သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အာဆီယံမှာ ပြန်လည်ဝင်ဆန့်ရေး ထိုင်းနဲ့ မလေးရှားခေါင်းဆောင်တွေ ဆွေးနွေး


ထိုင်းနိုင်ငံမှာ မြန်မာ့အရေးဆွေးနွေးပွဲမတိုင်ခင် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (ဝဲ)​နဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ မလေးရှားနိုင်ငံ၊ ပူထရာဂျာရာမြို့မှာတွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၄
ထိုင်းနိုင်ငံမှာ မြန်မာ့အရေးဆွေးနွေးပွဲမတိုင်ခင် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra (ဝဲ)​နဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ မလေးရှားနိုင်ငံ၊ ပူထရာဂျာရာမြို့မှာတွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေဟာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ ပြန်လည်ပါဝင်လာရေး ကြိုးပမ်းချက်ဖြစ်ကြောင်း ဒီနေ့ မလေးရှားနိုင်ငံကို ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ထိုင်းနိုင်ငံက မြန်မာ့အရေးဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီလို ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra မလေးရှားနိုင်ငံကို သွားရောက်တာပါ။ ဒီခရီးစဉ်ဟာ ထိုင်းဝန်ကြီးချုပ် မလေးရှားနိုင်ငံကို ပထမဆုံး တရားဝင် သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

‘မြန်မာနိင်ငံပါဝင်ဖို့နဲ့ တက်ရောက်သူတွေအဆင့်အဆင့်ကြား အလွတ်သဘော ဆွေးနွေးတိုင်ပင်ပြီး အာဆီယံရဲ့ ရှေ့ပိုင်းမှာ မြန်မာနိုင်ငံပြန်ရောက်လာအောင် ဆွဲခေါ်ဖို့’ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ထိုင်းဝန်ကြီးချုပ်နဲ့ ဒီနေ့ Putrajaya မှာ တွေ့ဆုံတဲ့အချိန် ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်ထားပါတယ်၊

ကြာသပတေးနေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့် အလွတ်သဘော အစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ် ပါဝင်တက်ရောက်ပါလိမ့်မယ်။ နယ်ခြားလုံခြုံရေးနဲ့ နယ်စပ်ကျော်ရာဇဝတ်မှု နှိမ်နှင်းရေး အလွတ်သဘောဆွေးနွေးမယ့်အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Nikorndej Balankura က ပြောတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။ လေ့လာသူတွေကတော့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မြန်မာနဲ့ နယ်စပ်ခြင်း ထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်ရှင်ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ စီစဉ်နေပါတယ်။

သောကြာနေ့ အစည်းအဝေးကတော့ ဝန်ကြီးများ အဆင့်အစည်းအဝေးဖြစ်ပြီး မြန်မာအရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေ ပါဝင်တက်ရောက်မှာ ဖြစ်သလို မြန်မာ့အရေး အာဆီယံနိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီ ချက်တွေကို အကောင်အထည်ဖေါ်ရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အစည်းအဝေးဟာ အာဆီယံနိုင်ငံတွေကိုပဲ သီးသန့် ဖိတ်ကြားတဲ့ အစည်းအဝေးဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအို၊ နောက် တာဝန်ယူမယ့် မလေးရှားနဲ့ အရင်က တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှား သုံးနိုင်ငံက မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ ပထမ စည်းဝေးကြပါ့မယ်။ နောက်မှ တခြား အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေက နောက်ဆက်တွဲ အစည်းအဝေးတွေမှာ ဆွေးနွေးကြဖို့ ရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအကြပ်အတည်းနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်မဖေါ်နိုင်တဲ့ အကြောင်း ဝေဖန်ခံနေရချိန်မှာ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ မြန်မာ့အရေးဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG