သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟတ္တမဂန္ဒီ နှစ်၁၅၀ပြည့်အမှတ်တရ ရန်ကုန်မှာကျင်းပ


မဟတ္တမဂန္ဒီ နှစ်၁၅၀ ပြည့်အမှတ်တရ ရန်ကုန်မှာ ကျင်းပ (Embassy of India, Yangon)

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုသမိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မဟတ္တမဂန္ဒီရဲ့ အတွေးအခေါ်အယူအဆတွေ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့တယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက မနေ့က ရန်ကုန်မြို့ ရှန်ဂရီလာဟော်တယ်မှာ ကျင်းပတဲ့ မဟတ္တမဂန္ဒ္ဓီရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကတော့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ပုံစံအမျိုးမျိုးနဲ့ ရှိနေဆဲဖြစ်တဲ့ ဒီနေ့ကမ္ဘာမှာ ဂန္ဓီရဲ့ အတွေးအခေါ်အယူအဆနဲ့ လွတ်မြောက်ရေးကြိုးပမ်းမှုအတွက် အမှာစကားတွေက ခေတ်နဲ့ ကိုက်ညီနေဆဲပဲလို့ ဆိုပါတယ်။အခမ်းအနား အကြောင်း ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

မဟတ္တမဂန္ဒီရဲ့ မွေးနေ့ မတိုင်ခင် သတင်းပတ်တွေကတည်းက ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ မေတ္တာတရားနဲ့ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုဆိုင်ရာ သူပြောခဲ့ဘူးတဲ့ အမှတ်တရစကားတချို့ကို မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယ သံရုံးက လူမှုကွန်ယက်တွေကတဆင့် အမှတ်တရ ဖြန့်ဝေထားပါတယ်။ တရားမျှတမှုမရှိတဲ့ ဥပဒေဟာ သူကိုယ်တိုင်က အကြမ်းဖက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတဲ့ စကားမျိုးတွေပါ။ မဟတ္တမဂန္ဒီ ပြောခဲ့တဲ့ စကားတွေဟ ဒီနေ့ခေတ်သစ် သမိုင်းကို ထင်ဟတ်နေဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Vikram Misri က အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

"မဟတ္တမဂန္ဓီပြောကြားခဲ့တဲ့ စကားတွေဟာ ဒီနေ့ခေတ်မှာ ကျိုးကြောင်းဆီလျှော်မှု ရှိပါသေးရဲ့လားလို့ မကြာသေးခင်က ဆွေးနွေးပွဲတချို့မှာ ကျနော် အမေးခံခဲ့ရပါတယ်။ ဒီအမေးကို ရိုးရိုးရှင်းရှင်းဖြေရမယ်ဆိုရင်၊ လူသားသမိုင်းမှာ အကြီးမြတ် ဆုံးဖြစ်နိုင်ခြေရှိတဲ့ အကြမ်းမဖက်တော်လှန်ရေးကြီးကို သူပြောခဲ့စကားတွေက ဘယ်လို ဦးဆောင်ခဲ့သလဲ ဆိုတာ ကြည့်စေချင်ပါတယ်။ သူက ကိုလိုနီစနစ်ကို ဆန့်ကျင်တယ်။ ခွဲခြားနှိမ့်ချမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ အကြမ်းဖက်မှု၊ တရားမမျှတမှု၊ တဦးနဲ့တဦး မညီမျှမှုတွေကို ဆန့်ကျင်ခဲ့သူပါ။ ဒီလို မကောင်းတဲ့ခွဲခြားမှုတွေဟာ ဒီနေ့ကမ္ဘာနေရာတချို့မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေဆဲဖြစ်ပါတယ်။ ဂန္ဓီရဲ့ အမှာစကားတွေ ဒီနေ့ ခေတ်နဲ့ မကိုက်ညီတော့ဘူးလို့ ဘယ်လိုပြောလို့ရနိုင်မလဲဆိုပြီး ကျနော် ပြန်မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီပြသနာတွေအပြင် မဟတ္တမဂန္ဓီ တခါက ပြောခဲ့ဘူးတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလို၊ ရေရှည်ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ ဖွံ့ဖြိုးမှုကိစ္စတွေလို အရေးကိစ္စတွေကိုလည်း ဒီနေ့ကမ္ဘာမှာ ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။"

မဟတ္တမဂန္ဓီရဲ့ အကြမ်းမဖက်တဲ့ နှလုံးရေတိုက်ပွဲနဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းတွေကို သီတဂူဆရာတော် အရှင်ဉာဏိဿရကလည်း ဟောကြားပါတယ်။ Yangon Heritage Trust ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလ အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီနဲ့ ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်ဆံခဲ့တဲ့ သမိုင်းတွေကို အဓိက ပြောဆိုသွားတာပါ။

"ခေတ်သစ် မြန်မာနိုင်ငံရေး သမိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာ က ပေါ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှု အရိပ်အောက်မှာ ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ မဟတ္တမဂန္ဓီက အကြမ်းမဖက်လှုပ်ရှားမှုနဲ့ တိုက်ပွဲဝင်ဖို့ ဆော်သြခဲ့ပါတယ်။ ဒီ အကြမ်းမဖက်တဲ့ နည်းနာဟာ ပြောသမျှကို ငုံ့ခံပြီး ဘာမှ မတုန့်ပြန်တာမျိုး မဟုတ်ပါဘူး။ သပိတ်မှောက်တာတွေ။ အထွေထွေသပိတ် စတာမျိုးတွေနဲ့ တိုက်ပွဲဝင်တဲ့ နည်းနာ သစ်တခုဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဦးချစ်လှိုင်တို့၊ ဆရာတော်ဦး ဥတ္တမတို့လို နိုင်ငံအ၀ှမ်း ထင်ရှားလာတဲ့ ခေါင်းဆောင်တွေအပေါ်မှာ နက်နက်ရှိုင်းရှိုင်း သြဇာလွှမ်မိုးခဲ့ပါတယ်။"

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပေါင်းစပ်ပြီး ရယူခဲ့ရတာဖြစ်ပါတယ်။ ၁၉၄၁၊ ၄၂ ဂျပန်တပ်တွေ ကျုးကျော်တိုက်ခိုက်မှုတွေရင်ဆိုင်ခဲ့ရပြီးတဲ့နောက် လွတ်မြောက်ရေးအတွက် တိုက်ပွဲပုံသဏ္ဍာန် ကွာခြားမှုတွေရှိခဲ့တာကို ဒေါက်တာ သန့်မြင့်ဦးက ရှင်းပြပါတယ်။

"မြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်တွေဟာ အကြမ်းမဖက်တဲ့နည်းနာတွေအတိုင်း လိုက်နာကျင့်ကြံခဲတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဖြစ်လာတဲ့ ထူးခြားတဲ့ အခြေတနေတရပ်ကို ဂန္ဓီကိုယ်တိုင် နားလည်လက်ခံခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အချိန်၊ ၀မ်းနည်းတဲ့ အထိမ်းအမှတ် အထူး ၀တ်ပြုဆုတောင်းပွဲတရပ် သူကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဂန္ဓီ မကွယ်လွန်ခင်၊ လုပ်ကြံမခံရခင် ခြောက်လ အလိုမှာ ဖြစ်ပါတယ်။"

မဟတ္တမဂန္ဓီဟာ လွတ်မြောက်ရေး တိုက်ပွဲဝင်သူ၊ အတွေးအခေါ်ပညာရှင်၊ ဘာသာပေါင်းစုံ ယုံကြည်မှုကို လက်ခံသူ၊ လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲသူ ဖြစ်တယ်လို့ ဒေါက်တာသန့်မြင့်ဦးက ဆိုပါတယ်။ ဒါအပြင် လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်နိုင်သလို၊ ပြည်သူတွေရဲ့ အထွေထွေ မကြေနပ်ချက်တွေကို အချိန်မရွေး ကြားနာတဲ့ ပွင့်လင်းထင်သာတဲ့ ခေါင်းဆောင်တွေထဲမှာ နမူနာထားရမယ့်သူလို့ သူက သုံးသပ်ပြောဆိုသွားတာပါ။ ဂန္ဓီဟာ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံကို မတူညီတဲ့ နောက်ခံသမိုင်းနဲ့ လူမျိုးစုံနေထိုင်ရာ နေရာတခုအဖြစ် မြင်တွေ့ချင်ခဲ့သူပါ။

တချိန်တည်းမှာ သဘာ၀၀န်းကျင်ကို တန်ဖိုးထား ထိန်းသိမ်းဖို့ ဆော်သြခဲ့သူတယောက်လို့လည်း ပြောနိုင်ပါတယ်။ ဒီနေ့ကမ္ဘာဟာ လူသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လုံလောက်ပေမဲ့၊ လူသားတွေရဲ့ လောဘကို ဖြည့်ဆည်းဖို့တော့ မဖြစ်နိုင်ဘူးဆိုပြီး မဟတ္တမဂန္ဓီ ပြောဆိုခဲ့ဘူးတာကို ဒေါက်တာသန့်မြင့်ဦးက ကိုးကားပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

မြန်မာပြည်က ဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ
please wait

No media source currently available

0:00 0:04:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG