သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူစုံမက်သူတွေ တရားဝင်လက်ထပ်ခွင့်ပြုတဲ့ ဥပဒေကြမ်း ထိုင်ဝမ်လွှတ်တော် အတည်ပြု


ထိုင်ဝမ်မှာ လိင်တူချစ်သူတွေကို တရားဝင်လက်ထပ်ခွင့်ပြုလိုက်တဲ့ ဥပဒေအရ လက်ထပ်ဖို့ စီစဉ်နေကြတဲ့ Yang Hsun (ဝဲ) နဲ့ Hsu Pei-chieh
ထိုင်ဝမ်မှာ လိင်တူချစ်သူတွေကို တရားဝင်လက်ထပ်ခွင့်ပြုလိုက်တဲ့ ဥပဒေအရ လက်ထပ်ဖို့ စီစဉ်နေကြတဲ့ Yang Hsun (ဝဲ) နဲ့ Hsu Pei-chieh

လိင်တူစုံမက်သူတွေ တရားဝင် လက်ထပ်ခွင့်ပြုတဲ့ ဥပဒေကြမ်းကို ထိုင်ဝမ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ လိင်တူချစ်သူတွေကို တရားဝင်လက်ထပ်ခွင့်ပြုသလို လက်ထပ်ထားကြောင်း အစိုးရဌာနတွေမှာ တရားဝင်မှတ်ပုံတင်ခွင့်ပြုတဲ့ ဥပဒေကို လွှတ်တော်မှာ မဲအများစုနဲ့ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ထိုင်ဝမ်ဟာ လိင်တူလက်ထပ်သူတွေကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။ အမျိုးသမီး၊ အမျိုးသားစုံတွဲတွေနည်းတူ လက်ထပ်တဲ့ အခွင့်အရေးရဖို့ ဟိုးအရင် နှစ်နဲ့ချီထဲက စည်းရုံးလှုပ်ရှားလာကြတဲ့ LGBT လိင်တူချစ်သူတွေအတွက် အကြီးအကျယ် အနိုင်ရမှုလည်း ဖြစ်ပါတယ်။

လိင်တူလက်ထပ်မှုကို အပြည့်အဝ တရားဝင်အသိအမှတ်ပြုမယ့်အစား အကန့်အသတ်နဲ့လက်ခံဖို့ ဥပဒေကြမ်းကို Conservative တွေဖက်က အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

ဒီကနေ့ကျရောက်တဲ့ လိင်တူစုံမက်သူတွေအပေါ် မနှစ်မြို့မှုဆန့်ကျင်ရေး နိုင်ငံတကာနေ့မှာ ဥပဒေကြမ်းကို ထိုင်ဝမ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာမှာ မိုးတွေ အကြီးအကျယ်ရွာနေတဲ့ကြားထဲက LGBT အခွင့်အရေးလှုပ်ရှားသူ ထောင်နဲ့ချီ လွှတ်တော်အဆောက်အဦးအပြင်မှာ လာရောက် စုဝေးခဲ့ကြပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ဥပဒေမှာ ထိုင်ဝမ်နိုင်ငံသား လိင်တူစုံမက်သူအချင်းချင်း ဒါမှမဟုတ် လိင်တူချင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံခြားသားနဲ့မှ လက်ထပ်နိုင်မှာဖြစ်ပါတယ်။

ကလေးမွေးစားမယ်ဆိုလည်း လက်ထပ်သူ ၂ ယောက်ထဲက တယောက်နဲ့ သွေးသားတော်စပ်သူမျိုးကိုပဲ မွေးစားခွင့်ရှိပါတယ်။ မေလ ၂၄ ရက်နေ့ကစပြီး လိင်တူလက်ထပ်သူတွေ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်နိုင်ခွင့်ရှိသွားတဲ့အတွက် ဒါဟာသမိုင်းစာမျက်နှာသစ်ကို ဖွင့်နိုင်ခဲ့တာဖြစ်တယ်လို့ LGBT အခွင့်အရေး လှုပ်ရှားသူတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG