သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်စီမံမှုအက်ဥပဒေ ရုပ်သိမ်းရေး ပြည်သူ့လွှတ်တော်အတည်ပြု


 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

အာဏာရှင်အစိုးရအဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာ လက်ကိုင် တုတ် တခုသဖွယ် အသုံးပြုခဲ့တဲ့ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်ဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်များကတော့ နိုင်ငံတော်လုံခြုံရေးကိုထောက်ပြပြီး ဒီဥပဒေကို မရုပ်သိမ်း ဖို့ တင်ပြခဲ့ တာတွေရှိပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့ လွှတ်တော်ကို ပြီးခဲ့တဲ့ ဒီလအစောပိုင်းကတင်သွင်းခဲ့တာ ပါ။ ဒီရုပ်သိမ်းတဲ့ ဥပဒေကြမ်းအပေါ်မှာ ဥပဒေကြမ်းကော်မတီဝင်အများစုကတော့ရုပ်သိမ်းဖို့ သဘော တူပေမယ့် အချို့သော ဥပဒေကြမ်းကော်မတီဝင် တွေကတော့ ဥပဒေတစ်ခုလုံးကို မရုပ်သိမ်းသင့်ကြောင်း သဘောထားပေးခဲ့သူတွေရှိခဲ့ပါတယ်။ တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီ အမတ်များကတော့ နိုင်ငံတော်လုံခြုံရေးလိုအပ်ချက်ကို ထောက်ပြပြီး၊ ဒီဥပဒေကို မရုပ်သိမ်းဖို့နဲ့ ဥပဒေတခုလုံးကို ပယ်မယ့်အစား ခေတ်နဲ့အညီပြင်ဆင်ဖို့ တင်ပြခဲ့တာတွေရှိခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကို ရုပ်သိမ်းဖို့ ဆွေးနွေးတာမှာ တပ်မတော်သားကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှုးကြီး အောင်မြင့် ကတော့ ဒီဥပဒေကို စိတ်ခံစားမှုသက် သက်နဲ့ ရုပ်သိမ်းဖို့ မလုပ်သင့်ဘဲ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် လုပ်ဆောင်ပေးနေသူတွေအတွက် ဒီဥပဒေဟာရှိနေသင့်တယ်လို့ ခုလိုပြောဆိုခဲ့ပါ တယ်။

“နိုင်ငံတော်အတွင်း အကြမ်းဖက်မှုပြုလုပ်ရန် ကြိုတင်ကြံရွယ်ချက်များနှင့် ဥပဒေမဲ့ပြုလုပ်မှုများကို ကြိုတင်တားဆီးနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ လုံခြုံမှုကို အပြည့်အ၀ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံမှုရှိစေဖို့လည်း တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေဖို့ ပြဌာန်းထားတဲ့ အရေးပေါ်စီမံမူအက်ဥပဒေဟာ လက်ရှိအခြေအနေမှာလည်း ကျင့်သုံးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နောင်တွင်လည်း ဆက်လက်တည်ရှိနေရမယ့် ဥပဒေတရပ်ဖြစ်ကြောင်းဆွေးနွေးတင်ပြလိုပါတယ်။ ဒီ ဥပဒေကို ရုပ်သိမ်းခဲ့မယ်ဆိုလျှင် အကြမ်းဖက်မှုဖြစ်စဉ်များကို ဖန်တီးပြီး ပြည်သူလူထူအပေါ်ခြိမ်းခြောက်အန္တရာယ်ပြုရန် ကြံရွယ်နေသူများကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် ဥပဒေမရှိတော့ဘဲ အဲဒီအားနည်းချက်အပေါ်အခွင့်ကောင်းယူပြီး ဥပဒေမဲ့ ကျူးလွန်မှုများ စဉ်ဆက်မပျက် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်က တစ်ကြိမ် အဲဒီဥပဒေကို ရုပ်သိမ်းဖို့ အဆို တင် သွင်းခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ဒီဥပဒေ ရုပ်သိမ်းလိုက်တဲ့အတွက် နိုင်ငံတော်လုံခြုံရေးပိုင်း ပေါ်မှာဘာအားနည်းချက်မှရှိလာမှာမဟုတ်ဘူးလို့ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ခုလိုတင်ပြခဲ့ပါတယ်။

“အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းလိုက်ပါကလည်း ပြစ်မှုကျူးလွန်သူများကို မျှတသော ဥပဒေပြဌာန်းချက်များပါသည့် တခြားဥပဒေများဖြင့် အရေးယူနိုင်သည်ဖြစ်ပါတယ်။ နိုင်ငံတွင် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါကလည်း မည်သို့မည်ပုံ စီမံဆောင်ရွက်ရမည်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ တွင် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွင် အသေးစိတ်တိကျစွာ ပြဌာန်းထားပြီး ဖြစ်ပါသည်။” ­

ဒီဥပဒေကို ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ရုပ်သိမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းညွှန့်ကတော့ ရုပ်သိမ်းနိုင်လိုက်တဲ့ အပေါ် ခုလိုပြောပါတယ်။

“ပုဒ်မ ၅(ည) ဆိုတာက နိုင်ငံရေးအကျဉ်းသမားတွေကို လိုသလိုအဓိပ္ပါယ်ဖွင့်ပြီးတော့ ဖမ်းတဲ့ပုဒ်မဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်လိုက်ခဲ့တဲ့ နိုင်ငံရေးအမှုတွေမှာ ၅(ည)နဲ့ ဖမ်းတာကြုံတွေ့ရသလို၊ ၅ (စ) နဲ့ ဟံသာဝတီ ဦးဝင်းတင်ကို ထောင်ထဲမှာ နောက်တိုးပေးလိုက်တဲ့ ပြစ်ဒဏ်ဆိုရင် ဘာမှန်းကို မသိတဲ့ ပုဒ်မတွေဒါက အင်မတန်ယေဘုယျဆန်တဲ့ ဖွင့်ဆိုထားတဲ့ ပုဒ်မပေါ့။ အရေးပေါ်ကာလ ဥပဒေကို ရုပ်သိမ်းပေမယ့် ဒီနေ့ နိုင်ငံတော်ပုန်ကန်မှုတို့ ၊ လက်နက်ပုဒ်မတို့ ၊ လွဲမှားစွာသတင်းရေးသားမှုတို့ကို အရေးယူနိုင်တဲ့ ဥပဒေပြဌာန်းချက်တွေက ရာဇသတ်ကြီးမှာလည်းရှိတယ်။ ဒါကြောင့် ဥပဒေတွေ မထပ်အောင် ၁၉၅၄ အရေးပေါ်စီမံမှု ဥပဒေကို အရင်ဆုံး ကျနော်ရုပ်သိမ်းဖို့ အဆိုတင်တယ်။”

အရေးပေါ်စီမံချက် အက်ဥပဒေကို ရုပ်သိမ်းဖို့ တင်သွင်းတဲ့ အခု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရဦးမှာပါ။ အဲဒီဥပဒေဟာ အရင်အစိုးရအဆက်ဆက်က နိုင်ငံရေးသမားတွေ တက်ကြွ လှုပ်ရှားသူတွေကို အများဆုံးဖမ်းဆီး အရေးယူတဲ့ ပုဒ်မ ၅(ည) အဖြစ် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ အစိုးရက သူဟာသူ အကာအကွယ်ယူပြီး အများပြည်သူကို ဒုက္ခပေးနိုင်တဲ့ ဥပဒေတွေဖြစ်တယ်လို့ နိုင်ငံရေးသမားတွေ တက်ကြွ လှုပ်ရှားသူတွေ က ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG