သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားအလုပ်သမားအရေး မလေးအစိုးရ တင်းတင်းကြပ်ကြပ်ကိုင်တွယ်


အောက်တိုဘာ ၂၀ ရက်က မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။
အောက်တိုဘာ ၂၀ ရက်က မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။

အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုနေရပ်ပြန်ပို့တဲ့ မလေးရှားအစိုးရရဲ့ အစီအစဉ်ထဲက တခု ဖြစ်တဲ့ ပြည်ပအလုပ်သမားတွေအတွက် ဗီဇာ ရပ်ဆိုင်းမယ့် နောက်ဆုံးရက်ဟာ အခု မေလ ၃၁ ရက်ဖြစ်ကြောင်း မလေးရှားအစိုးရက ပြောပါတယ်။ မလေးရောက် မြန်မာအလုပ်သမားတဦးကလည်း မတ်လ ၁ ရက်နေ့ကတည်း ပါမစ် ကပ်ပြားထုတ်ပေးတာ ပိတ်သွားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

ပြည်ပအလုပ်သမား ခေါ်ယူတာကို အခု ၂၀၂၄ ၊ မေလ ၃၁ ရက်ကစပြီး ရပ်နားထားမယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့မတ်လ ၁ ရက် သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။ ဒါဟာ အထောက်အထားမဲ့ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ပို့မဲ့အစီအစဉ်တွေထဲက တခုဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ စက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ နီပေါနိုင်ငံသားတွေ အများအပြား အလုပ်လုပ်နေကြပါတယ်။ လုပ်ငန်းခွင်ထဲက ခေါင်းပုံဖြတ်မှုတွေကြောင့် ရွှေ့ပြောင်းလုပ်သားပြဿနာကို အစိုးရက ကိုင်တွယ်ဖို့ရှိနေကြောင်း မလေးရှားသတင်းတွေမှာ ဖေါ်ပြပါတယ်။ မလေးရှား လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက စက်ရုံငါးရုံကိုစုံစမ်းလေ့လာခဲ့တာမှာ အလုပ်သမားရာနဲ့ချီပြီး လုပ်ခလစာမရခဲ့ကြောင်း တွေ့ခဲ့ရတာပါ။ ဒီအထဲက အများစုဟာ အထောက်အထား ပြည့်ပြည့်စုံစုံမရှိဘူးဆိုတာလည်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တရားဝင်နေရပ်ပြန်ပို့မဲ့ကိစ္စကို မလေးရှားအစိုးရက အသေအချာ ကိုင်တွယ်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာတဦးကတော့ မတ်လ ၁ ရက်နေ့ကတည်းက ပါမစ်ကပ်ထုတ်ပေးတာ ပိတ်လိုက်တယ်လို့ ပြောပါတယ်။

"ပတ်စ်ပို့ (ပါမစ်ကပ်တာကို) မတ်လ ၁ ရက်ကစပြီး ပိတ်လိုက်တယ်ပေါ့၊ ရတဲ့သူရတယ်၊ မရတဲ့သူမရဘူးပေါ့။ ကျနော်တို့ဒီ မတ်လ ၃၁ ရက်မတိုင်ခင် သူတို့ဖမ်းတာတွေ ရှိခဲ့ပါတယ်၊ တအားဖမ်းပါတယ်။ မြန်မာနိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံကို ပြန်မဲ့အတွက် ပါမစ်မရှိဘဲ ပတ်စ်ပို့ရှိရင် ပိုက်ဆံ (ရင်းဂစ်) ၅၀၀ သွင်းပြီးတော့ ပြန်လို့ရတယ်ပြောတယ်။ ပတ်စ်ပို့စာအုပ်မရှိတဲ့သူကျ CI လျှောက်ပြီး ပြန်လို့ရတယ်လို့ သတင်းကြားပါတယ်။"

လက်ရှိငွေစျေးနှုန်းအရ မလေးရှား ရင်းဂစ်ငွေ ၅၀၀ ဟာ မြန်မာကျပ်ငွေ (၂၂၁,၈၀၉) ကျပ်နဲ့ညီမျှပါတယ်။

အထောက်အထား မခိုင်လုံတဲ့ နိုင်ငံခြားသား အလုပ်သမားက ၆၀၀,၀၀၀ လောက်ရှိတယ်လို့ မလေးရှားသတင်းတွေက ဖော်ပြပါတယ်။ ဒဏ်ငွေဆောင်ပြီး နေရပ်ပြန်နိုင်မဲ့ အစီအစဉ်ကို အခု၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အထိ မလေးရှားအစိုးရက ခွင့်ပြုပေးထားမှာ ဖြစ်ပါတယ်။

အခုလို အထောက်ထား မခိုင်လုံသူတွေကို ပြန်ပို့ပေးမယ့် အစီစဉ်အရ အလုပ်ခေါ်ယူခွင့် အစီစဉ်ခေတ္တပိတ်ထားမယ့် နောက်ဆုံး သတ်မှတ်ရက်မတိုင်ခင် အချိန်မီ လုပ်ဆောင်ကြဖို့ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးက တိုက်တွန်းခဲ့တာပါ။ ပြည်ပက အလုပ်သမား ခေါ်ယူတာတွေကိုပိတ်မယ်ဆိုပေမယ့် ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မလေးရှားအစိုးရက တရားဝင်မပြောသေးဘူးလို့ Asia Job ကုမ္ပဏီလိမိတက်ရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော့ဆီကို ဟိုဘက်က အေးဂျင့်သုံးခုလောက်က လှမ်းပြီး ပြီးခဲ့တဲ့၂ လလောက် ကတည်းက သတင်းပို့တာပေါ့နော်၊ ဟိုနေ့ကလည်း သူတို့ immigration ကလည်း စာထုတ်လိုက်တယ်ပေါ့နော်၊ ဧပြီလ နောက်ဆုံးရက်ကစပြီး ပိတ်မှာပေါ့နော်၊ မလေးရှား immigration မှာ calling တင်ခွင့်တွေပိတ်မှာ၊ အလုပ်သမားခေါ်စာပေါ့။ ဘာကြောင့်ပိတ်မလဲဆို တချို့စက်ရုံတွေက လူခေါ်ဆိုခွင့် quota တွေ လျှောက်ထားပြီးတော့ လူမခေါ်ဘူး၊ မေလ သူတို့သတ်မှတ်ထားသည့် နောက်ဆုံးရက်သည် လူခေါ်တဲ့ calling တွေ လာမတင်ဘူးဆိုရင် အဲစက်ရုံမှာ လူခေါ်ခွင့် လျှောက်ထားတာတွေ အော်တိုမက်တစ် သက်တမ်းလည်း တိုးလို့မရတော့ဘူး၊ (သက်တမ်း) သေသွားမယ်။ ဒီလနဲ့ ရှေ့လက တွန်းတွန်းတိုက်တိုက် လုပ်ထားတာ အကောင်းဆုံးပဲ။ သူတို့သတ်မှတ်ရက်မှာမှ calling မတင်ရသေးဘူးဆိုရင် သွားပြီ အဲလူက ဟိုက လက်ခံစဉ်းစားမှာ မဟုတ်တော့ဘူး။"

ပြည်ပအလုပ်သမားတွေကို ထပ်ခေါ်မယ်၊ မခေါ်ဘူးဆိုတဲ့ ဆုံးဖြတ်ဖို့အတွက် မလေးရှားအစိုးရက အခုနှစ်ဇွန်လထဲမှာ အစည်းအဝေးတခုလုပ်ဖို့ ရှိပါတယ်။ ဒီအစည်းအဝေးမှာ သဘောတူညီမှုရတယ်ဆိုရင် ဇူလိုင်လထဲမှာ အလုပ်ခေါ်စာတွေကို ပြန်လက်ခံသွားဖို့ရှိပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ရာနှုန်းပြည့် တပ်အပ်မပြောနိုင်သေးကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတချို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG