မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ကာလမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေး လူသားချင်းစာနာမှု အကြပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် အလေးပေးဆောင်ရွက်သွားမယ့်အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် Datuk Seri Amran Mohamed Zin က ဒီနေ့ ကွာလာလမ်ပူမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ဦးစားပေးကိစ္စအနေနဲ့ ဆောင်ရွက်သွားမယ့်အကြောင်း ကတိပေးသွားတာပါ။ မြန်မာနိုင်ငံ အကြပ်အတည်းကို မြန်မာနိုင်ငံဘာသာ ဦးဆောင်ဖြေရှင်းရမယ်ဆိုတာ အသိအမှတ်ပြုပေမဲ့လည်း မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်နေတဲ့အတွက် လက်ရှိအခြေအနေကနေ ကျော်လွှားနိုင်အောင် တခြား အာဆီယံနိုင်ငံတွေအနေနဲ့လည်း တာဝန်ရှိတဲ့အကြောင်း Datuk Seri Amran Mohamed Zin က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်နိုင်ရေးအပါအဝင် ဒေသတွင်း ကိစ္စတွေအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ မလေးရှားနိုင်ငံ ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆိုတာကို အများက စောင့်ကြည့်နေကြပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကြား ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၂၄ ခုနှစ်ကုန်မှာ သုံးသန်းခွဲကျော် ရှိလာတဲ့အကြောင်း ကုလသမဂ္ဂ အဖွဲ့တွေက ပြောဆိုထားတဲ့အတွက်လည်း မြန်မာ့အရေး မလေးရှားနိုင်ငံရဲ့ ချဉ်းကပ်မှုကို ဒေသတွင်းအကဲခတ်တွေ အာရုံစိုက်နေကြပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးသံတမန်တွေခန့်အပ်ပြီးဆောင်ရွက်ခဲ့ပေမဲ့ အာဆီယံအဖွဲ့တွင်း ဆက်သွယ် ဆောင်ရွက်နေတာထက်ကျော်ပြီး တိုးချဲ့ လုပ်ဆောင်ဖို့လည်း Amran Mohamed Zin က ပြောပါတယ်။
Forum