သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့များ နေရပ်ပြန်ဒဏ်ကြေး လျှော့ချ 


မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ယခင်မှတ်တမ်းရုပ်ပုံ (ဓါတ်ပုံ - Malaysia Immigration)
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ယခင်မှတ်တမ်းရုပ်ပုံ (ဓါတ်ပုံ - Malaysia Immigration)

မလေးရှားအစိုးရက မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့နေထိုင်နေသူတွေအနေနဲ့မိမိတို့ရဲ့နေရပ်ရင်းကိုပြန်တဲ့အခါ ပေးရတဲ့ဒဏ်ကြေးကို (မလေးငွေ ရင်းဂစ်) ၅၀၀ ထိလျော့ချလိုက်ပါတယ်။ ဒါဟာ မတ်လ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၀ လအကျုံးဝင်မှာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံထဲမှာ အထောက်အထားမရှိဘဲ တရားမဝင် နေထိုင်နေသူတွေ နေရပ်ပြန်တဲ့အခါမှာ မလေးရှားအစိုးရကို ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေကို မလေးရှားအစိုးရက မလေးရှားငွေ ရင်းဂစ် ၅၀၀ အထိ လျှော့ချပေးလိုက်ပါတယ်။ ဒီလို ဒဏ်ကြေးလျှော့ချပေးထားတဲ့ သက်တမ်းကာလကတော့ မတ်လ ၁ ရက်နေ့ကစလို့ ဒီဇင်ဘာ ၃၁ ရက်အထိ ၁၀ လ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံထဲမှာ လက်ရှိ တရားမဝင်တဲ့နည်းလမ်းနဲ့ ရောက်နေတဲ့ နိုင်ငံခြားသားတွေဟာ နေရပ်ရင်းကိုပြန်မယ်ဆိုရင် လေယာဥ်လက်မှတ်ဝယ်နိုင်ဖို့အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားလက်မှတ် လျှောက်ထားရမှာဖြစ်ပါတယ်။ အဲဒီလို လျှောက်ထားဖို့အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ဒဏ်ကြေးငွေပေးဆောင်ရမှာဖြစ်ပြီး ဒဏ်ကြေးငွေပမာဏကို အစိုးရက လျှော့ချပေးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး မလေးရှားနိုင်ငံထဲကို အထောက်အထားမပါဘဲ တရားမဝင် ဝင်ရောက်လာသူတွေ များပြားလာနေတာကို လျှော့ချပစ်နိုင်ဖို့ ရည်ရွယ်ပုံရကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့က မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

"အထောက်အထားမဲ့တွေ ပပျောက်အောင်ဆိုပြီး စီအိုင်မှာဆောင်ရမယ့်ဒဏ်ကြေးကိုလျှော့ပေးလိုက်တယ်။ အစိုးရ စီမံချက်တခုအနေနဲ့ပေါ့။ အရင်ကဆိုရင် မလေးရှားမှာတရားမဝင် နေထိုင်တဲ့အတွက်ဆိုပြီး ဆောင်ရတဲ့ဒဏ်ကြေးက ၃,၀၀၀ ဝန်းကျင်ရှိတယ်။ အစိုးရကိုသွင်းရတာပေါ့။ မြန်မာပွဲစားတွေကတော့ ကြားခံဆောင်ရွက်ပေးတယ်ဆိုပြီး လူတယောက်ကို မလေးငွေ ရင်းဂစ် ၅,၅၀၀ လောက်၊ ၆,၀၀၀ လောက်မရှိဘူးဆိုရင် စီအိုင်နဲ့မြန်မာပြည်ကိုပြန်လို့မရတဲ့အနေအထားရှိတယ်။ အရင်တုန်းကပေါ့၊ အခုတော့မလေးရှားအစိုးရက ပေးဆောင်ရမယ့်ဒဏ်ကြေးကို လျှော့ချပြီးအထောက်အထားမဲ့တွေကို သူတို့နိုင်ငံထဲကနေ တတ်နိုင်သလောက် ကင်းစင်အောင်လုပ်မယ်ဆိုပြီး ဒဏ်ကြေးကိုလျှော့ချလိုက်တယ်။ ၅၀၀ ပေါ့နော်။ တထောင်ထက်မကျော်ဘူးပေါ့နော်။"

ဒဏ်ကြေးလျှော့ချလိုက်တာကိုကြိုဆိုပေမယ့် နောက်ထပ်လည်း အထောက်အထားမဲ့တွေအတွက် တရားရုံးမတင်ဘဲ နေရပ်ပြန်ပို့ဖို့ ထိန်းသိမ်းရေးစခန်းတွေကို ပို့မှာတွေကို တခါတည်းလုပ်မှာဖြစ်တယ်လို့လည်း ဦးစိုးထက်သိန်းကပြောပါတယ်။

"မလေးရှားထဲမှာ အကြောင်းအမျိုးမျိုးနဲ့ အထောက်အထားမဲ့ဖြစ်သွားတဲ့သူတွေအနေနဲ့ မြန်မာပြည်ကိုပြန်ချင်တယ်ဆိုရင် ပေးဆောင်ရတဲ့ ဒဏ်ကြေးနည်းတာကတော့ကောင်းမွန်တဲ့ကိစ္စပဲနော်။ ဒါပေမဲ့ သူတို့က ကောင်းမွန်တဲ့ကိစ္စနဲ့ မကောင်းမွန်တဲ့ကိစ္စကို တခါတည်း ဒွန်တွဲလာတာပါ။ မြန်မာပြည်က အာဏာသိမ်းမှုအနေအထား၊ စစ်အစိုးရရဲ့အကြမ်းဖက်မှုတွေ- ကျနော်တို့သိနေတဲ့အနေအထားအရ ပြောရမယ်ဆိုရင် မြန်မာပြည်ကိုပြန်ဖို့ မဖြစ်နိုင်သူတွေများတယ်။ အထောက်အထားမဲ့တွေ မြန်မာပြည်ပြန်ဖို့ ဒဏ်ကြေးကို လျှော့ချလိုက်ပေမယ့် အထောက်အထားမဲ့တွေကို ဆက်တွေ့မယ်ဆိုရင် တရားရုံးတင်စစ်ဆေးတာမလုပ်ဘဲ မိခင်နိုင်ငံကို ပြန်ပို့ဖို့အတွက် လဝက အချုပ်ထဲကို တန်းထည့်မယ်လို့ သူတို့က ကက်ဘိနက်မှာကို ဆုံးဖြတ်ထားတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တော့ အတော်များများ--ပြန်ဖို့အားခဲထားသူတွေက မပြန်ကြတော့ဘူး။ ကျန်းမာရေးမကောင်းတဲ့သူတွေသာ ပြန်ကြဖို့ရှိပါတယ်။"

မလေးရှားနိုင်ငံမှာ နေ့စဉ်အဖမ်းအဆီးတွေ ဆက်တိုက်ဖြစ်နေပြီး ရေလမ်းကနေ စစ်ဆေးတာ၊ စျေးဝယ်စင်တာတွေထဲထိ ပိတ်ဆို့စစ်ဆေးတာတွေလည်းလုပ်ပြီး
ဖမ်းဆီးခဲ့ပါတယ်။ ဒီထဲမှာ အများဆုံးဖမ်းမိတာက မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG