မလေးရှား နိုင်ငံတဝန်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်ဆီးမှုအတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့ကနေစလို့ သုံးရက်တာ အတွင်း အထောက်အထားမဲ့ မြန်မာ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
မလေးရှား နိုင်ငံ မြို့တော် ကွာလာလမ်ပူ အပါအဝင် ပြည်နယ်စုံမှာ ဒီရက်ပိုင်း အတွင်း အထောက်အထားမဲ့ မြန်မာ ရာနဲ့ချီ ဖမ်းခံရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ စလို့ ၃ ရက်တာ အတွင်း မြန်မာ ၂၀၀ လောက် မလေးရှားရဲ့ ပြည်နယ်စုံမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတယ်လို့ မြန်မာ့ အရေး လှုပ်ရှားသူ ဦးစိုးထက်သိမ်းက ပြောပါတယ်။
“ကွာလာလမ်ပူ၊ ဘူးကစ်ဘင်တန်း၊ ရှားအလန်း၊ ဆလန်းကော ပြည်နယ်၊ မလကာတို့ ၊ ဂျိုဟိုး ပီနန်တို့ နေရာ အစုံမှာ နေ့တိုင်းပဲ။ အတော်ထူးခြားတာတော့ မဟုတ်ဘူး။ ဂျလန်အာလောဆိုတဲ့ နေရာမှာပေါ့။ အဲဒီနေရာက ဝင်ဖမ်းနေကျတော့ မဟုတ်ဘူး။ ဂျလန်အာလော ဆိုတဲ့ နေရာမှာတော့ နိုင်ငံခြားသား ပေါင်းစုံက မလေးရှားကို လာရင် လည်ပတ်နေတဲ့ နေရာပါ။ လျှောက်လည်တဲ့နေရာ။ ဈေးတန်းကြီးကို ပိတ်ပြီး ဖမ်းတာကို ကြုံရတယ်။ မြန်မာနိုင်ငံသား အားလုံးပေါင်း ၆၀ လောက် ပါသွားတယ်။ လမ်းထဲမှာ စားသောက်ဆိုင်မှာ အယောက် ၆၀ လောက် ပါသွားတယ်။ သုံးရက်၊ လေးရက် ပေါင်းရင်တော့ မြန်မာ အယောက် ၂၀၀ ကျော်လောက်တော့ ပါသွားတယ်။ ”
အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ မလေးရှား အစိုးရ အနေနဲ့ မြန်မာ ပြည်သားတွေကို ကာကွယ်စောင့်ရှောက်မှု၊ သက်ညှာမှု ပေးဖို့ တောင်းဆိုလိုတယ်လို့လည်း သူက ပြောပါတယ်။
“ အာဆီယံ ဥက္ကဌ အနေနဲ့ တာဝန်ယူတဲ့ အနေအထားမှာ မြန်မာ့ အရေးကို ကွင်းလုံးကျွတ် ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ထားပါဘူး။ သူတို့ကိုယ်တိုင်လည်း မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ မြန်မာတွေ အပေါ်မှာ၊ မလေးရှားကို ထွက်ပြေးလာကြတဲ့ မြန်မာတွေ အပေါ်မှာ သူတို့ အနေနဲ့ အသက်ဘေး အန္တရာယ်က ထွက်ပြေးလာရတဲ့ မြန်မာတွေပါလားဆိုတဲ့ စိတ်ကလေးနဲ့ ကာကွယ်စောင့်ရှောက်မှု၊ သက်ညှာမှု အနည်းငယ် ပေးဖို့ အတွက် မေတ္တာ ရပ်ခံချင်ပါတယ်။ ”
ဇန်နဝါရီလ ၁၅ ရက် နေ့ကနေ ၁၈ နေ့ အတွင်း မလေးရှား နိုင်ငံ ပါဟန်း ပြည်နယ်နဲ့ ဂျိုဟိုး ပြည်နယ်တွေမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ဂျလန် အာလော အော်ပရာစီ ဖမ်းဆီးမှုမှာတော့ မြန်မာနိုင်ငံသား ၆၀၊ ဘင်္ဂလားဒေရှ့် နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ၂၄ ဦး၊ နီပေါ နိုင်ငံသား ၁၆ ဦး၊ ပါကစ္စတန် နိုင်ငံသား ၃ ဦး၊ အီဂျစ် နိုင်ငံသား ၁ ဦး၊ ဆူဒန်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးကလည်း သတင်းထုတ်ပြန်ပါတယ်။
Forum