သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်စိတ်ကွဲပြားသူတို့အခွင့်အရေး LGBT ဖိုရမ်ဆွေးနွေး


လိင်စိတ်ကွဲပြားသူတို့အခွင့်အရေး LGBT ဖိုရမ်ဆွေးနွေး
လိင်စိတ်ကွဲပြားသူတို့အခွင့်အရေး LGBT ဖိုရမ်ဆွေးနွေး

မြန်မာနိုင်ငံမှာ LGBT လို့အတိုကောက်ခေါ်တဲ့ လိင်စိတ်ကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာကြောင့် ဥပဒေပြင်ဆင်ရေးဆွဲတာတွေမှာ LGBT တွေရဲ့ အခွင့်အရေးကို အလေးထား ထည့်သွင်း စဉ်းစားပေးဖို့ ဒီနေ့ ရန်ကုန်မှာ ဒီနေ့ ဇူလိုင် ၂၉ ရက်မှာလုပ်တဲ့ Annual LGBT Forum မှာ LGBT ကွန်ရက်အဖွဲ့အစည်းတွေကပြောလိုက်ပါတယ်။

ဒီဖိုရမ်ဟာ ပြည်တွင်း LGBT နဲ့ လူ့အခွင့်အရေးအပေါ် အခြေခံထားတဲ့ ပထမဆုံးဖိုရမ်ဖြစ်ပြီး ဆွေးနွေးပွဲအတွင်းမှာ LGBT အသိုင်းအဝိုင်းတွေကို ထိခိုက်နေတဲ့ လူမှုဘ၀၀န်းကျင်နဲ့ ဥပဒေကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတာပါ။

ဒီပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

LGBT တွေအပေါ်သက်ရောက်မှုရှိပြီး ဖိနှိပ်တာအများဆုံးဖြစ်နေတဲ့ ဥပဒေပုဒ်မတွေကိုပြင်ဆင်ပေးဖို့နဲ့ အကာအကွယ်ပေးတဲ့ မူဝါဒတွေ အစိုးရက ရေးဆွဲပေးဖို့ LGBT နဲ့လူ့အခွင့်အရေးအဖွဲ့တွေက ဇူလိုင် ၂၉ ရက် ရန်ကုန် Excel Tower လုပ်တဲ့ Annual LGBT Forum မှာပြောလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ LGBT တွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ လွှတ်တော်မှာ LGBT အရေးကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းမှုကအရေးကြီးလို့ လူ့အခွင့်အရေးသမား တွေက သူတို့ကို စည်းရုံးလှုံ့ဆော်တတ်ဖို့လိုကြောင်း ညီညွတ်ခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

“ ကိုယ့်မြို့နယ်က ကိုယ်စားလှယ်က ကိုယ်ပြောတဲ့အချိန်မှာ ခုနကပြောသလို (လွှတ်တော်မှာ) LGBT အရေးကိုထည့်သွင်းစဉ်းစားချိန်မှာ ကန့်ကွက်တာ မဟုတ်ဘဲနဲ့ ထောက်ခံတဲ့သူဖြစ်ဖို့အတွက် ကိုယ့်မြို့နယ်မှာကိုယ်ပြန်ပြီးအလုပ်လုပ်ကြပါ ဒါလေးကိုအကြံပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဦးက အဆိုတင်သွင်းသည့်တိုင်အောင် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာရှိပါတယ် တဦးတယောက်တည်းနဲ့မရပါဘူး။”

နီပေါနိုင်ငံကတော့ သူတို့ရဲ့ ၂၀၁၅ ဖွဲ့စည်းပုံအသစ်မှာ LGBT တွေနဲ့ပတ်သက်လို့ ခွဲခြား ဆက်ဆံတာတွေကို ကန့်သတ်တဲ့ ဥပဒေကိုထည့်သွင်းရေးဆွဲခဲ့လို့ ဥပဒေနဲ့တရားဝင်ရပ်တည်ခဲ့တဲ့ အာရှရဲ့ ပထမဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ပြည်တွင်း LGBT အဖွဲ့အစည်းလေးတွေအနေနဲ့ ၂၀၁၀ ကစလို့လူ့အခွင့်အရေးကိစ္စ တွေမှာပါဝင်လာပြီး သူတို့ကွန်ရက်အနေနဲ့ကတော့ ၂၀၁၂ နောက်ပိုင်းမှာစတင်ခဲ့တာပါ။ LGBT ဖိုရမ်အနေနဲ့ကတော့ အခုအကြိမ်က ပထမဆုံးဖြစ်ပြီး ဒီဖိုရမ်ပြီးတဲ့နောက်ပိုင်းမှာ LGBT တွေရင်ဆိုင်ရတဲ့ ပြဿနာတွေကို ပိုပြီးထုတ်ဖော်ပြောဆိုနိုင်မယ်လို့ ယုံကြည်ကြောင်း LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက် ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုတင်ကိုကိုကပြောပါတယ်။

“ ဆိုတော့ ကျနော်တို့ အခုမြန်မာပြည်အခြေအနေမှာ ပြောမယ်ဆိုရင် LGBT တွေအတွက် အကာကွယ်ပေးထားတဲ့ဥပဒေတွေ ဒီနေ့အချိန်ထိ မရှိနေသလို LGBT ကိုသွယ်ဝိုက်ပြီးတော့မှ အရေးယူနေတဲ့ ဥပဒေတွေပဲရှိတယ်ပေါ့။ အဓိက ဘာလဲဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၇၇လိုဟာမျိုး၊ ရန်ကုန်ရဲအက်ဥပဒေ တွေဖြစ်တဲ့ မှောင်ရိပ်ခိုမှု မသင်္ကာမှု ဆိုတဲ့ 30(D) တို့၊ နယ်ဆိုရင် 35(D)တို့ ဒီလိုဥပဒေတွေရှိတယ်ပေါ့နော်။ ပုဒ်မ ၃၇၇ မှာ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုမျိုးလို့ ပြောချင်တာဖြစ်တဲ့အတွက်ကြောင့် LGBT တွေက အမျိုးသားချင်း ချစ်ခင်ဆုံမက်တဲ့သူတွေ၊ အမျိုးသမီးချင်းချစ်ခင်စုံမက်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ နောက်ဆက်တွဲပါလာတာက အိပ်ယာပေါ်ကကိစ္စတွေပါထည့်သွင်းစဉ်းစားလာပြီး ဒီပုဒ်မတွေနဲ့ အရေးယူတဲ့ကိစ္စတွေပဲ ဖြစ်လာတယ်ပေါ့လေနော်။”

အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းခွင်လုံခြုံမှုဆိုင်ရာမူဝါဒပြဌာန်းတာမှာ LGBT တွေရဲ့ အရေးကိစ္စတွေထည့်သွင်းရေးဆွဲဖို့၊ လိင်ပြောင်းလဲထားတဲ့သူတွေ ကြုံရတဲ့ကျန်းမာရေးပြဿနာတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထည့်သွင်းစဉ်းစားဖို့၊ စာသင်ကျောင်းတွေမှာ ခွဲခြားမခံရအောင် ပညာရေးဝန်ကြီးဌာနက မူဝါဒတွေဖော်ဆောင်ဖု့ိ ဒီနေ့လုပ်တဲ့ LGBT ဖိုရမ်မှာ ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG