သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း အကြမ်းဖက်မှု အရေးယူ ဖြေရှင်းဖို့ AI တောင်းဆို


လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး။
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး။

ဒီကနေ့ဟာဆိုရင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ၂ နှစ်တင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီလို ၂ နှစ်တင်းတင်းသာ ပြည့်သွားပေမဲ့လို့ - အဲ့ဒီအကြမ်းဖက် ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးတဲ့အပေါ်မှာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတဲ့အပေါ် အတော်လေး စိုးရိမ်တဲ့အကြောင်း Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူးတဦးဖြစ်သူ မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) က ပြောဆိုလိုက်ပါတယ်။

သူဟာဆိုရင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူ သံဃာတော်တွေနဲ့ ဒေသခံတွေအပေါ် အာဏာပိုင်တွေက မီးလောင်ဗုံးသုံး အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ် စုံစမ်းဖို့ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့သူပါ။

“လတ်တလောမှာတော့ ကျမတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်နေပါပြီ။ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာ၊ သဘာ၀ ပတ်ဝန်းကျင်အတွက် စိုးရိမ်စရာတွေ၊ ၂၀၁၂ နိုဝင်ဘာလတုန်းက White Phosphorous ဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာ အပါအဝင် စီမံကိန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စုံစမ်းထားပါတယ်။”

အာဏာပိုင်တွေရဲ့ အဲ့ဒီအကြမ်းဖက်ဖြိုခွင်းမှုအတွင်း အနည်းဆုံး သံဃာတော် ၉၉ ပါးနဲ့ ဆန္ဒပြသူ ၉ ယောက် မီးလောင်ဒဏ်ရာ တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက် ကြာသပတေးနေ့ကလည်း AI ကနေ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်ထဲမှာ -အဓိက မီးမောင်းထိုးပြထားတာက -

ကုမ္ပဏီတွေနဲ့ ဒေသခံတွေအကြား ဖြစ်နေတဲ့ ပြဿနာတွေကို ပြီးအောင် မဖြေရှင်းသေးဘဲ ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အန္တရာယ်တွေ ဆက်ပြီး ဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်းကို ထောက်ပြထားတာပါ။

ဒါကြောင့် ပြဿနာတွေ ဖြေရှင်းပြီးတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ကိုလည်း မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) က ပြောဆိုခဲ့ပါတယ်။

“စီမံကိန်းကြောင့် လူ့အခွင့်အရေး ထိခိုက်နေတာတွေကို ကျမတို့က အာရုံစိုက်ထားပါတယ်။ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုမ္ပဏီကို တင်ပြသွားမှာ ဖြစ်တာကြောင့် လတ်တလော အသေးစိတ်တွေကို မပြောနိုင်သေးပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်တယ် ဆိုတာကတော့ ပြောနိုင်ပါတယ်။ စီမံကိန်းအတွက် ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စမျိုးတွေလို ဒီအထဲက တချို့ကိုလည်း လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထောက်ပြထားပြီး သားပါ။ ဒါတွေက လက်ရှိ လက်ပံတောင်း စီမံကိန်းနဲ့ ပတ်သက်လို့ လူတွေ စိုးရိမ်နေကြတဲ့ ကိစ္စပါ။ လက်ရှိ စီမံကိန်းနဲ့ လက်ပံတောင်း စီမံကိန်းသစ်တွေကို အကောင်အထည် မဖော်ခင် ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုပါတယ်။ ဖြေရှင်းရမယ့် ကိစ္စတွေကို အရင်မလုပ်ဘဲ စီမံကိန်းကို စခဲ့လို့သာ ပြဿနာတွေ ပေါ်ရတာလို့ ကျမတို့ ယူဆပါတယ်။ ပြဿနာတွေ အားလုံးကို ဖြေရှင်းမပြီးမချင်း စီမံကိန်းကို ရပ်ထားဖို့အတွက် ကျမတို့ ကြေညာချက်ထဲက တောင်းဆိုချက်မှာလည်း တွေ့မှာပါ။”

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် မြန်မာအစိုးရကို AI အဖွဲ့ကြီး အနေနဲ့ တိုက်တွန်းသွားမယ်လို့လည်း သူက ဆိုပါတယ်။

“ပထမဆုံးကတော့ အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ စည်းရုံးသွားမှာပါ၊ စိုးရိမ်စရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက တုန့်ပြန်ဆောင်ရွက်မယ်လို့လည်း ကျမတို့ မျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ငန်းစဉ်မှာ ထည့်သွင်းနိုင်ဖို့ အပါအဝင် ဒီကိစ္စတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် ကြိုးပမ်းသွားမှာပါ။”

AI အဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး တဦးဖြစ်သူ မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) ပြောသွားတာပါ။ သူ အပါအဝင် AI ကိုယ်စားလှယ်တချို့ဟာ ဒီ ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတော့ ထိခိုက်နစ်နာခံရသူ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မကြာခင် ရှေ့နှစ်ဆန်းပိုင်းလောက်မှာပဲ အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိပါတယ်။ ဒီအစီရင်ခံမထွက်ခင်မှာ ကုမ္ပဏီကိုလည်း တင်ပြပြီး - ကုမ္ပဏီဘက်က တုံ့ပြန်မှုတွေ တခုခုရအောင် လုပ်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရကတော့ - လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုကိုစုံစမ်းစစ်ဆေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ကို တာဝန်ပေးအပ်ခဲ့တာပါ။

ဒီကော်မရှင်ကနေ စစ်ဆေးတွေ့ရှိချက်တွေကို သမ္မတထံ တင်ပြပြီး ကော်မရှင်က တင်ပြတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကော်မတီက အပြည့်အ၀ တာဝန်ယူ လုပ်ဆောင်ခြင်းမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG