သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုယွင်သပိတ်နဲ့ အလုပ်ရှင်-အလုပ်သမားပြဿနာများ အလားအလာ


ရန်ကုန်တိုင်းအစိုးရရုံးရှေ့ ဆန္ဒပြနေကြတဲ့ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားများ
ရန်ကုန်တိုင်းအစိုးရရုံးရှေ့ ဆန္ဒပြနေကြတဲ့ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားများ

ရန်ကုန်တိုင်းအစိုးရ ပထမဆုံးဝင်ရောက်ညှိုနှိုင်းခဲ့တဲ့ ဖုယွင်အလုပ်သမားသပိတ်ဟာ ဒီကနေ့မှာ အပြီးသတ်ပြေလည်မှုရသွားပြီဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းနေချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာတွေခပ်စိတ်စိပ်ဖြစ်ပေါ်လာတာက စီးပွားရေးတိုးတက်မှုကို နှောင့်ယှက်ဖြစ်လာမလားဆိုတဲ့ စိုးရိပ်မှုတွေ ရှိလာနေပါတယ်။ တဖက်မှာတော့ တည်ဆဲဥပဒေပါ အလုပ်သမားအခွင့်အရေးတွေ သက်ရောက်မှုအားနည်းပြီး၊ ဒီ ဥပဒေကို အလုပ်ရှင်တွေက ချိုးဖောက်နေတာတွေအပေါ် အာဏာပိုင်တွေဖက်ကလည်း တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေမှုမရှိတာကြောင့် အခုလို အလုပ်သမားဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတာလို့ ထောက်ပြမှုတွေရှိပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

အလုပ်သမားဆန္ဒပြမှုအတော်များများရှိနေတဲ့ ရန်ကုန်တိုင်းအတွင်းမှာ အခု ဖုယွင်သပိတ်ကိစ္စဟာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ပထမဆုံး ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းလိုက်တဲ့ကိစ္စလို့ ပြောရမှာပါ။ အလုပ်ထုတ်ခံရတဲ့ ဖုယွင်အလုပ်သမားတွေအနေနဲ့ ရက်ပေါင်းရှည်ကြာအောင် ဆန္ဒပြမှုတွေဖြစ်ပြီး အဖြေမထွက်ခဲ့ပဲ၊ နောက်ဆုံးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ကြားဝင်ညှိုနှိုင်းပေးမှုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြေလည်မှုရသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဖွင့်ပေးခဲ့ပေမယ့် အလုပ်ရှင်-အလုပ်သမားဆိုင်ရာ တည်ဆဲဥပဒေအားနည်းချက်တွေ၊ ဒါ့အပြင် တည်ဆဲဥပဒေပါ အလုပ်သမားအခွင့်အရေးတွေကို အလုပ်ရှင်ဖက်က လိုက်နာမှု မရှိတာကြောင့် မြန်မာအလုပ်သမားတွေ အခက်ကြုံပြီး နောက်ဆုံး ဆန္ဒပြမှုတွေ အထိ ဖြစ်ခဲ့တာလို့ အလုပ်သမားအရေးဖြေရှင်းပေးနေသူ ရှေ့နေဦးဌေးက ပြောပါတယ်။

"၂၀၁၂ကနေ ဒီနေ့အထိ အလုပ်သမားအငြင်းပွားမှုက အလုပ်ရှင်က ဥပဒေမလိုက်နာတဲ့ ပြဿနာ။ လွှတ်တော်ကပြဌာန်းထားတဲ့ ဥပဒေတွေရှိတယ်။ အဲဥပဒေတွေ လိုက်နာဖို့ ဌာနဆိုင်ရာဘက်က ကြီးကြပ်ရမှာလည်း အားနည်းတယ်၊ နောက်တခုကတော့ ပြီးတော့ အလုပ်သမားတွေ သပိတ်မှောက်ခွင့်အကာအကွယ်ပေးထားတာရှိလားမရှိဘူး။ စုပေါင်းတောင်းဆိုတာကို အကာအကွယ်ပေးထားတာရှိလားမရှိဘူး။ အလုပ်သမားဖွဲ့စည်းခွင့်ပေးထားပေမယ့် လက်တွေ့ကျတော့ အကာအကွယ်ပေးနိုင်လားဆိုတော့မပေးနိုင်ပြန်ဘူး။ အကာအကွယ်ပေးတဲ့ ဥပဒေတွေမပါတာပေါ့နော်။ အဲလိုတွေဖြစ်နေတာပေါ့"

သီတင်းပတ် အတော်ကြာဆန္ဒပြခဲ့ပေမယ့် အဖြေရလဒ်မထွက်ခဲ့တဲ့ ဖုယွင်အလုပ်သမားသပိတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ညပိုင်းကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဘက်က ဝင်ရောက်ဖြေရှင်းပေးဖို့ ဆိုပြီး ရန်ကုန်အစိုးရရုံးရှေ့မှာ အလုပ်သမားတွေ ဆန္ဓပြခဲ့ပါတယ်။ ညတွင်းချင်းမှာဘဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရ အဖွဲ့က သပိတ်မှောက် အလုပ်သမားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ို ဆက်လက်ညှိနှိုင်းဖို့ ဝန်ကြီးချုပ်က ကတိပေးခဲ့ကာ မနေ့က စက်ရုံထိ အစိုးရအဖွဲ့ဝင်တွေ သွားရောက် တွေ့ဆုံ ညှိုနှိုင်းပေးခဲ့မှသာ ဖုယွင်သပိတ်က ပြီးခဲ့တာဖြစ်ပါတယ်။

ပြေလည်သွားပေမယ့်လည်း ဖုယွင် အလုပ်သမားအချို့မှာ နောက်ထပ်ပြဿနာတွေထပ်ဖြစ်မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေတာတွေ ရှိပါတယ်။ ဒီအတွက် ဒီစက်ရုံတွင်း ပြဿနာ ထပ် မဖြစ်ဖို့ကိုလည်း ရန်ကုန်တိုင်း အစိုးရဘက်က ကြပ်မတ်ပေးသွားမယ်လို့ မနေ့ကညှိုနှိုင်းမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကဆိုထားပါတယ်။

"ကျနော်တို့က ဒီစက်ရုံအေးအေးချမ်းချမ်း လည်ပတ်နိုင်အောင်လုပ်မယ်။ အစိုးရက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ပေါင်းပြီး ဒီစက်ရုံလည်ပတ်မှုကို ကြီးကြပ်ပေးမယ်။ အလုပ်ရှင်အလုပ်သမားပြသနာဖြစ်လာရင်လဲ အစိုးရဘက်က ထိန်းညိပေးမယ် "

လက်ရှိမှာတော့ ဖုယွင် အထည်ချုပ် စက်ရုံမှာ အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀ နဲ့ ဝန်းရံအလုပ်သမားတွေ လာမယ့် နိုဝင်ဘာ ၆ရက်နေ့မှာ ဖုယွင်စက်ရုံမှာ အလုပ်ပြန်ဆင်းဖို့ စက်ရုံ ပိုင်ရှင်ဘက်က လက်ခံလိုက်ပြီဖြစ်သလို စက်ရုံကိုပိတ်ကာဆောက်ထားတဲ့ သပိတ်စခန်းတွေကိုလည်း အလုပ်သမားတွေကဖယ်လိုက်ပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာတင် အခြေခံ လုပ်ခလစာတိုးမြင့်ပေးဖို့ အခြား တောင်းဆိုမှုတွေ ဆန္ဒပြမှုတွေကလည်း ရှိနေပါသေးတယ်။ အခု ဖုယွင်သပိတ်ကိစ္စမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်လာတဲ့နောက် အလုပ်ရှင်-အလုပ်သမား ပြဿနာတွေမှာ အစိုးရဖက်က ဘယ်လို ဆက်ပြီး ရပ်တည်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခု ဖုယွင်အလုပ် သမားပြဿနာ ဖြေရှင်းကိုင်တွယ်မှုကြောင့်လည်း မြန်မာနိုင်ငံရဲ့လက်ရှိ တည်ဆဲအလုပ်သမားဥပဒေတွေဟာ နိုင်ငံတကာဥပဒေစံချိန်စံညွှန်းနဲ့ကိုက်ညီသလဲဆိုတာလည်း မေးခွန်းဖြစ်လာပါတယ်။ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ သဘောတူညီချက်တွအတိုင်း အလုပ်သမားသမဂ္ဂတွေ ရပ်တည်ခွင့်၊ အလုပ်သမားတွေကို အကာအကွယ်ပေးမယ့်အချက်တွေ တည်ဆဲဥပဒေတွေထဲမှာ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်နေသေးတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG