သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးနဲ့ မူဆယ်မှာ မိုးများရေကြီး၊ အနည်းဆုံး ၁ ဦးသေ


လားရှိုးနဲ့ မူဆယ်မှာ မိုးများရေကြီးလို့ အနည်းဆုံး ၁ ဦးသေဆုံး (စက်တင်ဘာ ၁၄၊ ၂၀၂၃)
လားရှိုးနဲ့ မူဆယ်မှာ မိုးများရေကြီးလို့ အနည်းဆုံး ၁ ဦးသေဆုံး (စက်တင်ဘာ ၁၄၊ ၂၀၂၃)

ရှမ်းပြည်နယ် လားရှိုးနဲ့ မူဆယ်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်ရေကြီးမှုတွေ ကြုံနေရပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးများရေကြီးနိုင်ကြောင်း မိုးလေဝသဌာနကလည်း သတိပေးထားတာပါ။ ရှမ်းပြည်နယ်က ရေကြီးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်ပြောပြပေးပါမယ်။

မကြာသေးခင် ရက်တွေကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် လားရှိုးမြို့ပေါ်က လူနေရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုတွေ ကြုံနေရတာပါ။ မိုးများပြီးရေကြီးတာကြောင့် ဒီနေ့မှာပဲ လာရှိုးမြို့ ရပ်ကွက်(၅)မှာ အုတ်တံတိုင်းပြိုကျပြီး လူတဦး သေဆုံးသွားတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုသိန်းမင်းထွန်းက ပြောပါတယ်။

“ရေစီးမြောင်းတွေ ရှိတဲ့နေရာတွေရဲ့ အနီးတဝိုက် ပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေ ရပ်ကွက်တွေမှာ ရေကြီးတဲ့ ဒဏ်ကို ပိုပြီးမှ ခံရတယ်။ ချောင်းမြောင်းနဲ့ နီးတဲ့နေရာတွေမှာ အထည်ဆိုင်တွေ ဖွင့်ထားတဲ့အိမ်တွေ ရှိတယ်။ အဲ့ဒါဆိုရင်တော့ သူတို့ ရေဝင်သွားတာတွေရှိတယ်ပေါ့နော်။ အဲ့တော့ တချို့ကျတော့လည်း ရေလွတ်တဲ့နေရာကို ခေတ္တပြောင်းရွှေ့ရတာတွေ ဘာတွေရှိတယ်။ မနေ့ညက ရွာတဲ့မိုးကြောင့် ဒီမနက်အစောကြီးမှာ လေဖြတ်ထားတဲ့ လူတစ်ယောက်က အုတ်တံတိုင်းပိပြီးမှ ဆုံးပါးသွားတဲ့ ဖြစ်စဉ်ရှိတာပေါ့ လူသေဆုံးမှုကတော့ တခုရှိတယ်။”

မိုးများ ရေကြီးမှုကြောင့် သစ်ပင်ပြိုလဲတာ လမ်းပိုင်းပျက်စီးတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းလောက်အထိ ရေပြန်ကျသွားပေမယ့် တချို့ အနိမ့်ပိုင်းနေရာမှာ ရေဝပ်နေတုန်းလို့ ဆိုပါတယ်။ လာရှိုးမြို့မှာ မိုးများရင် ရုတ်တရက်ရေကြီးတဲ့ ဖြစ်စဉ်ရှိတာမို့ သတိထားနေထိုင်ရတဲ့ အကြောင်း ပြောဆိုပါတယ်။ အလာတူး မူဆယ်က တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံနေတယ်လို့ မူဆယ်မြို့ခံတဦးက ပြောပါတယ်။

“တိန်းလုံရွာလည်း ရေဝင်တယ်၊ နောက် ဟိုနားရပ်ကွက်အနိမ့်ပိုင်တွေလည်း ရေဝင်တယ်။ ချောင်းတွေက ပိတ်ဆို့ပြီးတော့ ချောင်းရေတွေလံျှတာပေါ့နော်။ ချောင်းတွေ လျှံတော့ အိမ်တွေထဲကို ဝင်တာ အနိမ့်ပိုင်အိမ်တွေထဲကို ဝင်တာပါ။ အဲ့ဒါရယ် နောက်တခါ ကျနော်တို့ ဒီလယ်ကွင်းတွေပေါ့နော်။ နောက်ရေထွက်တွေ လယ်ကွင်းတွေ အဲ့ဒါတွေ ထုတ်ပြီးတော့ အကွက်တွေ္ဂရိုက် အိမ်တွေဆောက် တိုက်တွေဆောက် ဂိုဒေါင်ကြီးဆောက်ဆိုတော့ အဲ့မှာတင် အရင်က ရေနေတဲ့နေရာတွေက ပျောက်ကုန်ပြီးတော့ အဲ့နားချောင်းရေ ပန်ခမ်းချောင်းရေလည်း လျှံပြီးတော့ပေါ့နော်။”

ရေစီးရေလာတဲ့ နေရာမရှိလို့ မိုးများလာရင် မြို့ ရွာထဲ ရေဝင်ရောက်ပြီး ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာလို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် လူအသေအပျောက် အထိအခိုက်မရှိပေမယ့် မြေပြိုမှုတွေနဲ့ လမ်းပျက်စီးမှုတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ မူဆယ်မြို့မှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း မိုးများရေကြီးမှုတွေ မကြာခဏ ကြုံနေရတယ်လို့လည်း မြို့ခံကပြောပါတယ်။

“မူဆယ်ကတော့ မိုးများတယ်ဗျ။ မိုးများတော့ ကျနော်တို့ ၈ လပိုင်း ရက် ၂၀ လောက်ကနေစပြီးတော့ ဒီအတွင်းဆိုတော့ တစ်လနီးပါးလောက်ရှိပြီးဗျ ရေက တက်လိုက်ကျလိုက်… တက်လိုက်ကျလိုက်ပါပဲ။ အဲ့ရေတက်တဲ့အတွက် ပျောက်ရွှေ့ရတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ခဏတပြုတ်တော့ ဝင်တော့ ပစ္စည်းတွေ ရွှေ့ရပြုရ အဲ့လိုပါပဲဗျ။”

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် စက်တင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အတွင်း မြန်မာပြည်အနှံ့ မိုးရွာသွန်းနိုင်တဲ့အကြောင်း လေကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးများတဲ့အရှိန်ကြောင့် မြေနိမ့်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်ပြီး တောင်ပေါ်ဒေသမှာ မြေပြိုတာမျိုးဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG