနိုင်ဘူး။ တရက် ၁၀၀ စစ်နိုင်မှ ရုံ ၇၀၀ ပြီးမှာကိုး။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ စက်ရုံလုပ်သားတွေ တယောက်နဲ့တယောက် ကျန်းမာရေးအရ ၆ ပေခွာရမယ်ဆိုပေမဲ့ တချို့စက်ရုံမှာ ဒီသတ်မှတ်ချက်က နေရာအခက်အခဲ ရှိနိုင်တယ်လို့ ဆွေးနွေးသွားပါတယ်။ တချို့စက်ရုံတွေက အလှည့်ကျအလုပ်ဆင်းခိုင်းပြီး လူ ကြပ်တည်းတာကို လျှော့ချဖို့ ကြိုးစားနေပါတယ်။

လူဦးရေ အများဆုံးဖြစ်တဲ့ လှိုင်သာယာမှာ စက်မှုဇုန် ၁၀ ခုလောက်ရှိပါတယ်။ လူထောင်ချီရှိတဲ့ အထည်ချုပ်စက်ရုံတွေက လုပ်သားတွေရဲ့ ကျန်းမာရေးဟာ အရေးကြီးလို့ စက်ရုံတာဝန်ရှိသူတွေက ဒါကို စနစ်တကျလုပ်ပေးဖို့ မျှော်လင့်ကြောင်းလည်း အလုပ်သမားတွေကပြောပါတယ်။

“ဒါက အန္တရာယ်အရမ်းကြီးတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်ဗျ။ ဘာလို့ဆို လှိုင်သာယာမှာ အထည်ချုပ်လုပ်သားက ၅၀၀,၀၀၀ လောက်ရှိတယ်၊ ကျန်တဲ့လုပ်သားတွေ ပေါင်းရင် လုပ်သား ၈သိန်းလောက်ရှိတယ်၊ guideline နဲ့ ညီညွတ်တယ်ဆိုရင်တောင် တခုခုဖြစ်မှာ စိတ်ပူရတဲ့အနေအထားရှိတယ်၊ ၆၀ x ၄၉ မြေတကွက်မှာ လူ ၃၀ နဲ့ ၄၀ ကြားနေနေရတာ၊ တခုခုဖြစ်ရင် ထိန်းကြောင်းဖို့ တအားခက်ခဲပါတယ်။ လုံခြုံမှုကို safe ဖြစ်အောင် တတ်နိုင်သလောက် guideline နဲ့ အညီ လုပ်သင့်တယ်လို့တော့ ထင်ပါတယ်ဗျ။”

တို့မျိုးဆက်ကွန်ရက်က ဦးနန္ဒာစစ်အောင် ပြောသွားတာပါ။

အလုပ်ရှင်တွေဘက်ကတော့ အခုလိုကာလမျိုးမှာ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ အချိန်မီထုတ်ပြန်ပေးဖို့နဲ့ ရှင်းရှင်းလင်းလင်း မဖြစ်ခဲ့ဘူးဖို့ ပြောဆိုခဲ့သလို အလုပ်သမားသမဂ္ဂဘက်ကတော့ အလုပ်သမားအဆောင်တွေမှာ ကျန်းမာရေးနဲ့အညီဖြစ်ဖို့၊ ဒီရောဂါအတွက် စိုးရိမ်မှုတွေ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ထည့်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



(သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
(သတင်းဓာတ်ပုံ - Myanmar State Counsellor Office)











XS
SM
MD
LG