သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူစုံမက်သူ ကိုကျော်ဇင်ဝင်း သေဆုံးမှု တရားမျှတမှု ရရေး ရန်ကုန်မှာ ဆန္ဒပြ


ကိုကျော်ဇင်ဝင်း သေဆုံးမှု တရားမျှတမှု ရရေး ရန်ကုန်မှာ ဆန္ဒပြနေကြပုံ
ကိုကျော်ဇင်ဝင်း သေဆုံးမှု တရားမျှတမှု ရရေး ရန်ကုန်မှာ ဆန္ဒပြနေကြပုံ

အလုပ်ခွင်မှာ လိင်တူစုံမက်သူတွေကို မနှစ်မြို့သူတွေရဲ့ မတရား အနိုင်ကျင့်ခံရတာကြောင့်လို့ ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ Myanmar Imperial တက္ကသိုလ်က လိင်တူချစ်သူ ကိုကျော်ဇင်ဝင်း သေဆုံးခဲ့တဲ့ ကိစ္စကို တရားမျှတအောင် ဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့ လိင်တူချင်း စုံမက်သူတွေအရေး ထောက်ခံလှုပ်ရှားသူတွေက တောင်းဆိုဆန္ဒပြကြပါတယ်။ Myanmar Imperial တက္ကသိုလ် အနေနဲ့ ကိုကျော်ဇင်ဝင်းအတွင်း တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပြီး ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မကြုံရအောင် ဟန့်တားရလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ AFP ဆောင်းပါးကိုအခြေခံပြီး မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မကြာခင်ရက်ပိုင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ လိင်တူစုံမက်သူ ကိုကျော်ဇင်ဝင်းက သူ အလုပ်လုပ်ခဲ့တဲ့ Myanmar Imperial တက္ကသိုလ်မှာ လိင်တူစုံမက်သူတွေကို မကြိုက်နှစ်သက်သူတချို့က သူ့ကို မတရား အနိုင်ကျင့်တာကြောင့် နောက်ဆုံး မခံစားနိုင်တော့လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာကို အဆုံးမစီရင်ခင် သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ နောက်ဆုံး အသေးစိတ် ရေးသားခဲ့တာပါ။

ဒီရေးသားမှုကြောင့်ပဲ လူတွေအများအပြား စိတ်ဆိုး ဒေါသထွက်ခဲ့ကြပြီး ဒီလိုမတရားအနိုင်ကျင့်မှုတွေနဲ့ လိင်တူချင်း စုံမက်သူတွေကို ကာကွယ်ပေးနိုင်တဲ့ တရားဥပဒေတွေ ပြင်ဆင် ပြဌာန်းဖို့အထိပါ တောင်းဆိုတာတွေ ရှိလာခဲ့ပါတယ်။ ဒီကနေ့ Myanmar Imperial တက္ကသိုလ်ရှေ့မှာလည်း ကိုကျော်ဇင်ဝင်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် တရားမျှတအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသူ အများအပြား စုဝေးခဲ့ကြပါတယ်။ ဒီအတွက် Myanmar Imperial တက္ကသိုလ်မှာ တာဝန်ရှိတယ်လို့ ဆန္ဒပြသူ ကိုထက်ဇော်က ပြောပါတယ်။

“လူတယောက်ကတော့ အသက်တော့ ပေးလိုက်ရပြီပေါ့နော်… သူတို့ ဘာပြန်ပေးလို့ရမလဲ ဆိုရင်တော့ ကိုယ့်ဘက်ကနေပြီးတော့ တရားမျှတမှု တခုပေါ့နော်။ ဘယ်လိုလုပ်ပေးမလဲပေါ့။ ကျောင်းဘက်ကနေပြီးတော့။ အဲ့ဒီလိုမျိုး ဖြစ်စေချင်တယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း ကိုကျော်ဇင်ဝင်း ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။ ကိုကျော်ဇင်ဝင်းရဲ့ မိသားစုဝင်တွေကိုရော၊ တက္ကသိုလ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံ မေးမြန်းတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကော်မရှင်အနေနဲ့ကတော့ တရားဥပဒေပိုင်းအရ အရေးယူဆောင်ရွက်မှုတွေမှာတော့ ဆုံးဖြတ် ဝင်ပါနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာ မရှိပါဘူး။ ဒါ့အပြင် အခုလိုဖြစ်ရပ်မျိုးမှာ ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်တဲ့ ဥပဒေ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ အခုဖြစ်ရပ်က မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လာရင် ဖိနှိပ်မှုတွေနဲ့ အဟန့်အတားတွေ ကြီးကြီးမားမား ရှိနေသေးတယ်ဆိုတာကို မီးမောင်း ထိုးပြနေတဲ့အကြောင်း ဒီအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ခုလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြရလိမ့်မယ်လို့ Colors Rainbow အဖွဲ့ရဲ့ ပူးတွဲညွှန်ကြားရေးမှူး ကိုလှမြတ်ထွန်းက ပြောပါတယ်။

“ဒီအဖြစ်အပျက်က ဝမ်းသာစရာကောင်းတဲ့ ကိစ္စတော့ မရှိဘူး။ ဒါပေမဲ့ ဒီအထဲကမှ ကောင်းတဲ့ဘက်ကို ပြန်ပြီးတော့ယူဖို့တွေ၊ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီးတော့ နောက်ထပ် ဒီလိုမျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်မှုတွေ ဖြစ်လာအောင်လုပ်မလဲဆိုတဲ့ အကြောင်းအရာကို ကျနော်တို့တွေ ပြန်ပြီးတော့ ယူရမယ်။”

သေဆုံးသူ ကိုကျော်ဇင်ဝင်း အလုပ်လုပ်ခဲ့တဲ့ Myanmar Imperial တက္ကသိုလ်ကတော့ သူတို့တက္ကသိုလ်မှာ လိင်တူချင်စုံမက်သူတွေကို ခွဲခြားဆက်ဆံတာ၊ အနိုင်ကျင့်တာတွေကို လက်ခံတဲ့မူဝါဒ ချမထားဘူးလို့ ပြောပါတယ်။ အခုဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဝန်ထမ်း သုံးဦးကို တာဝန်ကနေ ဆိုင်းငံလိုက်ကြောင်းကိုလည်း ဗုဒ္ဓဟူးနေ့မှာ တက္ကသိုလ်က ထုတ်ပြန်ခဲ့ပါတယ်။ အခုဖြစ်ရပ်အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း Myanmar Imperial တက္ကသိုလ် အမှုဆောင်ညွှန်ကြားရေးမှူး မပို့ပို့ကြည် ကပြောပါတယ်။

“ဒီကိစ္စ တရားမျှတမှု ရှိအောင် ဆောင်ရွက်ဖို့ ကျမတို့ တက္ကသိုလ်က ဆောင်ရွက်နေပါတယ်။ Myanmar Imperial တက္ကသိုလ်မှာ ခွဲခြားဆက်ဆံမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့မှ သည်းခံခွင့်လွှတ်မှာ မဟုတ်ပါဘူး။” - လို့ မပို့ပို့ကြည် ကပြောသွားတာပါ။

ကိုကျော်ဇင်ဝင်းရဲ့ ဈာပန အခမ်းအနားကိုတော့ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့ပြီး လိင်တူချင်စုံမက်သူတွေအရေး ထောက်ခံအားပေးသူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ ဒီဈာပနအခမ်းအနားမှာလည်း လိင်တူချင်းစုံမက်သူတွေအရေး တက်ကြွလှုပ်ရှားသူတွေက - မြန်မာနိုင်ငံမှာ လိင်တူချင်း ချစ်သူ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အနိုင်ကျင့်မှုတွေ ပပျောက်အောင် ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG