“မြန်မာနိုင်ငံအနေနဲ့ အာဆီယံကို သူတို့ရဲ့ရည်ရွယ်ချက်အတွက် အသုံးမချသင့်ပါဘူး၊ လက်တုံ့ပြန် နိုင်ငံရေး အတွက် အသုံးချနေတာက အာဆီယံ အဖွဲ့ကြီးကို ခက်ခဲတဲ့ အနေအထားကို တွန်းပို့နေတယ်” လို့ ဒေါက်တာ Ng Eng Hen က ပြောကြောင်း စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဆီယံ အသင်းကြီး အနေနဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ချက်တွေ ကြိုးပမ်း တည်ဆောက်ခဲ့ပေမယ့် မြန်မာနိုင်ငံကြောင့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို ထိခိုက်ပျက်စီးစေတဲ့ အပြင် မြန်မာနိုင်ငံရဲ့ အပြုအမူတွေက အန္တရာယ်များကြောင်း သတိပေးပါတယ်။ ဒါ့အပြင် ဒေသတွင်း ကာကွယ်ရေး ဆိုင်ရာ တိုင်ပင်ဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားမှာ အမြင့်ဆုံးဖြစ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အဖွဲ့ အပေါ်မှာလည်း ယုံကြည်စိတ်ချရမှု ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၀ ရက်) က ကျင်းပတဲ့ (၁၈) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) အတွင်း စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ဒေါက်တာ Ng Eng Hen ရဲ့ ပြောဆိုချက်ထဲမှာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အဖွဲ့ ကို တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် အာဆီယံ ပြင်ပက ၈ နိုင်ငံ နဲ့ ပူးပေါင်းပြီး တိုးချဲ့ ဖွဲ့စည်းဖို့ကို မြန်မာ ဘက်က ကန့်ကွက်နေလို့ အဖွဲ့ချဲ့ထွင်နိုင်ရေး မရေမရာ ဖြစ်နေတာကို ထောက်ပြရာမှာ မြန်မာ စစ်ကောင်စီကို အဲဒီလို သတိပေးခဲ့တာပါ။ ဒေါက်တာ Ng ရဲ့ မှတ်ချက်စကားတွေက မြန်မာရဲ့ ကန့်ကွက်မှုကြောင့် အဖွဲ့ ချဲ့ထွင်ရေး နှောင့်နှေးနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်တာဖြစ်ပေမယ့် အသေးစိတ်ကိုတော့ စင်္ကာပူ ကာကွယ်ရေး ဝန်ကြီးဌာနက မထုတ်ပြန်ပါဘူး။
မြန်မာ့အရေးက အာဆီယံ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက် ချတဲ့ အခန်း ကဏ္ဍကို မထိခိုက်စေဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး အာဆီယံခေါင်းဆောင်တွေရဲ့ အောက်တိုဘာလက ပြန်လည် သုံးသပ် တောင်းဆိုချက်နဲ့ မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်က ဆန့်ကျင်နေကြောင်းလည်း ဒေါက်တာ Ng Eng Hen က ပြောပါတယ်။ ဒီ မြန်မာ့ပြဿနာကို လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံက ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း သူက ထောက်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အများစု ပါတဲ့ အစိုးရကို အင်အားသုံး ဖြုတ်ချခဲ့ပေမယ့် နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြပွဲတွေနဲ့ နောက်ပိုင်းမှာ လက်နက်ကိုင် ဆန့်ကျင်မှုတွေကြောင့် စစ်တပ်ဟာ အာဏာကို အပြည့်အဝ ဆုပ်ကိုင်နိုင်ဖို့ ရုန်းကန် နေရသလို မြန်မာဟာ အာဆီယံ အဖွဲ့ထဲမှာ စစ်ပွဲ၊ ပဋိပက္ခနဲ့ မငြိမ်မသက် ဖြစ်မှုတွေ ရင်ဆိုင်နေရတဲ့ တခုတည်းသော တိုင်းပြည် အဖြစ် ဆက်ရှိနေတာပါ။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အရပ်သား ၅,၀၀၀ ကျော် သေဆုံးပြီး လူ ၃.၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒီနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Forum