သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် ငြိမ်းစုစီပြင်ဆင်မှုဥပဒေမူကြမ်း ပြည်သူ့လွှတ်တော် အတည်ပြုဖွယ်ရှိ


မတ်လ ၅ ရက်နေ့က ငြိမ်းစုစီပြင်ဆင်မှုဥပဒေမူကြမ်းကို ဆန္ဒပြစဉ်
မတ်လ ၅ ရက်နေ့က ငြိမ်းစုစီပြင်ဆင်မှုဥပဒေမူကြမ်းကို ဆန္ဒပြစဉ်

အငြင်းပွားဖွယ် ပြင်ဆင်မှုတွေကြောင့် ကန့်ကွက်တွေ့ ရှိနေတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးဖို့ ဒီကနေ့လွှတ်တော်မှာ တင်ပြလာပါတယ်။ အမျိုးသားလွှတ်တော်ဘက်မှာ အတည်ပြုပြီး တင်ပြလာတဲ့ အဲဒီ ဥပဒေမှာ ပြင်ဆင်ရမယ့် အချက်တွေရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောဆိုခဲ့ပေမယ့် တကယ်တမ်းမှာတော့ စကားလုံးအထားအသို ပြင်ဆင်မှုမ ျှသာဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကန့်ကွက်နေကြတဲ့ဆန္ဒပြတာမှာ ခန့်မှန်း ကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို နာမည်လိပ်စာ အပြည့်အစုံဖော်ပြဖို့နဲ့ အာဏာပိုင် တွေက အယူအဆ မတူသူတွေကို အလွယ်တကူ ဖိနှိပ် အရေးယူနိုင်စေမယ့် အငြင်းပွားဖွယ် နိုင်ငံတော်လုံခြုံရေးကို ထိပါးစေမှု ဆိုတဲ့ အရေးပါတဲ့ သုံးနှုန်းမှုတွေကို တော့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့အတိုင်း လက်ခံထားတယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းနိုင်မယ့် နောက်ကြောင်းပြန် ဒီဥပဒေကြမ်းပါ အချက်တွေကို ကန့်ကွက်သွားမယ်လို့ ဦးဖေသန်းကဆိုပါတယ်။ ဦးဖေသန်းကို မမေခက ဆက်သွယ်မေးမြန်းထားတာပါ။

မေခ။ ။ အမျိုးသားလွှတ်တော်ဘက်က အတည်ပြုလိုက်တဲ့ ငြိမ်းစုစီဥပဒေကို ဒီကနေ့ ့ ပြည်သူ့လွှတ်တော်မှာ တင်လာတယ်ဆိုတော့ ပြည်သူ့လွှတ်တော်ဘက်က ဥပဒေကြမ်းကေ်ာမတီဝင်တွေအနေနဲ့ လွှတ်တော်တွေကရော ငြိမ်းစုစီဥပဒေကြမ်း အပေါ်မှာ ဘယ်လိုသဘောထားမျိုးများ ရှိပါသလဲရှင့်။အမျိုးသားလွှတ်တော်ဘက်က တင်ပြလာမှုအပေါ်မှာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တဲ့ သဘောထားမျိုးရှိလား ၊ ဘယ်လိုများ ပြောနိုင်ပါသလဲရှင့်။

ဦးဖေသန်း။ ။ လွှတ်တော်က ပြင်ဆင်ပြီးတေ့ာ ပြန်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုတင်လာပါတယ်။ အဲဒီအထဲမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကွဲလွဲတယ်ဆိုလို့ များများစားစားမတွေ့ရဘူး။ စကားလုံးလောက်ကိုပဲ နည်းနည်းပြောင်းလဲတာရှိတယ်။ တကယ်တမ်း ပြည်သူလူထု ပြဿနာဖြစ်နိုင်တဲ့ ပုဒ်မတွေကျတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဟာ တစ်သဘောပဲ ရှိပါတယ်။ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာကို ဖတ်ရတဲ့အခါ အဲဒါကြောင့် ကျနော်တို့ကတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာကို အဓိက အခြေခံပြီး ကွဲလွဲတာမဟုတ်ပဲနဲ့ ၊စကားလုံးလောက်ပဲ ကွဲလွဲတယ်လို့ ကျနော်မြင်ပါတယ်။

မေခ။ ။ ဒါဆိုရင် လူထုတွေစိုးရိမ်နေတဲ့ အချက်တွေကိုလည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်တွေက လစ်လျူရှုထားတယ်ဆိုတဲ့သဘောလား။

ဦးဖေသန်း။ ။ ဟုတ်ပါတယ်။ အချက် ၂ ချက်ပေါ့နော် ပထမတချက်ကတော့ ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီးတော့ ကုန်ကျတဲ့ စားရိတ်တန်ဖိုးရယ်၊ ပြီးတော့ ဘယ်သူက ထောက်ပံ့သလဲ ဘယ်အဖွဲ့အစည်းက ဘယ်လိုရသလဲဆိုတဲ့ ကိစ္စတခုပေါနော် ဒုတိယတချက်ကတော့ နိုင်ငံတော်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ၊ ပြည်သူလူထုရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေရန် အလို့ဌာ သိလျက်နဲ့ ဖြစ်စေ တမင်ဖြစ်စေပေ့ါနော်။ အဲဒီ ၂ ချက်က ငြိမ်းစုစီဥပဒေရဲ့ မူလအချက်ကို ဆန့်ကျင်သွားတယ်လို့ ကျနော်တို့ မြင်တယ်။ မူလရည်ရွယ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်တို့ကို ဒီဥပဒေ ပြဌာန်း ပြီးတော့ ပြည်သူလူထုက လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်တာကို အားပေးခဲ့တယ်။ အားပေးတယ်ဆိုတဲ့အထဲမှာ ပထမအကြိမ်ပြင်ဆင်ချက်ကို သမ္မတဦးသိန်းစိန်လက်ထက်မှာ ခွင့်ပြုမိန့်ကိုတောင်းစရာမလိုပဲ ခွင့်ပြုချက်ကို ပေးကိုပေးရမယ်ဆိုတာမျိုး ပါတယ် အဲဒါက ျကနော်တို့ကို အကန့်အသတ်တခုကို ကျော်ခဲ့နိုင်တာပေါ့။ အဓိကတော့ ပိုပြီးတော့ ပွင့်လင်းလာအောင် ပိုပြီးတော့ လွယ်လွယ်ကူကူ ဆန္ဒတွေ ဖော်ထုတ်လာနိုင်အောင် လုပ်ရမယ့်ဥပဒေမျိုးဖြစ်ပါတယ်။ အဲဒါမှ ပြည်သူလူထုရဲ့အသံကို နိုင်ငံတော်အစိုးရရော ပြည်သူ့လွှတ်တော်ရော သိပြီးတော့ လိုအပ်ချက်တွေကို ပြုပြင်နိုင်မှာပေါ့ ။ ဒီမိုကရေစီစံနှုန်းနဲ့ ခွင့်ပြုခဲ့တဲ့ ဥပဒေမှာ ဒီနေ့ဒီလို ကန့်သတ်ချက်တွေကြောင့် ဆန္ဒဖော်ထုတ်တဲ့လူတွေကို စိုးရိမ်စိတ်တွေဖြစ်အောင် အရင်ထောက်လှမ်းရေးခေတ်ကလိုပေ့ါနော် ဟိုလူ့အမည်စာရင်း ၊ ရာဇဝင်ပေး ဒီလိုမျိုးတမင်ဖြစ်အောင် ဒီ ဥပဒေက ပြဌာန်းတယ်လို့ ကျနော်တို့ကမြင်တယ်။

မေခ။ ။ ဒီဥပဒေနဲ့ ပတ်သက်ပြီး အန်ကယ်တို့ပါတီက ဘယ်လိုအမြင်သဘောထားရှိပါသလဲရှင့်။

ဦးဖေသန်း။ ။ အစိုးရက သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကာကွယ်ဖို့ ၊ အဲဒီလို ပြောတဲ့လူတွေကို ဟန့်တားဖို့ လုပ်တဲ့ ရည်ရွယ်ချက်လို့ မြင်တယ်။ အဲလိုဟာမျိုးလည်း ရေရှည်မှာတော့ မကောင်းဘူးပေါ့ အစိုးရဆိုတာက ဒီနေ့အစိုးရ မနက်ဖြန် အတိုက်အခံဖြစ်သွားချင်လည်း ဖြစ်သွားမယ်။ ဒါတွေကို ရေရှည်ကို ကြည့်ပြီးတော့ ကျနော်တို့ မဖြစ်စေချင်ဘူး။ ကျနော်တို့ သမိုင်းတွင်မဖြစ်ချင်ဘူး အဲဒါကြောင့် လွှတ်တော်မှာတော့ ကျနော်တို့ ကန့်ကွက်ဖို့ အကုန်လုံး စိတ်အားထက်သန်နေကြပါတယ်။

မေခ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက လွှတ်တော်ထဲမှာရှိတဲ့ လူဦးရေအနေအထားအရ အန်ကယ်တို့ဘက်က ဒီအဆိုတွေကို ပယ်ဖျက်အောင် တိုက်တွန်းနေတဲ့ အနေအထာမျိုးရော ရှိပါသလားရှင့်။

ဦးဖေသန်း။ ။ အဲဒါကတော့ သေချာသလောက်ပဲ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက ကျနော်တို့မြင်တာက တစုံတယောက်က တင်တာဗျ။ ဒီလူတင်တယ်ဆိုတာက ဝန်ကြီးဌာနက လာတာမဟုတ်ဘူး။ ကော်မတီကတင်တာမဟုတ်ဘူး။ ဆိုတော့ ဒါကရှင်းရှင်းပြောရရင် ပါတီနောက်ခံနဲ့ တင်တာလို့ မြင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် NLD ရဲ့ လွှတ်တော်အဆုံးအဖြတ်ဟာ ကျနော်တို့ အများစု ဖြစ်တဲ့အတွက်နဲ့ ကျနော်တို့နိုင်မှာပါပဲ အမျိုးသားလွှတ်တော်မှာလည်း သူတို့နိုင်တယ်၊ ကျနော်တို့ ပြည်သူ့လွှတ်တော်မှာလည်း နိုင်မယ်။ ဒါပေမယ့် ကျနော်တို့ ဘက်က တတ်နိုင်သလောက် ပြည်သူလူထုသိအောင် ၊ အာဏာပိုင်တွေ ၊ ဥပဒေပြုတဲ့လူတွေသိအောင် ကျနော်တို့ ပြောရမယ်၊ ကျနော်တို့ အခွင့်အရေးကို ကျနော်တို့ တိုက်ယူရမယ်။ ပြည်သူလူထုအပေါ်ရပ်တည်ရမယ်။ ဒါကျနော်တို့ တာဝန်ပဲလေ။

မေခ။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG