သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနှင့် ရွှေ့ပြောင်းလုပ်သားများ မတရားဖမ်းဆီးမှုအဖြစ် မလေးရှား ဝေဖန်ခံရ


 မလေးရှားနိုင်ငံ Bidor လဝက ထိန်းသိမ်းရေးစခန်း (ဖေဖော်ဝါရီ ၂၊ ၂၀၂၄)
မလေးရှားနိုင်ငံ Bidor လဝက ထိန်းသိမ်းရေးစခန်း (ဖေဖော်ဝါရီ ၂၊ ၂၀၂၄)

မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေကို မလေးရှားနိုင်ငံမှာ မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အာဆီယံ လွှတ်တော်အမတ်တွေ ဝေဖန်လိုက်ကြပါတယ်။ ကလေးငယ် ၁,၄၀၀ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည် ၁၂,၀၀၀ လောက် ဖမ်းဆီးခံထားရပြီး၊ ထိန်းသိမ်းထားတဲ့ နေရာဟာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်လောက်တဲ့ အခြေအနေအထိ ဆိုးရွားနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch က ဒီကနေ့ပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

မလေးရှား အာဏာပိုင်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ရာဇဝတ်သားတွေသဖွယ် ဆက်ဆံနေပြီး၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရဘဲ အချိန်အတော်ကြာ ဖမ်းဆီးထားလေ့ ရှိတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ သုတေသီ Shayna Bauchner (ရှေနာ ဘောက်ခနာ) က ပြောပါတယ်။

ဖမ်းဆီးထားသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကို ၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ကန့်သတ်ထားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံမှာ ဒုက္ခသည်၊ ဒါမှမဟုတ် ခိုလှုံခွင့်ရဖို့ UNHCR မှာ လျှောက်ထားသူ ခန့်မှန်းခြေ လူပေါင်း ၁ သိန်း ၈ သောင်းကျော် ရှိနေပြီး အများစုဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို မလေးရှား ထိန်းသိမ်းရေးစခန်းတွေမှာ ဒုက္ခသည်တွေကြုံတွေ့နေရတဲ့ ကြောက်မက်ဖွယ်အခြေအနေတွေကို ဖေါ်ပြထားတဲ့ HRW အစီရင်ခံစာအပေါ်မှာ အလွန် စိုးရိမ်မကင်းဖြစ်မိတယ်လို့ အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR)က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထိန်းသိမ်းရေးစခန်းတွေမှာ အလွဲသုံးစားလုပ်မှု၊ အကြမ်းဖက်မှု အပါအဝင် လူမဆန်တဲ့ အခြေအနေတွေကို အဆုံးသတ်ဖို့ မလေးရှားအာဏာပိုင်တွေကို APHR နဲ့ တခြား လူ့အခွင့်အရေးအဖွဲ့တွေက နှစ်အတန်ကြာကတည်းက တောင်းဆိုထားကြောင်းလည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG