သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြန်မာတွေ နေရပ်မပြန်ရဘဲ ဒုက္ခရောက်နေ


မလေးရှားနိုင်ငံ Kuala Lumpur မြို့က Twin Towers ရှေ့နားက ဖြတ်သွားတဲ့ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသမီးတဦး။ (မတ် ၁၈၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့က Twin Towers ရှေ့နားက ဖြတ်သွားတဲ့ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသမီးတဦး။ (မတ် ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

မလေးရှား ထိန်းသိမ်းရေး စခန်းမှာရှိနေတဲ့ မြန်မာနိုင်ငံသား အယောက် ၃,၀၀၀ ကျော်ကို နှစ်နိုင်ငံ စစ်ဆေးမှုတွေ သေချာလုပ်ပြီးသွားမှ မြန်မာဘက်က ပြန်လက်ခံသွားဖို့ ရှိတယ်ဆိုတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

ရက်လွန်နေထိုင်သူတွေနဲ့ ပြစ်ချက်ရှိလို့ ထိန်းသိမ်းခံထားသူ မြန်မာနိုင်ငံသား အယောက် ၃,၀၀၀ ကျော်စာရင်းကို မလေးရှားအစိုးရဘက်က ပေးပို့ထားပေမဲ့ စစ်ဆေးတာတွေ လုပ်ပြီးမှ ပြန်လက်ခံသွားမယ်လို့ မလေးရှားမြန်မာသံရုံးက သံရုံးအုပ် ဦးကိုကိုလွင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းတုန်း ရှိသေးတယ်။ မလေးဘက်နဲ့ ကျနော်တို့အစိုးရဘက် ညှိနှိုင်းတုန်း ရှိသေးတယ်။ မြန်မာနိုင်ငံသားတွေ မှန်၊ မမှန်ပေါ့။ သူက အကျဉ်းထောင်တွေထဲက ကျနော်တို့ကို ၃,၂၂၁ ယောက်ရှိပါတယ်လို့ သူကပြောပေမဲ့လို့ ဒီဟာကို ကိုယ့်နိုင်ငံသားတွေ မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကျနော်တို့ စိစစ်မှုတွေ လုပ်ရဦးမှာပေါ့နော်။”

ထိန်းသိမ်းရေး စခန်းကသူတွေကို မလေးရှားအစိုးရဘက်က ကုန်ကျစရိတ်ခံပြီး ပြန်ပို့ပေးမယ်လို့ ကမ်းလှမ်းထားပေမဲ့ လက်ခံဖို့ အဆင်မပြေသေးဘူးဆိုတာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က စာပြန်ခဲ့တယ်လို့ မလေးရှားသတင်း မီဒီယာတခုက အမည်မဖော်လိုသူတဦးက ဗွီအိုအေကို ပြောပါတယ်။

COVID-19 ရောဂါ မလေးရှား အကျဉ်းထောင်တွေထိ ကူးစက်နေလို့ မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ဖို့ ကြန့်ကြာနေရကြောင်း မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာအစိုးရက ထိန်းသိမ်းရေးစခန်းသူတွေကို စစ်ဆေးတာ ကြန့်ကြာနေသလို ပြန်ဖို့စောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ ပြင်ပက သူတွေအတွက်လည်း လုပ်ဆောင်တာ နှေးကွေးနေကြောင်း မလေးရောက်မြန်မာတွေက တုံ့ပြန်ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပထမတခေါက်ခေါ်တုန်းကလည်း ထောင်ကျတဲ့သူတွေနဲ့ ကိုယ်ဝန်သမားတွေကို ခေါ်တာပေါ့ အဲလိုပြောတယ်။ ကျန်တဲ့သူတွေ မပါဘူးပေါ့နော်။ ဆိုတော့ ညီမတို့တွေ မပါပြန်ဘူးပေါ့။ ပြန်ချင်တဲ့သူတွေက တပုံကြီးဖြစ်နေတာ၊ သိတယ်မလား ငိုကာ၊ ရယ်ကာ ဒုက္ခတွေရောက်နေကြ။ စားစရာမဲ့၊ သောက်စရာမဲ့။ ငတ်နေတဲ့သူတွေလည်း အများကြီးပဲ၊ နောက်လမ်းဘေးမှာလည်း ကိုယ်တွေ တဦးတည်းမဟုတ်ဘူး အများကြီး။”

ကွာလာလမ်ပူမြို့က မြန်မာလုပ်သား မယုစန္ဒာပြောသွားတာပါ။

မြန်မာအများစုလုပ်နေတဲ့ စက်ရုံတွေ၊ စားသောက်ဆိုင်တွေက မလေးရှားမှာ ပုံမှန်မလည်ပတ်သေးပါဘူး။ အလုပ်လက်မဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း များလာနေပါတယ်။ ကွာလာလမ်ပူမြို့၊ ဆလာမ်ကောက ကိုအောင်ဇော်ကလည်း အခုလိုပြောပါတယ်။

“Overstay သမားတွေနဲ့ အဓိက ဒုက္ခရောက်နေတာကတော့ ကိုယ်ဝန်သည်တွေပေါ့၊ တချို့ကိုယ်ဝန်သည်တွေဆိုရင် မီးဖွားဖို့ အချိန်ကပ်နေပြီ။ လေယာဉ်မရှိလို့ မပြန်ရတာတွေရှိတယ်။ ဒါလေးကို ကျနော်တို့ အစိုးရက ကူညီမယ်ဆိုရင်တော့ ပိုဝမ်းသာတာပေါ့။”

မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ မေလ ၈ ရက်မှာ မြန်မာနိုင်ငံသား အယောက် ၁၀၀၊ မေလ ၂၀မှာ ဒုတိယအကြိမ် ၁၇၅ ယောက်ကို ပြန်ခေါ်ခဲ့ပါတယ်။ မလေးရှားအစိုးရကလည်း ထိန်းသိမ်းရေးစခန်းက မြန်မာ ၃၉၁ ယောက်ကို သူ့အစီအစဉ်နဲ့ မေလ ၁၁ ရက်ကပြန်ပို့ပေးခဲ့ပါတယ်။ ထိန်းသိမ်းရေးစခန်းကသူတွေ၊ ပြင်ပမှာ ဒုက္ခရောက်လို့ပြန်ချင်သူအရေအတွက်က သောင်းနဲ့ချီ ရှိနိုင်တယ်လို့ မြန်မာလူမှုကူညီရေး အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








ကှာလာလမျပူမွို့က မွနျမာလုပျသား မယုစန်ဒာပွောသှားတာပါ။




XS
SM
MD
LG