သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား ၇၀၀၀ ကျော် ပုသိမ်မှာ ဆန္ဒပြ


စက်တင်ဘာလ ၈ ရက်နေ့က ပုသိမ်မြို့မှာ ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမားများ။
စက်တင်ဘာလ ၈ ရက်နေ့က ပုသိမ်မြို့မှာ ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမားများ။

အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုရင်း အမှုဖွင့်ခံထားရတဲ့ အလုပ်သမား ခေါင်းဆောင်တွေအတွက် အမှုပယ်ဖျက်ပေးဖို့နဲ့ အစိုးရပြဋ္ဌာန်းထားတဲ့ တနေ့လုပ်အားခ အပြည့်အ၀ မရရှိတာကြောင့် အလုပ်သမား အခွင့်အရေးတွေရရှိဖို့ ဧရာဝတီတိုင်း ပုသိမ်စက်မှုဇုန်က စက်ရုံ ၇ ရုံနဲ့ ကန်ကြီးဒေါင့်မြို့နယ်ထဲက စက်ရုံတရုံ၊ အားလုံးပေါင်း စက်ရုံ ၈ ရုံက အလုပ်သမား ၇၀၀၀ ကျော်ဟာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ စက်တင်ဘာလ ၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ တနေ့လုပ်အားခ ကျပ်ငွေ ၄၈၀၀ သာမက အချိန်ပိုကြေးတွေ မရရှိတောတွေ အပါအဝင် အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေအတွက် အလုပ်သမား ၇၀၀၀ ကျော်ဟာ ပုသိမ်မြို့မှာ ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူတဦးဖြစ်တဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ မခခက ပြောပြပါတယ်။

“အဓိကအချက်တွေကတော့ လုပ်အားခလစာ အနည်းဆုံးလုပ်အားခလစာ အစိုးရက ၄၈၀၀ ပြဋ္ဌာန်းထားပေမယ့် ၄၈၀၀ မရတာရှိတယ်။ အိုတီကြေး အချိန်ပိုကြေးတွေ မရတာရှိတယ်။ စက်ရုံထဲမှာ ဆဲဆိုပြီး ခိုင်းစေတာတွေ၊ ခွင့်ရက်ပြည့်မရတာရှိတယ်။ အလုပ်ခံစားမှုဆိုင်ရာ သဘောတူညီချက်တွေမှာလည်း အာမခံချက်တွေလည်း မပေးထားဘူး။ မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်ထားတာပါရှင်။”

အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုဆန္ဒပြမှုတွေမှာ ဦးဆောင်သူတွေကိုလည်း အမူဖွင့်ထားတဲ့အတွက် အမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

“အလုပ်သမားခေါင်းဆောင် ၇ ဦးကိုလည်း အမူဖွင့်လိုက်တယ်။ ငြိမ်းစုစီဥပဒေနဲ့ ရဲမှူးကြီး ဦးအေးကျော်က ဦးဆောင်ပြီး အမူဖွင့်လိုက်တယ်။ အဲဒီအမှုကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုဆန္ဒပြတာဖြစ်ပါတယ်။”

အထည်ချုပ်စက်ရုံတိုင်းလိုလိုမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတဲ့အတွက် စက်ရုံ ၈ ရုံပေါင်းပြီး ဆန္ဒပြခဲ့တာလို့လည်း ဆိုပါတယ်။

“အထည်ချုပ်စက်ရုံတွေပါပဲ။ ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ်ထဲက ဟွာမန်ဆိုတဲ့ စက်ရုံတရုံပါတယ်။ နောက် ပုသိမ်စက်မှုဇုန်ထဲက စက်ရုံ ၇ ရုံပါတယ်။ အားလုံး ၈ ရုံပါ။ လူဦးရေ ဆန္ဒပြသူအားလုံးပေါင်း လူဦးရေ ၇၀၀၀ ကျော်ပါတယ်။”

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ တနေ့လုပ်အားခဟာ နည်းပါးလွန်းနေပြီး အိမ်နီးနားချင်း ထိုင်းနိုင်ငံထက်စာရင် ၃ ဆလောက်ကွာနေတာကြောင့် အလုပ်သမားတွေအနေနဲ့ မကြာခဏဆိုသလို ဆန္ဒပြ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထားတဲ့ လုပ်အားခဖြစ်တဲ့ တနေ့အနည်းဆုံး လုပ်အားခ ၄၈၀၀ ကိုတောင် မရတဲ့အတွက် စက်ရုံတွေက ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG