သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက် မြန်မာအလုပ်သမားတချို့ လုပ်ခတိုး


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲ အရပ်မှာရှိတဲ့ စက်ရုံတခုက အလုပ်သမားတွေ လုပ်အားခ နဲနေတဲ့အတွက် တောင်းဆို ဆန္ဒပြကြတာကို လစာ တိုးမြင့် ပေးလိုက်ပါတယ်။ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက လုပ်အားခ နစ်နာမှုအတွက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ ကျော်ကို မဲဆောက်က အလုပ်သမား ကာကွယ်ရေး ရုံးတရုံးက တနေ့လုပ်အားခ ဘတ် ၂၂၆ ဘတ် ပေးဖို့အတွက် ဆုံးဖြတ် ပေးလိုက်တာကြောင့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဝင်ကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့လက စပြီး ဆန္ဒပြ တောင်းဆိုခဲ့တဲ့ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆာဝါရီကန်လို့ ခေါ်တဲ့ အလုပ်သမား ကာကွယ်ရေးရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ အတွက် တနေ့လုပ်အားခ ၇၅ ဘတ်ကနေ ၂၂၆ ဘတ်အထိ ရရှိသွားပြီဖြစ်လို့ လာမယ့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဆင်းတော့မှာပါ။ အလုပ်သမား တဦး ပြောပြတာကတော့ -

"ဆဝါရီကန်ရုံးက ပထမ တချက်၊ နှစ်ချက်လောက်ကို ညှိပေးတယ်။ ပြေလည်ရာ ပြေလည်ကြောင်း သူတို့ ညှိပေးတယ်။ ဒါပေမယ့် အလုပ်ရှင်ဖက်က လိုက်လျော မပေးဘူး။ အဲဒါကြောင့် ဆဝါရီကန်ရုံးက ၅ ရက်နေ့ကျလို့ရှိရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိလို့ မပြေလည်လို့ ရှိရင် သူတို့ရုံးကပဲ ဆုံးဖြတ်ချက် ချတော့မယ် ဆိုပြီး သူတို့အနေနဲ့ အဲဒီလို ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အလုပ်သမားတွေနဲ့ ကဲ အလုပ်ရှင်ကိုလည်း ကျနော်တို့ အောက်ကျို့ မခံတော့ဘူး။ ဆဝါရီကန်ရုံးရဲ့ ဆုံးဖြတ်ချက်ကိုပဲ
ကျနော်တို့ ယူတော့မယ် ဆိုပြီးတော့ အဲဒီလို အကုန်လုံး သဘောတူ စာချုပ် လက်မှတ်ထိုးတယ်။ ဆဝါရီကန် ရုံးကတော့ ၂၂၆ ဘတ်နဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်။ လောလောဆယ် စက်ရုံက ထမင်း မပေးဘူး၊ အဆောင်လည်း မပေဘူး။ သူတို့အနေနဲ့ ပြီးခဲ့တဲ့လကလည်း လစာ ကျနော်တို့အနေနဲ့ နှစ်ထောင်လောက်ပဲ ရတယ်။ အဲဒါအတွက်ကိုလည်း သူတို့အနေနဲ့ ၁၆ ရက်နေ့မှ ထုတ်ပေးတယ်။ လစာကလည်း မကျန်တဲ့အတွက် အခု လောလောဆယ်တော့ ကျနော်တို့တွေ နဲနဲတော့ အခက်အခဲတော့ ဖြစ်တာပေါ့လေ။ အဆောင်တွေဘာတွေ ငှားတာတို့၊ ထမင်းလည်း ကိုယ့်ဟာကို ချက်စားရမှာတို့ နဲနဲတော့ အခက်အခဲတော့ ကြုံတွေ့ရတာပေါ့။ ကျနော်တို့ ၉ ရက်နေ့မှာ အလုပ်ဆင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။"


အလုပ်သမားတွေ စတင် ဆန္ဒပြတဲ့ အချိန်တုန်းကတော့ အလုပ်သမား အားလုံးဟာ တနေ့ကို လုပ်အားခ ၁၅၅ ဘတ်လောက်အထိပဲ ရဖို့အတွက် တောင်းဆိုခဲ့တာပါ။ အလုပ်ရှင်က လိုက်လျောမှု မပြုတဲ့အတွက် နောက်ပိုင်းမှာတော့ အလုပ်သမားတွေက အလုပ်သမား ကာကွယ်ရေးရုံးရဲ့ အဆုံးအဖြတ်ကို ခံယူတော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

အလုပ်သမား ကာကွယ်ရေး ရုံးကတော့ အရင်တုန်းကတော့ အခုလိုမျိုး ဆုံးဖြတ်ပေးခဲ့တာတွေ သိပ်မရှိခဲ့ပါဘူး။ အခုအခါမှာတော့ အလုပ်သမားရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့တွေကိုပါ တွေ့ဆုံပြီး အလုပ်သမားရေး ကိစ္စတွေကို ဆွေးနွေးမှုတွေ လုပ်လာတဲ့အကြောင်း ရောင်ခြည်ဦး
အလုပ်သမားအဖွဲ့က ဥပဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်ကလည်း အခုလို ပြောပြပါတယ်။

"ဆန္ဒပြတဲ့အလုပ်သမားတွေ ဥပဒေအတိုင်း ကိုယ်စားလှယ် ရွေးတယ်။ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေ ရွေးရမယ်။ အဓိက ကိုယ်စားလှယ်တွေမှာလည်း ပြောရဲ ဆိုရဲ ရှိရမယ်။ အဲဒီလိုမျိုးပေါ့၊ အလုပ်သမား ကိုယ်စားလှယ် ရွေးတဲ့နေရာတွေ အဓိကထားပြီး ဆွေးနွေး သွားတယ်။
နောက် ရှေ့ဆက်ပြီးတော့ သူတို့အနေနဲ့ ဘာလုပ်သင့်သလဲ ဆိုတာ တယောက်နဲ့ တယောက် ချိတ်ဆက်ပြီးတော့ အဆက်အသွယ်တွေ လုပ်ဖို့၊ အဲဒါတွေ အဓိက ပြောသွားတာပါ။"


ထိုင်းမြန်မာနယ်စပ် တပ်ခ် (Tak) ခရိုင်ထဲမှာ အလုပ်သမား အင်အား နှစ်သိန်းကျော်ရှိပြီး အလုပ်သမားတွေဟာ များသောအားဖြင့် အလုပ်လုပ်ခွင့် လက်မှတ်တွေ ကိုင်ဆောင်ထားနိုင်ခြင်း မရှိကြပါဘူး။ အခုလိုမျိုး ထိုင်းဥပဒေပါ အခွင့်အရေးအရ တနေ့လုပ်အားခ ၂၂၆ ဘတ် ရရှိတဲ့ အခွင့်အရေးကို ရရှိဖို့အတွက် တောင်းဆိုတာမျိုးတွေကို မဲဆောက်မြို့က အလုပ်သမားတွေကြားမှာ ရှိခဲ့ပေမယ့် အလုပ်ရှင်က လိုက်လျောပေးတာမျိုးတွေက မရှိသလောက် နဲပါးပါတယ်။

အလုပ်ရှင်တွေအနေနဲ့ လုပ်အားခ ဈေးပေါပေါရတဲ့၊ လက်မှတ်မရှိတဲ့ မြန်မာ အလုပ်သမားတွေကိုသာ အသုံးပြုကြတာ များပါတယ်။

မကြာသေးခင်ကပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်စဉ်မှာ မြန်မာ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးအတိုင်း ရရှိ ခံစားစေဖို့အတွက် ထိုင်းအစိုးရက တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ အခု မဲဆောက်မြို့က ဆန္ဒပြတဲ့ စက်ရုံကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီးတဲ့နောက် ဥပဒေပါ အခွင့်အရေးကို ရရှိတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

စက်ရုံမှာ အလုပ်သမားအင်အား ၄၀၀ လောက် ရှိပြီး ဆန္ဒပြခဲ့တဲ့ လူ ၂၀၀ ကျော်ကတော့ ထိုင်းအစိုးရဆီမှာ အလုပ်လုပ်ခွင့် မှတ်ပုံ တင်ထားသူတွေ ဖြစ်တာကြောင့် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပေမယ့် ကျန်တဲ့ အလုပ်သမား ၂၀၀ ခန့်ကတော့ ဆန္ဒပြ တောင်းဆိုမှုမှာ ပါဝင်မှု မရှိတာရယ်၊ အလုပ်လုပ်ခွင့် လက်မှတ်တွေ မရှိတာရယ်ကြောင့် အခုလိုမျိုး ဥပဒေပါ အခွင့်အရေးတွေ ရရှိဦးမှာ မဟုတ်သေးပါဘူး။

ကျန်နေသေးတဲ့ အလုပ်သမားတွေ အနေနဲ့ အရင်အတိုင်းပဲ တနေ့ လုပ်အားခ ၇၅ ဘတ်လောက်ပဲ ရရှိနေဦးမှာ ဖြစ်ပြီး သူတို့ကိုတော့ စက်ရုံအတွင်းမှာ နေထိုင်ခွင့်နဲ့ တနေ့ကို ဟင်းမပါတဲ့ ထမင်း ၂ နပ်ကို ခံစားခွင့် ပေးထားကာ အခု ၂၂၆ ဘတ် ရရှိတဲ့ အလုပ်သမားတွေကတော့ စက်ရုံက ဘာတာဝန်မှ မယူတော့ပဲ အပြင်မှာ နေထိုင်ရမှာ ဖြစ်ပြီး စက်ရုံကို အချိန်မှန် အလုပ် လာဆင်းရတော့မှာ ဖြစ်ပါတယ်။

ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေကတော့ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးက ဆုံးဖြတ်ပေးမှုကတော့ ပိုပြီးတော့ အဆင်ပြေမှုရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG