သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝှမ်း မိုးကြီးလေပြင်းနိုင်ဖွယ်ရှိ 


မြန်မာနိုင်ငံ ဆိုင်ရာ မိုးလေဝသအခြေအနေ (ဓာတ်ပုံ-မြန်မာ မိုးဇလ/ယခင်မှတ်တမ်းရုပ်ပုံ)
မြန်မာနိုင်ငံ ဆိုင်ရာ မိုးလေဝသအခြေအနေ (ဓာတ်ပုံ-မြန်မာ မိုးဇလ/ယခင်မှတ်တမ်းရုပ်ပုံ)

အိန္ဒိယဘက်ကိုဦးတည်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ လေစီးကြောင်းကြောင့် မြန်မာနိုင်ငံတဝန်း စက်တင်ဘာလအလယ်မှာ မိုးကြီးလေပြင်းတဲ့ဒဏ် ခံရနိုင် တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ မြေနိမ့်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်တာနဲ့ တောင်ပေါ်ဒေသမှာ မြေပြိုနိုင်တဲ့အန္တရာယ်တွေ ရှိလာနိုင်တာကိုလည်း သတိပေးထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် နန်းလောဝ်ကတင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် စက်တင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အတွင်း မြန်မာပြည်အနှံ့ မိုးရွာသွန်းနိုင်တယ်လို့ လေကြောင်းမိုးလေဝသဌာန၊ ဌာနမှူး ဦးဝေဖြိုးဟန်က ပြောပါတယ်။

"၁၃ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လို့ရှိရင် လမ်းကြောင်းကတော့ အိန္ဒိယဘက်ကို သွားမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ လေဖိအားနည်းရပ်ဝန်းရဲ့ လေစီးလမ်းကြောင်းက မြန်မာနိုင်ငံဘက်ကို သက်ရောက်နေတာကတော့ ထူးခြားတဲ့သက်ရောက်မှု ဆိုရမှာပေါ့။ အဲဒီ လေဖိအားနည်းရပ်ဝန်း ဖြစ်လာခဲ့တယ်ဆိုရင် မြန်မာ့ကမ်းရိုးတန်း ဒေသအားလုံးမှာ မိုးကြီးတာ၊ မိုးသက်လေပြင်းကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိုးကြီးနိုင်တဲ့ နေရာတွေကတော့ ၁၃ ရက်ကနေ ၁၇ ရက်နေ့အတွင်း မြန်မာပြည်အနှံ့ မိုးရွာနိုင်ပြီးတော့ နေရာကွက်ပြီး မိုးကြီးတာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့နော်။ ဒါ လေဖိအားနည်းရပ်ဝန်းကြောင့် အကျိုးသက်ရောက်မှု ဖြစ်နိုင်တာပေါ့။ အထူးသဖြင့်ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ အခုတပတ်အတွင်းမှာ မိုးများစွာ ရွာသွန်းပြီးတော့ ဒေသအလိုက် မိုးကြီးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။"

မိုးကြီးမယ့်အနေအထားက တပတ်အတွင်းမှာ မိုးရေချိန် ၁၀ လက်မအထက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မိုးများတဲ့အရှိန်ကြောင့် မြေနိမ့်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်ပြီး၊ တောင်ပေါ်ဒေသမှာ မြေပြိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒီအခြေအနေတွေကြောင့် မိုးများနိုင်တဲ့နေရာတွေက ရေစီးရေလာကောင်းအောင် လုပ်ထားဖို့နဲ့ စိုက်ပျိုးတောင်သူတွေ အနေနဲ့ကလည်း စိုက်ခင်းသီးနှံတွေ ပျက်စီးတာမရှိအောင် ကြိုတင်ဆောင်ရွက်ထားဖို့ လိုတယ်လို့ အကြုံပြုထားပါတယ်။

စက်တင်ဘာလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အတွင်း မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ မုတ္တမကွေ့တို့မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်လို့ ပင်လယ်ပြင်ခရီးသွားတွေနဲ့ ရေလုပ်သားတွေကိုလည်း သတိပေးထားပါတယ်။ အခု စက်တင်ဘာလထဲမှာ မြန်မာပြည် မြောက်ပိုင်းဒေသတွေကနေ မုတ်သုံလေ ဆုတ်ခွာသွားနိုင်တယ်လို့လည်း ဦးဝေဖြိုးဟန်က ပြောပါတယ်။

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်းမှာ မုတ်သုံလေ စတင်ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်။ မြန်မာတပြည်လုံး အနေနဲ့ကတော့ လာမယ့် အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ မြန်မာတနိုင်ငံလုံးကနေမှ မုတ်သုံလေ ဆုတ်ခွာသွားမယ်လို့တော့ ခန့်မှန်းတွက်ချက် ရရှိထားပါတယ်ဗျ။"

စက်တင်ဘာလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ကစပြီး မြန်မာပြည်အနှံ့ မိုးသည်းထန်မယ့် အခြေအနေမှာ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းမှာလည်း မိုးနဲ့အတူ လေပြင်းအန္တရာယ် ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ ဝါးခယ်မ၊ ကျုံမဝေး၊ ပျဉ်ရွာ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ လူခေါင်းကျွန်းနဲ့ ရွှေလောင်းတို့မှာ မိုးနဲ့အတူ လေပြင်းအန္တရာယ် ရှိနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့ကို အကြံပေးထားပါတယ်။ မကွေးတိုင်းမှာရှိတဲ့ အောင်လံ၊ သရက်၊ ပြရည်၊ ပြလို၊ ရေနံသာနဲ့ ကံမနဲ့ အနီးတဝိုက်ကိုလည်း သတိပေးထားပါတယ်။

XS
SM
MD
LG