သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရိုဟင်ဂျာ ၃၀၀ နီးပါး မလေးရှားနှင်ထုတ်


မှတ်တမ်း ဓာတ်ပုံ - လန်ကာဝီကျွန်းအနီးမှာ ၂၀၁၈ ခုနှစ်က ရိုဟင်ဂျာဒုက္ခသည် လှေတစီးကို မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီက ကြားဖြတ်ဟန့်တားပြီး လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့စဥ်။ ဧပြီလ ၃ ရက်၊ ၂၀၁၈။ ဓာတ်ပုံ - REUTERS/Stringer
မှတ်တမ်း ဓာတ်ပုံ - လန်ကာဝီကျွန်းအနီးမှာ ၂၀၁၈ ခုနှစ်က ရိုဟင်ဂျာဒုက္ခသည် လှေတစီးကို မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီက ကြားဖြတ်ဟန့်တားပြီး လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့စဥ်။ ဧပြီလ ၃ ရက်၊ ၂၀၁၈။ ဓာတ်ပုံ - REUTERS/Stringer

မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း လန်ကာဝီကျွန်စု အနီး ရေပိုင်နက်အတွင်းကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ လို့ ယူဆရတဲ့ ရွှေ့ပြောင်းသူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့  လှေသင်္ဘောနှစ်စင်းကို  နှင်ထုတ်ခဲ့ကြောင်း မလေးရှား တာဝန်ရှိသူတွေက စနေနေ့ (ဇန်နဝါရီ ၄ ရက်) မှာ ပြောပါတယ်။

ဒီလှေတွေကို ကျွန်းစုရဲ့ အနောက်တောင်ဘက် ရေမိုင် နှစ်မိုင်အကွာမှာ သောကြာနေ့ (ဇန်နဝါရီ ၃ ရက်) ညပိုင်းက တွေ့ရှိခဲ့ကြောင်း မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) က သတင်းထုတ်ပြန်ပါတယ်။

“မလေးရှား ရေပိုင်နက် ပြင်ပကို မနှင်ထုတ်မီ ရှေ့ခရီးဆက်နိုင်ဖို့ အစားအသောက်နဲ့ သောက်သုံးရေ အပါအဝင် အကူအညီတွေ ပေးအပ်ခဲ့တယ်” လို့ MMEA ညွှန်ကြားရေးမှူးချုပ် Mohd Rosli Abdullah က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ ဒီလို ရွှေ့ပြောင်းသူတွေ ပါဝင်တဲ့ လှေတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ထွက်ခွာလာပြီး ရိုဟင်ဂျာလို့ ယူဆရသူတွေ သယ်ဆောင်လာတဲ့ အခြား လှေတစင်း သောကြာနေ့က လန်ကာဝီကို ဆိုက်ကပ်လာလို့ အဲဒီ လှေပေါ်ပါလာတဲ့ အထောက်ထားမဲ့ ရွှေ့ပြောင်းလာသူ လူ ၁၉၆ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အခုလို နောက်ထပ် လှေနှစ်စင်း နှင်ထုတ်တဲ့ ဖြစ်ရပ် ဖြစ်လာတာပါ။ ပထမ ရွှေ့ပြောင်းသူ အဖွဲ့ထဲမှာတော့ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅၇ ဦး၊ ကလေး ၇၁ ဦး ပါဝင်တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။


မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ အနီးအနားက ဒေသတွေင်းနိုင်ငံတွေမှာ ခိုလှုံနိုင်ဖို့ အန္တရာယ်များတဲ့ ပင်လယ်ရေကြောင်းခရီးကို အရင်ကလည်း ရွှေ့ပြောင်းသွားလာလေ့ရှိပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး (UNHCR) ရဲ့ မှတ်တမ်းတွေ အရ ၂၀၂၃ ခုနှစ်ထဲမှာ ရိုဟင်ဂျာ ၄,၅၀၀ နီးပါး လှေစီး ထွက်ပြေးခဲ့ကြပြီး အဲ့ဒီထဲက လမ်းခရီးမှာ သေဆုံးရသူ သို့မဟုတ် ပျောက်ဆုံးရသူက ၅၆၉ ဦးဝန်းကျင် ရှိပြီး ဒီအရေအတွက်ဟာ ၂၀၁၄ ခုနှစ် နောက်ပိုင်း ထိခိုက်သေဆုံးရမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မွတ်စလင်အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံကို ဦးတည် ထွက်ခွာလေ့ ရှိပေမယ့် မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို တရားဝင် အသိအမှတ်မပြုသလို ကြားဖြတ်ဖမ်းဆီးခံရသူတွေကိုလည်း ထိန်းသိမ်းရေးစခန်းတွေထဲမှာ ထားလေ့ရှိပါတယ်။

မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) ညွှန်ကြားရေးမှူးချုပ် Mohd Rosli Abdullah ရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံကနေ အထောက်အထားမဲ့ ရွှေ့ပြောင်းလာသူ စုစုပေါင်း ၂,၀၈၉ ဦး ၊ လှေ ၁၈ စင်း ကို MMEA နဲ့ တခြား မလေးရှား အဏာပိုင် အဖွဲ့အစည်းတွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းအထိ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် ခိုလှုံခွင့်တောင်းခံသူပေါင်း ၁၁၁,၄၁၀ ဝန်းကျင်ရှိပြီး ဒါဟာ မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည် အရေအတွက် စုစုပေါင်းရဲ့ ၅၈ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂက ဇန်နဝါရီ ၃ ရက်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် လူပေါင်း ၃.၅ သန်းကျော်၊ စုစုပေါင်း လူဦးရေရဲ့ ၆ ရာခိုင်နှုန်းဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကထက် စာရင် လူ ၁.၅ သန်း တိုးလာခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကလည်း ပိုမိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG