သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းလယ်သမားတွေ တရားဝင်ဆန္ဒပြခွင့်ရရှိ


လက်ပံတောင်းတောင် ဆန္ဒပြသူတွေကို လုံခြုံရေး အင်အားအများအပြားနဲ့ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၆ ရက်၊ ၂၀၁၃)။
လက်ပံတောင်းတောင် ဆန္ဒပြသူတွေကို လုံခြုံရေး အင်အားအများအပြားနဲ့ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၆ ရက်၊ ၂၀၁၃)။
အခုရက်ပိုင်း လက်ပံတောင်းတောင်ဒေသတွင်း တားမြစ်နယ်မြေထဲ လယ်ဝင်ထွန်ခဲ့တဲ့ ဒေသခံလယ်သမားတွေနဲ့ အာဏာပိုင်တွေကြား သေနက်နဲ့ပစ်ခတ်တဲ့အထိ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က ဒေသခံတွေကို တရားဝင် ဆန္ဒပြခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ ဆန္ဒပြသူ ကန့်သတ်ဦးရေ ၅၀၀ နဲ့ ဆန္ဒပြချိန် သုံးနာရီ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရားဝင် ဆန္ဒပြခွင့်ပြုဖို့ ဒေသခံလယ်သမားတွေဘက်က တာဝန်ရှိသူတွေကို ခွင့်ပြုမိန့်တောင်းခံခဲ့ပြီးတဲ့ တစ်ပတ်အကြာမှာ အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချပေးလိုက်တာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် တုံရွာကနေ ပုသိမ်-မုံရွာလမ်းဆုံ ဦးပိုင်ကုမ္ပဏီရုံးရှေ့အထိ ဆန္ဒပြကြမှာဖြစ်ပါတယ်။ ဆန္ဒပြပွဲခွင့်ပြုချိန် သုံးနာရီတိတိ အတွင်းမှာ ဆန္ဒပြသူဦးရေ ၅၀၀ အထိ ကန့်သတ်ခွင့်ပြုထားတယ်လို့ လက်ပံတောင်းတောင် အရေးတက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။

“ကျနော်တို့ ၂၉ ရက်နေ့ကို စာတင်ထားတဲ့ဟာ ကျပြီပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ ၂၉ ရက်နေ့မှာ ဆန္ဒပြမယ်။ အယောက် ၅၀၀။ ကန့်သတ်အင်အား အယောက် ၅၀၀။ အချိန်အားဖြင့် သုံးနာရီ။ အဓိက ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လည် လွှတ်ပေးရေး ဆိုတာတွေနဲ့ တုံရွာရှေ့ကနေ ပုသိမ်-မုံရွာ လမ်းဆုံ ဦးပိုင်ကုမ္ပဏီ ရုံးရှေ့အထိကို ကျနော်တို့ ဆန္ဒပြပွဲ ဆက်လုပ်မယ်။ နောက်နှစ်တွေမှာ ကျနော်တို့က မြေယာမယူထားတဲ့ လယ်သမားတွေဟာ သူတို့မြေသူတို့ပိုင်တယ်ဆိုတဲ့ သဘောထား ထုတ်ပြန်မှုတွေနဲ့ ရွာတွင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်။ ”

တုံရွာကနေ စတင်ဆန္ဒပြကြမယ့် ဒီဆန္ဒပြပွဲမှာတော့ မိမိတို့ရဲ့ မိရိုးဖလာ လယ်ယာလုပ်ကိုင်ခွင့်ပြန်ရရေးအတွက် ဒေသခံပြည်သူတွေဘက်က ရွာလုံးကျွတ် ဆန္ဒပြကြမှာဖြစ်ပြီး တားမြစ်နယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာလည်း ပြန်ပြီးထွန်ယက်စိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ ဆည်တည်ရွာက တောင်သူဦးကြီး ဦးသန်းမောင်ကပြောပါတယ်။
“ကျနော်တို့ကတော့ ရွာလုံးကျွတ်လိုက်နေကြပါတယ်။ ကျနော်တို့ရွာတွေက။ ကျနော်တို့ရဲ့ဘဝဟာ မြေကြီးပါ။ မြေကြီးက ကျနော်တို့ဘဝပါ။ အဲဒီတော့ ကျနော်တို့လယ်မြေတွေ အတွက်ကို ကျနော်တို့ဒီလိုပဲ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာပါ။ ရွာလုံးကျွတ်လိုက်မှာပါ။”

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လယ်ယာသိမ်းခံထားရတဲ့ ဒေသခံတောင်သူလယ်သမားတွေက သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေထဲမှာ ဝင်ထွန်ယက်ခဲ့တာမှာ တားမြစ်နယ်မြေဖြစ်တဲ့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှု၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၆ ရက်နေ့မှာတော့ ဖမ်းဆီးခံ ကျောင်းသားလူငယ်တွေနဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ တားမြစ်နယ်မြေရုပ်သိမ်းရေး အပါအဝင် တောင်းဆိုချက်တွေကို လယ်သမားတွေက ဝိုင်းဆန္ဒပြခဲ့ကြရမှာတော့ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပြီး တင်းမာမှုတွေရှိခဲ့ပါတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။

“လက်ပံတောင်းအခြေအနေကတော့ဗျာ လယ်ယာမြေဆုံးရှုံးပြီးတော့ လျော်ကြေးမယူထားတဲ့ လယ်သမားတွေ တော်တော်များများရှိတယ်။ အဲဒါတွေကို ထွန်ယက်ဖို့လုပ်တော့ ၂၅ ရက်နေ့က သေနတ်နဲ့ပစ်၊ ဖမ်းတာတွေဖြစ်တဲ့အခါကျတော့၊ အဲဒါမနေ့က ဆန္ဒပြတဲ့အခါကျတော့လည်း ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းတွေနဲ့ သတ်မယ်ဖြတ်မယ်ပုံစံမျိုးတွေ လုပ်ကြတယ်။ ညတုန်းကလည်း ဆည်တည်းရွာက တရုပ်ဆိုက်ထဲကို လုံထိန်းတွေ ထပ်ရောက်လာတာတို့။ ညပိုင်း မုံရွာမြို့ပေါ်မှာရှိတဲ့ ရဲတွေကို တောက်လျှောက် ကားတွေနဲ့ဒီဘက်လွှတ်တယ်။ မနက်ကျတော့လည်း ဟိုဘက်မှာ လုံထိန်းတွေ၊ ရဲတွေ ကျနော်တို့ မုံရွာဘက်ကူးတဲ့ဘက်မှာလည်း တောက်လျှောက် ထပ်ချထားတယ်။

"ဒီနေ့မနက် ၉ နာရီလောက်မှာ မိုးကြိုးပြင်ကျေးရွာက ထွန်တုံး တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သူတို့ဘက်လူတွေက တဘက်သတ် ကောလာဟလတွေနဲ့ မိုးကြိုးပြင်ကျေးရွာကို ရဲတွေ ထောက်လှမ်းရေးတွေ အက်စ်ပီတွေ အပြည့် ဒီနေ့မနက် ၉ နာရီလောက်မှာ ရောက်လာတယ်။ ရောက်လာပြီးတော့ ရွာဝမှာ ဝုန်းဝုန်းနဲ့လာပြီးတော့လုပ်တယ်။ ရွာသားတွေကို ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီးတော့ သူတို့ ပြန်တယ်။ ပြန်ပြီးတဲ့အခါကျတော့ မြေယာလျော်ကြေးတွေ ထုတ်ယူဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ လော်စပီကာတွေနဲ့ အော်တယ်။ ရွာသားတွေက လက်မခံဘူး။ လယ်သမားတွေရဲ့အခွင့်အရေး ဆုံးရှုံးနေတဲ့ဟာကို ဘာတခုမှ ဖော်ထုတ်ခွင့် လုပ်ခွင့်မရဘဲနဲ့ တကယ့်ကို စစ်မြေပြင်ကြီးတခုအလား၊ ထောက်လှမ်းရေးတွေ စစ်တပ်တွေ လုံထိန်းတွေနဲ့ မဲမှောင်နေအောင် တောက်လျှောက်လုပ်နေတယ်။ အဲဒီအတွက် ရွာသားတွေအနေနဲ့လည်း ဒေသတည်ငြိမ်ရေးနဲ့ သူတို့တွေ အကြမ်းဖက်မခံရရေးကို သတိကြီးစွာနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားတွေ ရှိပါတယ်။”

ဒီကနေ့ ဧပြီလ ၂၇ ရက်မနက်ပိုင်းမှာတော့ မူလစီစဉ်ထားတဲ့ လယ်ယာမြေတွေမှာ လယ်ထွန်ဖို့ ထွန်တုံးချချိန်မှာတော့ အာဏာပိုင်တွေက အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားတဲ့အတွက် ဒေသခံလယ်သမားတွေ ထပ်ပြီး အထိခိုက်အနာတရ သွေးမြေကျမှာ မလိုလားတဲ့အတွက် လယ်သမားတွေက ထွန်တုံးရုပ်ပြီး ပြန်လာခဲ့ကြတယ်လို့လည်း ဆည်တည်းရွာက လယ်သမားကြီး ဦးသန်းမောင်ကပြောပါတယ်။

“ဘိုးဘွားပိုင် ကျနော်တို့ သမဦးကျမြေတွေကို ကျနော်တို့က ပုံမှန်ထွန်ယက်စားသောက်လာတာ ဆိုတော့ ကျနော်တို့မြေကို ကျနော်တို့က ဆက်ပြီးတော့ ထွန်မှာပါ။ ဒါပေမဲ့ သူတို့က ကျနော်တို့ရဲ့ မြေပေါ်မှာ ကျနော်တို့ထွန်တာကို ဒီလိုလာပြီး အကြမ်းဖက်ဖို့အဆင်သင့်။ ထောင်နဲ့ချီတဲ့အင်အားနဲ့ပြင်တယ်ဆိုတော့ နောက်ဆုတ်ထားတာ။ ဒါပေမဲ့ ကျနော်တို့ဘက်ကနေပြီးတော့ ဒီလိုမျိုး ကျနော်တို့ကိုလာပြီးတော့ အကြမ်းဖက်တာတို့၊ မတရားလာလုပ်တာတို့ ဒီလိုထိပ်တိုက်မတိုးချင်လို့ ကျနော်တို့က နောက်ဆုတ်ထားတာပါ။”
အခုလက်ရှိအခြေအနေမှာတော့ မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေထဲမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပါတယ်။

ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီးတော့ ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံတောင်သူလယ်သမား အများစုကတော့ အသိမ်းခံထားရတဲ့ သူတို့ လယ်မြေတွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကပေးတဲ့ လျော်ကြေး နစ်နာကြေးမယူဘဲ စီမံကိန်းရပ်တန့်ရေးကိုသာ ဆက်လက် တောင်းဆိုတိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG