သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လဒုက္ခသည်စခန်း မူးယစ်ဆေးမှုနဲ့ လူ ၄ ဦးကို ထိုင်းရဲ ဖမ်းဆီး


ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်းတွင်းကို ဝင်ရောက်ရှာဖွေ စစ်ဆေးနေပုံ
ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်းတွင်းကို ဝင်ရောက်ရှာဖွေ စစ်ဆေးနေပုံ

ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်း အတွင်းကို ထိုင်းနယ်ခြားစောင့်တပ် နဲ့ ထိုင်းအာဏာပိုင်များက ဧပြီလ ၂၃ရက်နေ့ မနက် အစောကြီးမှာ ဝင်ရောက်စစ်ဆေးပြီးတဲ့နောက ်ဒုက္ခသည်စခန်းတွင်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေသူ လူ ၄ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ကရင်ဒုက္ခသည်ကော်မတီက ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင် ထဆောင်ရန်မြို့နယ် အတွင်းက မယ်လ ဒုက္ခသည်စခန်း က နေရာ (၅) နေရာ ကို ဧပြီလ ၂၃ရက်နေ့ မနက်အစောပိုင်းမှာပဲ ထိုင်းနယ်ခြားစောင့်တပ် အမှတ် ၃၅- အမှတ် ၃၅၀၃- အမှတ်၃၅၀၈ တပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေ မူလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ၄ ဦးကို ဖမ်းဆီးခဲ့တာပါ ။

ကရင်ဒုက္ခသည်ကော်မတီရဲ့ဥက္ကဌ ဦးရောဘတ်ထွေးကတော့ အခုလိုပြောသွားပါတယ်။
“သူတို့ ပုလိပ်ကဝင်လာပြီး အိမ်မှာသွားရှာတယ် နောက်သူတို့က လူ၄ယောက်ကို ဖမ်းသွားတယ်။ မူးယစ်ဆေးဝါးပါတော့ အဲဒီ ပုလိပ်က ဖမ်းသွားတယ်။”

ဝင်ရောက်စစ်ဆေးမှုတွေအတွင်း မူးယစ်ဆေးတွေနဲ့ ပတ်သက်နေတဲ့ ဒုက္ခသည်တွေ နေထိုင်ရာ ရပ်ကွက်တွေကို အဓိက ဝင်ရောက်ရှာဖွေခဲ့ကြပြီး ဆီးစစ်မှု တွေပြုလုပ်ခဲ့ရာမှာ အမျိုးသားလေးဦးဟာ စိတ်ကြွဆေးတွေ သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိရကြောင်း ၊ ဆီးစစ်ချက်အရ မူးယစ်ဆေးသုံးစွဲနေတာ တွေ့ရတဲ့ စလွန်း-ကဒိုလာ-အလီစိုင်နဲ့ ဘာဆာရီစတဲ့ အမည်ရှိတဲ့ လူ၄ဦးကို ထဆောင်ရန် မြို့ ဆေးရုံကို ပို့ဆောင်ပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ် ။

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူတွေ ထဲက ရာဇဝတ်မှုတွေနဲ့ ပတ်သက်မူတွေ မူးယစ်ဆေး ဝါးရောင်းဝယ်မှုတွေမှာ ပါဝင် ဆက်နွယ်နေမူတွေကို ကာကွယ်တားဆီးနိုင်ဖို့ ဖြစ်တယ်လို့ ထဆောင်ရန် အုပ်ချုပ်ရေးမှူး နိုင်ပရာထစ် ပိုထရင် က ပြောဆိုသွားပါတယ်။

ဒုက္ခသည်စခန်းထဲကို ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ အနံ့ခံခွေးတွေပါ သုံးပြီး ဝင်ရောက် ရှာဖွေခဲ့တာဖြစ်ပါတယ်။ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ခုရှိ ပြီး မယ်လဒုက္ခသည်စခန်း မှာတော့ ဒုက္ခသည် ၄သောင်းကျော်လောက် ခိုလုံနေထိုင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG