သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ၃ ရက်အတွင်း ထိုင်းရဲဖမ်းမိ


(Zawgyi / Unicode)

ထိုင်း မြန်မာ နယ်စပ် ရနောင်းပြည်နယ် မဲဆိုင်၊ တာခ့် ပြည်နယ်တွေကနေ ၃ ရက်အတွင်း မြန်မာ ၁၀၀ ကျော် ဖမ်းမိခဲ့ပြီး အများစုကတော့ မလေးရှားကိုသွားဖို့ အတွက် လူကုန်ကူးသူတွေနဲ့ လာရင်းနဲ့ လမ်းမှာ ဖမ်းမိကြသူတွေ ဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း မြန်မာ နယ်စပ် ရနောင်း ပြည်နယ်ထဲမှာ အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ ရနောင်းခရိုင် အခြေစိုက် အမှတ် (၂၅) ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့ တပ်မမှူး ဗိုလ်မှူးကြီး ဖူမိဖတ် ဘွန်ရန်ခေါင်ကို တရားမဝင်လူတွေ ဝင်ရောက်ဖို့ သတင်းရှိတယ်လို့ သတင်းပေး တိုင်ကြားခဲ့တာကြောင့် စောင့်ပြီး ဖမ်းဆီးခဲ့တာပါ။ အခုဆိုရင် ၃ ရက် အတွင်း မြန်မာတွေ ဖမ်းမိတာ လူ ၁၀၀ ကျော်သွားပြီဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲ လုှပ်ရှားမှု ကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

“ ပွဲစားကနေ စွန့်ပစ်လို့ တောထဲမှာ အစာရေစာ ပြတ်လပ်နေတဲ့ တရားမဝင် မြန်မာအလုပ်သမား ၈ ဦးကို ထိုင်းနို်င်ငံတောင်ပိုင်း ရနောင်းပြည်နယ် ကရဘူရီ မြို့နယ်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးမိပါတယ်။ အဲဒီ ၈ ဦးမှာ အမျိုးသားက ရ ဦး၊ အမျိုးသမီးက ၁ ဦး ဖမ်းမိတယ်။ အဲဒီ ၈ ဦးဟာ ရခိုင်ပြည်နယ်က ၅ ရက်လောက် ကားနဲ့ လာကြတယ်။ ကော့သောင်းကနေ မလေးရှားကို သွားကြဖို့ ဖြစ်တယ်။ တဦးကို ပွဲစားခ ထိုင်းဘတ်ငွေ ၇ သောင်းစီ ပေးခဲ့ရတယ်။ တဆက်တည်းမှာပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့နယ် ဧရိယာထဲက တောလမ်းအတိုင်း ဝင်လာတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၄၉ ယောက်ကိုလည်း မဲဆိုင်ထဲက တောထဲက အိမ်တလုံးမှာ ဖမ်းမိပါတယ်။ ပရာကျွတ်ခီရီကန် ပြည်နယ်ထဲမှာ တရားမဝင် ၃၀ ယောက်ကိုလည်း ဖမ်းမိပါတယ်။ အောက်တိုဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့- ၃ရက်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၁၁၂ ဦး ကို ဖမ်းဆီးရမိပါတယ်။ ”

မလေးရှားကို သွားဖို့ အတွက် လာကြသူတွေဟာ ထိုင်း-မလေး နယ်စပ်မှာရော ထိုင်းတောင်ပိုင်းမှာပါ ဆက်တိုက်ဖမ်းမိနေကြောင်း၊ အောက်တိုဘာလ ၁၁ ရက်နေ့ ကလည်း အမှတ် (၂၅) ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ဖမ်းမိတာတွေ ရှိနေတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးကလည်း အခုလို ပြောပါတယ်။

“ သူတို့က ကော့သောင်းကနေ ဝင်လာတာ သူတို့က မလေးရှား သွားမယ်ဆိုပြီး ဝင်လာတာ။ ပွဲစားခက တယောက်ကို ၃သောင်းလို့ သိရတယ်။ ဒါပေမယ့် အာဏာပိုင်တွေက သတင်းကြိုရတဲ့အတွက် ကင်းလှည့်ပြီး စောင့်ကြည့်တဲ့အချိန် အဲဒီကားကို တွေ့ တော့ ဖမ်းဆီး စစ်ဆေးချိန်မှာ ၁၁ ယောက်ကို မိတယ်။ မလေးရှားမှာလည်း အဲဒီလို သတင်းတွေကြားတယ်။ ကျနော်တို့က မလေးရှားဘက်ကို အလှမ်းဝေးတော့ ဒီဘက်ခြမ်းမှာ ဖမ်းမိတာဘဲ သိရတယ်။ ”

အခုဆိုရင် ၂၀၂၂ ခုနှစ် နှစ်စပိုင်းက စပြီး မြန်မာတွေ အစုလိုက်အပြုံလိုက် ဖမ်းမိတာ သောင်းဂဏန်းနဲ့ ရှိပြီ ဖြစ်ပါတယ်။ နေ့စဉ်လည်း နေရာအနှံ့ ရာဂဏန်းနဲ့ ဖမ်းမိနေပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ တွေကို အလုပ်လုပ်ခွင့်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပြီးတဲ့ နောက်မှာတော့ အထောက်အထားမဲ့ မြန်မာတွေ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနေပြီး ဖမ်းမိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)









XS
SM
MD
LG